Mar 15, 2013

ကစားဖော်တွေ လိုချင်တယ်

အဖော်တွေကို ပြန်ခေါ်လို့ မရတော့ဘူးလား
မျက်လုံးထဲက အကြိမ်ကြိမ် သင်ယူနေရ မျက်နှာတွေများ
လာခေါ်နေကျ လက်တွေလည်း ရေစီးထဲပါသွားတယ်
အရှေ့ပိုင်းက ဖိုးတွတ်တို့တစ်တွေကော
ဒီနှုန်းမြေတွေ ပေါ်ထွက်လာတာမြင်တိုင်း ကြောက်လန့်စိတ်တွေ ဝင်လာတယ်။
ငါရဲ့အတွေးမှာ အလွန်ခိုင်မာတဲ့ ရွာလယ်က မကျည်းပင်ကြီးကော
ငါက တူတူပုန်းတိုင်းကစားရင်း နက်ဝှက်ထားခံခဲ့ရတာလား
ဒီအချိန်ထိ သူတို့တစ်တွေ လေငြိမ်လို့လည်း ပုန်းနေတဲ့နေရာက ထွက်မလာ
မြေကြီးတွေ ပျော့အိအိနဲ့အိမ်မက်မက်တာတော့ မဟုတ်လောက်ဘူး
ပျင်းလာတယ် ပြန်အိမ်လိုက်ဦးမယ်
ကျွန်တော်စိတ်ထဲမှာ ဝမ်းနည်းနေမိသလိုလို ဝေခွဲရခက်နေတယ်
အိမ်ဆိုတာ လဟာပြင်ထဲက သစ်ဆွေးအစအနတွေ မဟုတ်သေးဘူး
ကျွန်တော့် ညီ နဲ့ ညီမလေးတွေကော ဘယ်နားသွားကစားနေလဲ
အဖေနဲ့အမေရော လယ်ထဲ အတူတူ ဆင်းသွားတာလား
စကားပြောသံတွေ နားထဲကြားနေရတယ်
ကျွန်တော်တွေးမရတဲ့ လေဟာ
ကျွန်တော်အရေပြားကိုပါ ဖြဲဆောင့်လို့
ဘာကြောင့် သူတို့ ကျွန်တော်ကို မငိုဖို့ပြောနေတာလဲ
လူခပ်စိမ်းစိမ်းတွေကလည်း ဘာလို့ကစားစရာတွေ၊မုန့်တွေ လာပေးနေရတာလဲ
မပျော်နိုင်ဘူး ရင်တွေပူလာတယ်။
ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့
သွားနေကျနေရာတွေ ရွှံ့ဖြစ်
ရောက်နေကျ နေရာဆို မျက်လုံးထဲ ဝဲလာခဲ့မျက်ရည်တွေ
သူတို့နဲ့ ရန်ဖြစ်လို့လည်း မရတော့ဘူးလား
မြင်ကွင်းထဲမှာ ကြည့်ခဲ့ဖူးတဲ့ စိတ္တဇလူသတ်သမားကား
စိတ်ကူးးတွေကိုလည်း ထုတ်ကြွားမရ
မြေပျော့ပျော့လေးထဲ ကျွန်တော်ခြေရာသေးသေးလေး စူးနစ်ဝင်
ကျွန်တော်မှာ အရုပ်တွေအများကြီးပဲ
ဒါပေမဲ့
မေမေရေ တကယ်ကို ပျင်းနေပါပြီ။   ။

မျိုးညိမ်းဇော် 

ဘိုကလေးမြို့နယ် မုန်းတိုင်းကြီးကျေးရွာမှ မောင်ကျော်ကျော်လင်းသို့ အမှတ်(၅)၊စက်တင်ဘာလ၊၂၀၀၈၊စပယ်ဖြူမဂ္ဂဇင်း