Aug 16, 2012

ချစ်သူ့သစ်ပင်

ငှက်ကလေးရဲ့…
ဟုတ်တယ်။
ငှက်ကလေး နဲ့ ကိုယ် လို သစ်ပင်တစ်ပင်ရဲ့ပန်းချီကားတစ်ချပ်ပဲလေ။
သူ့ကိုလေ ……၊ငှက်ကလေးလို မဖြစ်စေချင်ဘူး။
                    သစ်တစ်ပင်လိုလဲ မဖြစ်စေချင်ဘူး။

                  -----------------×--------------------
ငှက်ကလေး နဲ့ ကိုယ်တို့ စတွေ့ကြတယ်။
(တကယ်တော့…)မထင်မှတ်တဲ့ အစွန်းတစ်ဘက်က စတွေ့တာပါ။
ငှက်ကလေးရဲ့ပျံသန်းမှုဟာ သူ့ရဲ့ရုံးကန်မှုပဲ။
အကိုင်းတွေ မဝေသေးတဲ့ ရာသီတစ်ခုမှာ
ရွက်သစ်နုတွေနဲ့လေ။
ကိုယ်က “နေ” ကိုတမ်းတတတ်နေပြီ။(တိတ်တခိုး)
“လ” ကိုလည်း မသိမသာခံစားလို့ပေါ့။
ကိုယ့်ကို ရောင်နီပြေးတွေက မထိတထိ ကျီစားနေပြီ။
ရောင်စုံချယ်ထားတဲ့ နှလုံးသားပိုင်ရှင် ငှက်ကလေးလာတော့
ကိုယ့်ရွက်နုတွေ အိပ်ရာထစ,ပေါ့။
ခပ်စိမ်းစိမ်းဖြစ်နေတဲ့ ရွက်နုတွေ နဲ့ ပုရစ်ဖူးလေးတွေက
မရဲတရဲ နဲ့ ငှက်ကလေးကို ခိုးကြည့်ရှာတယ်။
ငှက်ကလေးလာနားခိုတဲ့အခါ…….များစွာနဲ့
ကိုယ်လက်ခံခဲ့တယ် ။  “သစ်ပင်” မဟုတ်လား။
“ကိုယ် သစ်ရွက်တွေအပေါ် ဂုဏ်ယူလားဟင်”
ငှက်ကလေးက စကားစလာတယ်။
ကိုယ်သစ်ရွက်လေးတွေက ရိုးတံခါးလေးကိုင်းကာ
ခပ်တိုးတိုးလေး ရယ်လို့ပေါ့။
တစ်ခါတစ်ရံ တခစ်ခစ်ရယ်သံလေးများတောင် ထွက်လာတယ်။
လေအဝှေ့မှာ ရွက်ပြားလေးတွေ ဘယ်ညာရမ်းတော့
ငှက်ကလေးက “မဟုတ်ဘူး”လို့ ထင်သွားတယ်။
အဲဒီလို ရွက်ပြားလေးတွေက ငှက်ကလေး နဲ့ ပထမဦးဆုံး ရင်းနှီးပြီး
ပထမဦးဆုံး မသိကျိုးကျွန် ဆောင်သူပါ။
ငှက်ကလေးတွေ မကြာခဏ ပြန်သွားတတ်ပြီး ပြန်လာလေ့ရှိတယ်။
ငှက်ကလေးပြန်သွားတော့
သစ်ရွက်လေးတွေ သူတို့ချင်း အပြုံးမပျက်ပေမယ့်
ငှက်ကလေးရှိရင်ဖြင့် အပြုံးချိုနေတယ်ဆိုတာ သူတို့ချင်း ရင်တွင်းသိ ဖြစ်နေတယ်။
ငှက်ကလေးက တွတ်တီတွတ်တာ စကားဆိုတယ်။
ဟန်ဖို့မာန်ဖို့ နေတတ်တယ်။…ငှက်ကလေးက ကိုယ့်ကို ကြည့်တော့
အဖူးလေးတွေက သွားဖြဲပြီးရယ်ပြတယ်။
ကိုယ့်သစ်ပင်ဘဝမှာ ဒီလိုတစ်ခါမှ စည်းစည်းလုံးလုံး မပျော်ရွှင်ခဲ့ဖူးဘူး။

ဒီလိုနဲ့…. ငှက်ကလေး နဲ့ ကိုယ် ရင်းနှီးလာတယ်။
အခေါက်လေးတွေကို တယုတယ ငေးမောတတ်သလို
အကိုင်းရင်ခွင်ထဲမှာလည်း ခုံခုံမင်မင် မှီနွဲ့တတ်လာတယ်။
ကြာတော့ ကိုယ်လဲလေ ငှက်ကလေးသာ လာပါစေတော့…။
ငှက်ကလေးက အမြဲတစေ လာချင်ပါတယ်တဲ့။
“ကို.. လန်းဆန်တဲ့ အချိန်မှာ သိပ်ကြည့်လို့ကောင်းတာပဲ။
ရင်ခွင်ကျယ်ကြီးဖွင့်ထားတဲ့ ကောင်းကင်ကျယ်ကြီးနဲ့ နှိုင်းချင်တယ်” တဲ့လေ။
ငှက်ကလေးက ခပ်ပိုပိုလေး ပြောတတ်တယ်။
“ကို.. ဆိတ်ငြိမ်တဲ့အချိန်မှာ သိပ်ကြည့်လို့ကောင်း….” သတဲ့။
“တိတ်ဆိတ်နေတဲ့ မြစ်ကြောင်းကောက်ကြီးလို ပုံဖော်ကြည့်ချင်….” သတဲ့လေ။
ငှက်ကလေးက ကိုယ့်ကို “အိုအေစစ်လေး” တစ်ခုလို သဘေားထားလို့ပါ။
သုံးကြိမ်ဖြစ်ရတဲ့ ရာသီလကို ကိုယ်ကသိပ်တိုတယ် ထင်ပေမဲ့
ငှက်ကလေးက….၊ငှက်ကလေးကလေ……။
ကိုယ်လို သစ်တစ်ပင်က(ဖြစ်နိုင်ပါ့မလား.)ကိုယ်က ငှက်ကလေးလို
ကဗျာဆန်ဆန်.. တောင်ပံဖြန့်ပြီး ပျံချင်လိုက်တာ။
တီတီတာတာ ဆိုချင်တာပေါ့။
ဒါပေမယ့်…..
ကိုယ်က ငှက်ကလေးကို ပြန်ခေါ်ပေးပါလို့…သာ။ဟုတ်တယ်။
ငှက်ကလေးက ကိုယ်ဆီကို အရင်လို အကိုင်းရင်ခွင်ထဲမှာ မမှီနွဲ့တော့ဘူး။
“ကို့ ကိုလေ………” တဲ့ ငှက်ကလေးက ဆိုဆဲပါပဲ။
ဆည်းလည်းသစ်ရွက်လေးတွေ ခေါင်းငိုက်စိုက်ကျလို့
ခုတော့လဲ
“နေရောင်”ကို တိတ်တခိုးထက်ပိုပြီး တမ်းတတတ်နေပြီ။
“လရောင်” ကိုတော့ မသိမသာလေးလောက်သာ ခံစားချင်သေးတာ။
ဟုတ်တယ်လေ၊ တကယ်ဆို “လရောင်” ကို မေ့ပစ်လိုက်ချင်ရဲ့။
ငှက်ကလေးက
ဝတ္တရားမပျက် အတောင်လေးခတ် တေးကလေး ဆိုနေဆဲပါ။
ဒါတောင် ငှက်ကလေးက တခြားငှက်ကလေးတွေနဲ့ တူစုံပျံလို့
ကိုယ့်ရင်ခွင်ဘေးက ဖြတ်သန်းသွားလိုက်သေးတယ်။
ငှက်ကလေးရေ….
မိုးသည်းတဲ့ ညတစ်ညမှာ အတောင်ကလေး ရေမစိုပါစေနဲ့…. လို့
                       --------------×--------------------
ငှက်ကလေးရဲ့…
ဟုတ်တယ်။
ငှက်ကလေး နဲ့ ကိုယ် လို သစ်ပင်တစ်ပင်ရဲ့ပန်းချီကားတစ်ချပ်ပဲလေ။
သူ့ကိုလေ ……၊ငှက်ကလေးလို မဖြစ်စေချင်ဘူး။
                    သစ်တစ်ပင်လိုလဲ မဖြစ်စေချင်ဘူး။

မောင်နေပြာ

(မောင်နေပြာ ဆိုတဲ့ ကလောင်ကို စတင်မွေးဖွားပေးခဲ့သော စာတစ်ပုဒ်ပါ)