Mar 26, 2013

ညက ညကို စောင့်ကြည့်တဲ့ ညမှာ
ညက ညကို လာနွယ်တယ်
ကြည့်စမ်းပါဦး ......
လမင်းကြီး ဝင်းပနေလိုက်တာ
လရောင်တွေ ရွှမ်းစိုနေလိုက်တာ
သွားစမ်းပါ .....
ညဟာ ညအတိုင်း ရှိဖို့ .....
ညက သေချာရဲ့လား .....
... ခုလား ခဏကြာမှ လား....
မဲနယ်အိုးထဲ ကျသွားတဲ့ အဖြူစက် တစ်စက်လို 

အဘယ်ကဲ့သို့သော တရားက အဲ့ဒီရင်ဘက်ထဲ ရောက်နိုင်ဦး မလဲ
ခင်ဗျား အတွက် လွယ်ကူရာလွယ်ကူကြောင်းအတွင်း အဇ္ဇျတ္တ ကိုယ်စီမှာ
စနက်တံ ကိုယ်စီ တပ်ပေးပြီးသား
မတို့မှီကတည်းက လှောင်မြိုက်ပြီးသား
မဖျက်ခင်ကတည်းက ပျက်သုန်း ပြီးသား
ပိုးဖလံ မျိုးမို့ မီးကိုတိုးတာ မဆန်းပေမယ့်
သုဿန် တစ်စပြင်ဖြစ်မှ အရှင်သခင် လုပ်ခွင့်ရမှာ ဆန်းတယ်
ဘယ် စကားလုံး အရိုင်းတွေနဲ့ ပစ်ပေါက်ပြီး
ဘယ်သို့သော တရားတွေနဲ့ မျက်ကွယ်ပြုရမလဲ
ခုတော့
ညက ညကို အထိတ်တလန့် စောင့်ကြည့်လို့
ညက ညအတိုင်း မနေဝံ့ပဲ
လူကို လာနွယ် နေတယ်။

မှူးဆက်ပိုင်

Mar 17, 2013

ပြင်ဦးလွင်အလွမ်း

တောင်တက်လမ်းမြွေလိမ်မြွေကောက်
ချောက်ကမ်းပါးနဲ့မြူခိုးဝေရှုခင်း
ထင်းရူး၊ချယ်ရီ နဲ့ စိမ်ပန်းပြာ
ဆွယ်တာထူထူဝတ်ထားရတဲ့ အအေးဓာတ်
အဲဒါတွေပေါင်းစပ်လိုက်ရင်
မထင်မှတ်ဘဲ ၀ိုင်တစ်အိုးဖြစ်သွားတယ်။
တောင်ပေါ်မြို့လေးကိုယ်တိုင်
အဲဒီဝိုင် တမြမြ
ရီဝေေ၀ စကားတဖွဖွနဲ့
ဧည့်စိမ်းကို ပေးသောက်လို့….
နှစ်မြို့ပြီဆိုမှ
နှစ်မချို့တဲ့ အကြောင်းပြချက်နဲ့
ဝိုင်းအိုးကို ၀ှက်ထားလိုက်တော့တာ။ ။

 ရိုးကိုလေး

Mar 16, 2013

ခို

တမာတွေဖူးပြီနော်
ညည သီချင်းဆိုညဉ်းတာ အစ်ကိုလားတဲ့။
သူငယ်ချင်တွေက တအားစတယ်
ငွေတောင်နားက ခိုတွေလိုပဲတဲ့
     သိပ်ညဉ်းတာပဲနော့
     စားမေးပွဲနီးမှ စာကူးပြင်(ချင်)။


မင်းစစ်အိမ် (
(ခိုတွေက ညဉ်းတတ်တယ်လို့ ဆိုတာပဲ)

Mar 15, 2013

---------------------------

“အထီးကျန်တာလေးကို ခဏပေါင်ထားပါရစေ
   ကျွန်တော်ချစ်သူလာရွေးမှာပါဗျာ”
      စိတ္တညတွေ ထည်လဲတွဲနေရပေမယ့်……..
      ချစ်သူမနက်ခင်း လက်လေးကနွေးမှာပါ…။
           “ချစ်တယ်”လို့ မပြောခဲ့ပေမယ့်………….
           “စောင့်ပါ”လို့ မပြောခဲ့ပေမယ့်………….
မျှော်လင့်ချက်မဲ့တဲ့ကောင်းကင်ပေါ်က
ကြယ်ကြွေလေးတစ်ဖဲ့ ကျလာရင်ကိုပဲ
အဲဒါ…..........ကျွန်တော်ချစ်သူပေါ့………………။
            ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်ခဲ့တုန်းက…….။
            နီရိုးဘုရင် တယောထိုးမပျက်ခဲ့ဘူးတဲ့။
            ကျွန်တော်ရင်တစ်ခွင်လုံး…..
            မီးဟုန်းဟုန်းတောက်မဆုံးလည်း
           ဂစ်တာတီးတာ…..ကျွန်တော်မပျက်ခဲ့ဘူး။
ချစ်သူလာရင်တော့……
သူကြောင့် ရေးထားတဲ့…
အသည်းကွဲသီချင်းတွေ သက်သေရှိမယ်လေ။
ချစ်သူပြောခဲ့တယ်………….
 “အသည်းကွဲသူများ ပြည့်နှက်နေသော ကမ္ဘာ” တဲ့
 “ဖူးစာဆိုတာ………….. ဦးရာလူ” တဲ့
             ဘာပဲဖြစ်ဖြစ်……
            ပြေးရင်း ၊ လွှားရင်း ပါပဲလေ….
            ပထမ,မရလည်း……
           (ကြိုဆိုမယ့်သူမရှိလည်း)
            ပန်းဝင်ချင်ပါသေးတယ် ချစ်သူရယ်……..။

                                                                             ကျော်ဇောလွင်
 ၁၃-၈-၂၀၀၂ ((((((
(ကဗျာခေါင်းစဉ်ကို ချစ်သူကပေးပါလိမ့်မယ်…………..)

ရွေးချယ်ခွင့်

အရိပ်ဆိုတာ
ခိုဝင်လာသူ
လူထိုထိုတို့
ရင်ကိုအေးမြ
နွမ်းလျှပြေ။

အရိပ်ဆိုတာ
ခိုဝင်လာသူ
လူထိုထိုတို့
ရင်ကိုစိုးမိုး
ကြောက်စိတ်တိုးစေ
ခြိမ်းခြောက်နေ။

အရိပ်ဆိုတာ
ချိန်ခါထုထည်
ပိုင်ရှင်ရယ်ရှိ
သင်သိပါစေ
ခိုတတ်စေ။

မောင်နေမင်း(ရွှေတောင်)

ကစားဖော်တွေ လိုချင်တယ်

အဖော်တွေကို ပြန်ခေါ်လို့ မရတော့ဘူးလား
မျက်လုံးထဲက အကြိမ်ကြိမ် သင်ယူနေရ မျက်နှာတွေများ
လာခေါ်နေကျ လက်တွေလည်း ရေစီးထဲပါသွားတယ်
အရှေ့ပိုင်းက ဖိုးတွတ်တို့တစ်တွေကော
ဒီနှုန်းမြေတွေ ပေါ်ထွက်လာတာမြင်တိုင်း ကြောက်လန့်စိတ်တွေ ၀င်လာတယ်။
ငါရဲ့အတွေးမှာ အလွန်ခိုင်မာတဲ့ ရွာလယ်က မကျည်းပင်ကြီးကော
ငါက တူတူပုန်းတိုင်းကစားရင်း နက်ဝှက်ထားခံခဲ့ရတာလား
ဒီအချိန်ထိ သူတို့တစ်တွေ လေငြိမ်လို့လည်း ပုန်းနေတဲ့နေရာက ထွက်မလာ
မြေကြီးတွေ ပျော့အိအိနဲ့အိမ်မက်မက်တာတော့ မဟုတ်လောက်ဘူး
ပျင်းလာတယ် ပြန်အိမ်လိုက်ဦးမယ်
ကျွန်တော်စိတ်ထဲမှာ ၀မ်းနည်းနေမိသလိုလို ဝေခွဲရခက်နေတယ်
အိမ်ဆိုတာ လဟာပြင်ထဲက သစ်ဆွေးအစအနတွေ မဟုတ်သေးဘူး
ကျွန်တော့် ညီ နဲ့ ညီမလေးတွေကော ဘယ်နားသွားကစားနေလဲ
အဖေနဲ့အမေရော လယ်ထဲ အတူတူ ဆင်းသွားတာလား
စကားပြောသံတွေ နားထဲကြားနေရတယ်
ကျွန်တော်တွေးမရတဲ့ လေဟာ
ကျွန်တော်အရေပြားကိုပါ ဖြဲဆောင့်လို့
ဘာကြောင့် သူတို့ ကျွန်တော်ကို မငိုဖို့ပြောနေတာလဲ
လူခပ်စိမ်းစိမ်းတွေကလည်း ဘာလို့ကစားစရာတွေ၊မုန့်တွေ လာပေးနေရတာလဲ
မပျော်နိုင်ဘူး ရင်တွေပူလာတယ်။
ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့
သွားနေကျနေရာတွေ ရွှံ့ဖြစ်
ရောက်နေကျ နေရာဆို မျက်လုံးထဲ ၀ဲလာခဲ့မျက်ရည်တွေ
သူတို့နဲ့ ရန်ဖြစ်လို့လည်း မရတော့ဘူးလား
မြင်ကွင်းထဲမှာ ကြည့်ခဲ့ဖူးတဲ့ စိတ္တဇလူသတ်သမားကား
စိတ်ကူးးတွေကိုလည်း ထုတ်ကြွားမရ
မြေပျော့ပျော့လေးထဲ ကျွန်တော်ခြေရာသေးသေးလေး စူးနစ်ဝင်
ကျွန်တော်မှာ အရုပ်တွေအများကြီးပဲ
ဒါပေမဲ့
မေမေရေ တကယ်ကို ပျင်းနေပါပြီ။   ။

မျိုးညိမ်းဇော် 


ဘိုကလေးမြို့နယ် မုန်းတိုင်းကြီးကျေးရွာမှ မောင်ကျော်ကျော်လင်းသို့ အမှတ်(၅)၊စက်တင်ဘာလ၊၂၀၀၈၊စပယ်ဖြူမဂ္ဂဇင်း

လူစက်ဝိုင်း

အဖြူရောင်ဆိုတာ
သဘာဝပေမဲ့
လူတွေရဲ့ သတ်မှတ်ခြင်း
အပြစ်ကင်း အညစ်ကင်း
စင်ကြယ်ခြင်းတဲ့။ 

အဖြူမှာ
အပြာဆိုးရင် “ပြာ”
အ၀ါဆိုးရင် “၀ါ”
“ဆိုး”ရာလိုက်ဖြစ်တတ်။

စက်ဝိုင်း၊
လူစက်ဝိုင်း
အဖြူမပါ
နီမော်ဝါစိမ်းပြာမဲခရမ်း
ခပ်ဆန်းဆန်းတို့ ဆက်စပ်
အဆက်မပြတ် “လှည့်”
အဆက်မပြတ် “လည်”
မွှတ်နေအောင် “လည်” နေသမျှ
အဖြူရသဗျနော်။

ဆုပ်ထားတဲ့ အတ္တ
ဖြေချပြီးလက်တွဲ
ရဲရဲရေး၊ ရဲရဲတွေး
အပေးအယူ၊ အလျှော့အတင်း
ဖြစ်သင့်ခြင်း၊ ဖြစ်နိုင်ခြင်း
ရင်တွင်းမှာထည့်
ချစ်ခြင်းနဲ့ဆို
အမုန်းကို အဆုံးသတ်
အားလုံးနဲ့အတူတူ
ဒို့ တကယ်ဖြူကြမယ်လေ။

မောင်နေမင်း(ရွှေတောင်)

တော်ပါတော့တွေက တန်ပါတော့လို့ ပြောလိုက်တဲ့အခါ တန်ပါတော့တွေက တော်ပါတော့လို့ ပြန်ပြောကြတယ်

ကျုပ် ကဗျာမရေးဖြစ်တာကြာပြီ၊ ကျုပ် ကဗျာရေးလို့မရဘူး၊
ကျုပ် ဒီနေ့ ကဗျာရေးဖြစ်အောင် ရေးရမယ်၊ ဟုတ်တယ်၊
ကဗျာတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးရမယ်၊
ကဗျာရေးဖို့ အစရှာမရရင် တွေ့တဲ့နေရာက စရေးပစ်လိုက်မယ်၊
ဟော...စတွေ့ပါပြီ၊ ဆရာမောင်ပြည့်မင်း၊
နောင် မြန်မာကဗျာလေ့လာတဲ့သူတွေဟာ ခေတ်ပေါ်ကဗျာကိုချန်ထားလို့ မရဘူး၊
ဒီတစ်ခုတည်းနဲ့တင် ကျေနပ်တယ်ဆိုတဲ့ မော်ဒန်ကဗျာဂုရုကြီး ဆရာမောင်ပြည့်မင်းရဲ့စကား၊
' ကဗျာဆရာတစ်ယောက်ဟာ ကဗျာကောင်းတစ်ပုဒ်ကို ရေးနိုင်ဖို့ဆိုရင် သူ့သွေးထဲမှာ ကဗျာရေးချင်စိတ် ပွက်ပွက်ဆူနေရပါ့မယ်၊ ကဗျာအသစ်တစ်ပုဒ် ဖြစ်စေချင်တဲ့ဆန္ဒက ဒီးဒီးထနေရပါ့မယ်၊ ဒီလိုမှမဟုတ်ရင်တော့ မရေးတာသာ အကောင်းဆုံးပါပဲ ' တဲ့၊
ဟော...တွေ့ပြန်ပြီ၊ အန်စာတုံးလို အနုပညာမျက်နှာ ခြောက်ဘက်လောက်ရှိသူ၊
ဘုရားသခင်ရဲ့လက်က လွတ်ကျခဲ့သူ ဆရာသစ္စာနီရဲ့ ထင်ရှားတဲ့စကား၊
' ကဗျာဆိုတာ ဒါးတန်းဘိလပ်ရည်လို တန်းစီထုတ်လို့ရတာမျိုးမဟုတ်ဘူး'တဲ့၊ တစ်စရတာနဲ့ နောက်ထပ်တစ်စပြီးတစ်စပဲ၊ ထပ်တွေ့ပြန်ပြီ၊ ဒုတိယထင်းရှူးပင်ရိပ်(LP)နဲ့မော်ဒန်ကဗျာလောကကို အုတ်အုတ်ကျက်ကျက် အုန်းအုန်းကြွပ်ကြွပ် ဖြစ်စေခဲ့တဲ့ ဆရာဇေယျာလင်းရဲ့စကား၊
' ဘ၀မှာ တန်ဖိုးရှိတာမှန်သမျှ အလွယ်တကူ မရနိုင်ဘူးဆိုတာကိုလက်ခံရင် ကဗျာကိုလည်း အလွယ်တကူ မရနိုင်ပါဘူး' တဲ့၊ 
ကဗျာရေးတာပဲ၊ ဒီလောက်ခက်လို့လား၊ ရေးချင်စိတ်ရှိမှ ရေးရမှာလား၊ 
တစ်ချို့ဆရာတွေတောင် ကဗျာတွေ တပြွတ်ပြွတ်မွေးထုတ်နေတာပဲ၊ 
ကျုပ် ကဗျာမရေးဖြစ်တာကြာပြီ၊ ကျုပ် ဒီနေ့တော့ ကဗျာတစ်ပုဒ် ရေးဖြစ်အောင်ရေး...ရေး...၊ 
' .....အလုပ်လုပ်ပါ၊ စာများများရေးပါတဲ့၊ သူက စာရေးတာကို ကုန်ပြေးထမ်းတာမျိုး ထင်နေလားမသိဘူး၊ စိတ်ထဲ ထောင်းခနဲဖြစ်သွားတယ်၊ အုတ်ခဲကောက်ကိုင်ပြီး ဆံပင်ဆွဲ၊ နဖူးကို ထုထည့်လိက်တယ်၊ .....မှတ်ကွာ' တဲ့၊ ဘယ်သူပြောဖူးတဲ့ စကားပါလိမ့်၊ 
ဟစ်ဟော့သီချင်းစာသားတွေလို နားထဲ ဆောင့်ဝင်လာတယ်၊ သိပြီ၊ 
လက်ဖြတ်ကြေး စာပြိုင်ရေးမယ်ပြောဖူးတဲ့ ဆရာကြူးနှစ်ရဲ့ စကားပဲ၊ 
ကဗျာရေးဖြစ်အောင်ရေးမယ်ဆိုတဲ့ ကျုပ်ရဲ့စိတ်တွေ တွန့်သွားတယ်၊ တန့်သွားတယ်၊ဟုတ်တယ်၊
ခြေတတ်နေတဲ့ ဥသာယူနိုက်တတ်က ခြေစွာနေတဲ့ ကဗျာရှေ့တန်းတိုက်စစ်မှူး ဆရာမောင်ဖီလာကလည်း ကျုပ်လိုကောင်တွေအတွက် ကဗျာရေးခဲ့ဖူးတာပဲ၊ ဘာတဲ့.....
' အနုပညာဆိုတာ
အမဲလိုက်ခွေးရှေ့က သားကောင်လို
ဗြောင်းဆန်အောင် ရွေ့လျားနေဖို့မှ မဟုတ်တာ
မင်းခါချလိုက်တဲ့ချွေး တစ်စက်တည်းပဲဖြစ်ပစေ
အသံမြည်စေရမယ်တဲ့ ' တဲ့ ၊
ကျုပ် ရှက်ကိုးရှက်ကန်းဖြစ်မိတယ်၊ တော်ပြီ...တော်ပြီ၊ ဒီနေ့ ကျုပ် ကဗျာရေးဖြစ်အောင် ရေးမယ်ဆိုတဲ့စိတ်ကူးကို စွန့်လွှတ်လိုက်ပါပြီ။

ဆေးခါး
14.3.2013
1:45 AM ( TDGI)

လက်ကျန်မိနစ်တွေနဲ့ဘာမဆိုမျှော်လင့် လို့ရတာပဲ

လက်ကျန်မိနစ်တွေနဲ့ဘာမဆိုမျှော်လင့် လို့ရတာပဲ
ဘုရားစင်ပေါ်မှာပူဇော်ထားတဲ့အမွှေးတိုင်လေးငြိမ်းတော့မယ်
ဘုရား၊တရား၊သံဃာကယ်တော်မူကြပါဗျာ
စကားသံအဆုံးမှာ
အမွှေးတိုင်ထိပ်ကကွေးကောက်နေတဲ့ပြာစတွေကြွေကျသွားတယ်။
စစ်ကလည်းစစ်မလို့
နေရာကလည်းနေရာမလို့
စာအုပ်တစ်အုပ်လုံးမှာလည်းအဆင်မပြေတာတွေချည်းရေးခဲ့လို့
ဒီနေ့နောက်ထပ်စာအုပ်အသစ်တစ်အုပ်ထပ်ပြီးထုတ်ခဲ့ပါတယ်။
ငါပာာမီးကူးလွယ်တဲ့လောင်စာသုံးမရတဲ့ငွေစက္ကူ
စစ်ပြီးခေတ်ကလည်း
ဘာမှမမြင်ရတဲ့ရုပ်ရှင်
ဘာမှမကြားရတဲ့သီချင်း
အခင်းအကျင်းမရှိတဲ့လောကထဲ
ဘာကိုများမျှော်လင့်လို့ရမှာလဲ။
သံသရာကဘယ်လိုလည်လာမှာလဲ။
အရာရာဟာလဝန်းပမာကြာပန်းပမာ
ဂျက်ချလို့မရတဲ့အခန်းထဲကနေ
တိုင်းပြည်အတွက်လက်ကျန်မိနစ်တွေနဲ့
ဘာကိုများမျှော်လင့်လို့ရလည်းဆိုတာ
စောင့်ကြည့်လိုက်ပါအုံးမယ်။ ။

ထွဏ်းသွေးအိမ်

Mar 11, 2013

ပဲကြီး

သွားလေသူဆရာဝန်ကြီးက
စိတ်ချပါရစေ
ငါ့သားလို့မင်းကိုတဖွဖွမှာတယ်။

သွားဆရာဝန်မင်းက
သွားတွေအကြောင်း
ဘယ်လောက်သိလည်းငါမသိပေမဲ့
ကဗျာတွေအကြောင်း မင်းအများကြီးသိတယ်ဆိုတာငါသိတယ် 

အိပ်ရာအောက်မှာလွယ်အိပ်ထဲမှာမင်းရင်ထဲမှာကဗျာတွေချည်းပဲ။
မင်းအိမ်လာတော့တကယ်ကိုက်မယ်ထင်တဲ့ခွေးအကြီးကြီးကမကိုက်ဘဲခြံထောင့်မှာ
ငြိမ်နေတဲ့ခွေးသေးသေးလေးကငါ့ကိုကိုက်တယ်
မင်းမျက်လုံးတွေဟာအမြဲတွေဝေလို့
မင်းအမေနဲ့မင်းညီမလေးကိုမင်းဘာကတိတွေပေးထားတာလဲ
ဘဝဆိုတာမင်းကုတင်ခြေရင်းမှာပုံနေတဲ့army rum ပုလင်းတွေကိုကြည့်
အဲဒီပုလင်းတွေကမင်းအဖေကိုမင်းတို့နဲ့ခြားပစ်လိုက်တာပဲ
ဒါလည်းမင်းထပ်သောက်တယ်။
မင်းမပြောတာနှစ်ခုရှိတယ်၁။ ချစ်ခြင်းမေတ္တာ၂။ သွားတွေအကြောင်း
မင်းခဏခဏပြောတာနှစ်ခုရှိတယ်၁။ ပိုတ်ဆံမရှိခြင်း၂။ဘော်လုံးပွဲတွေ။
မင်းစီးနေတဲ့ဆိုင်ကယ်လိုမင်းဘဝကိုနှေးနှေးမသွားနဲ့
ပဲကြီးမင်းလက်မောင်းကိုမင်းအမေကခိုချင်နေပြီ
မင်းလစာကိုမင်းညီမလေးကလိုချင်နေပြီ
အခုမင်းတို့လမ်းလေးကောင်းသွားသလို
မင်းကိုလည်းဒီထက်ပိုပြီးကောင်းစေချင်တယ်။
မိုးရင့်ကြယ်ဆိုတာမိုးကောင်းကင်ထဲမှာရင့်ကျက်နေတဲ့ကြယ်တစ်စင်းဆိုတာ
စာရွက်ပေါ်မှာရောလက်တွေ့ဘဝမှာရောမင်းလုပ်ပြလိုက်တော့ ရာဇာ။ ။

ထွဏ်းသွေးအိမ် 


ကဗျာဆရာမိုးရင့်ကြယ်မွေးနေ့ အမှတ်တရ။

Mar 9, 2013

ကမ္ဘာကြီးမှာတိုထားရမဲ့မင်နီတွေ


အလုံးလိုက် အထွေးလိုက်တီထွေးကြီး
ဘယ်သူနာမည်နဲ.ရမ်းကားနေပါ.
ငါက  ပြည်သူ
ခုအာဏာရှိသူ
မကြေတဲ့ကမ္ဘာကိုချေချင်သူ
အောက်လက်ငယ်သားဖြစ်နေတဲ့အုပ်စိုးသူ
ငါအခု
ကြေကွဲ
ငါအခုခံစား
ငါအသံလွှတ်တော်မရောက်ပဲလမ်းဘေးရောက်နေတယ်
ငါတင်တဲ့မျောက်ငါမလန့်ချင်ဘူး
ငါဇာတ်လမ်ကအမြဲတမ်းဆင်းရဲသားလား
အမြဲတမ်းတော်လှန်ရေးသမားလား
ဘယ်သူပြောတာမှမခံ
ငါကလူညံ့မဟုတ်။   ။
                  

တိုးနှောင်မိုး

Mar 4, 2013

ဝါကျတစ်ကြောင်းရဲ့ ခရမ်းရောင်(၃)

ရွာပြီဆိုကတည်းက မိုးမှန်းသိတဲ့ကောင်ပါ
မြစ်လို ပင်လယ်လို စီးဆင်းမပေးနိုင်ခဲ့တာက လွဲလို့

အဓိပတိလမ်း ရေတံမာတန်းမှာ
ချစ်သူတွေရဲ့ မဟာအနမ်းလည်း ရှိဦးမယ်

ရေနံ့သာမလေး အဆောင်ဘေးမှာ
ကြွေချင်တဲ့ကြယ် တေးလည်း ရှိဦးမယ်

နှစ်ဆယ့်လေးနာရီ အဆောင်မှူးမှာ
ကော်ပီမကူးရတဲ့ လက်မှတ်တွေလည်း ရှိဦးမယ်

စာသင်ခန်းနောက်ဆုံးတန်းမှာ
ပင်ပန်းလို့ကို မ၀နိုင်တဲ့သူတွေလည်း ရှိဦးမယ်

ညစာစားပွဲနံရံကပ်မှာ
မောင်နေပြာရဲ့အန်ဖတ်တွေလည်း ရှိဦးမယ်

ရှုထောင့်ကဖီး ကိုထွန်းမောင်မှာ
အိမ်တဆောင်မီးတပြောင် အပေါင်လက်မှတ်တွေလည်း ရှိဦးမယ်

န၀င်းသူအဆောင်ဝမှာ
တောင်စဉ်ရေမရ တန်းစီနေကြသူတွေလည်း ရှိဦးမယ်

ကောက်ညှင်းနွေး နံနက်ခင်းမှာ
အထွက်ကျဆင်းမဲ့ လယ်ကွက်တွေလည်း ရှိဦးမယ်

အခန်းနံပါတ်သုံးဆယ့်ခြောက်မှာ
ဟိုးတုန်းက မီးတောက်တွေလည်း ရှိဦးမယ်

ရွာပြီဆိုကတည်းက မိုးမှန်းသိတဲ့ကောင်ပါ
ခရေလို စပယ်လို ပွင့်မပေးနိုင်ခဲ့တာက လွဲလို့

အက္ခရာနဲ့ နှိုး
ခေါင်းလောင်းကိုတော့
ထိုး ခဲ့တယ်။ ။


သုသစ်