Aug 29, 2012

ဒရမ်တီးသူကဗျာဆရာ

စိတ်မရှည်စရာတွေ များလွန်းလို့
ဆံပင်အရှည်ကြီးထားရတယ်ဆိုတဲ့ ကဗျာဆရာ
 လူလိုမနေရတာကြာတော့
  လူစိတ်လည်း ပျောက်လုလုဆိုတဲ့ ကဗျာဆရာ
   အဆင်မပြေမှုတွေနဲ့
တရားသဖြင့် နေထိုင်ရတယ်ဆိုတဲ့ ကဗျာဆရာ
…………………………………………………………..
နောက်ဆုံးထွက်သက်ထိ
ရင်ထဲက အမှန်တရားအတွက်
(လက်နက်မချဘဲ)
ကဗျာတိုက်ပွဲဝင်သွားတယ်။
ဒီပရင်္ဂကို
မွေးရပ်မြေအတွက် အမွေပေးသွားတယ်
အမိမြန်မာပြည်အတွက်တော့
မာယာကော့စကီးလို ဒရမ်တီးခတ်သူ
ကဗျာဆရာတစ်ယောက်အဖြစ်
တိကျသေချာစွာ ကမ္မည်းရေးထိုးသွားခဲ့တယ်။

(ကွယ်လွန်သူ ကဗျာဆရာ(ကို)လှသန်းသို့အမှတ်တရ)

ဆေးခါး
ပြုံးစရာ မဂ္ဂဇင်း  ၈/၂၀၁၂