အဖြူရောင်ဆိုတာ
သဘာဝပေမဲ့
လူတွေရဲ့ သတ်မှတ်ခြင်း
အပြစ်ကင်း အညစ်ကင်း
စင်ကြယ်ခြင်းတဲ့။
အဖြူမှာ
အပြာဆိုးရင် “ပြာ”
အဝါဆိုးရင် “ဝါ”
“ဆိုး”ရာလိုက်ဖြစ်တတ်။
စက်ဝိုင်း၊
လူစက်ဝိုင်း
အဖြူမပါ
နီမော်ဝါစိမ်းပြာမဲခရမ်း
ခပ်ဆန်းဆန်းတို့ ဆက်စပ်
အဆက်မပြတ် “လှည့်”
အဆက်မပြတ် “လည်”
မွှတ်နေအောင် “လည်” နေသမျှ
အဖြူရသဗျနော်။
ဆုပ်ထားတဲ့ အတ္တ
ဖြေချပြီးလက်တွဲ
ရဲရဲရေး၊ ရဲရဲတွေး
အပေးအယူ၊ အလျှော့အတင်း
ဖြစ်သင့်ခြင်း၊ ဖြစ်နိုင်ခြင်း
ရင်တွင်းမှာထည့်
ချစ်ခြင်းနဲ့ဆို
အမုန်းကို အဆုံးသတ်
အားလုံးနဲ့အတူတူ
ဒို့ တကယ်ဖြူကြမယ်လေ။
မောင်နေမင်း(ရွှေတောင်)