Jul 23, 2013

ငါ ... အသံတွေဝင်နေလို့ပါ

တိတ်ဆိတ်မှုဟာ ခွေခေါက်လို့
ပြတင်းနားက နေရောင်ကို ခပ်သောက်လိုက်တယ်
ကမ္ဘာလောကကို ချောင်းကြည့်ဖို့
ဒါမှမဟုတ်
ဘုရားသခင် ၊ ကမ္ဘာလောက
ချစ်ခြင်းမေတ္တာ ၊ သဘာဝပတ်ဝန်းကျင်
လူသားမျိုးတုံးခြင်းပြဿနာများနဲ့
တစ်ခြားအရေးတကြီး စကားလုံးတချို့ကို
ယာယီ အနားပေးထားဖို့
ငါ့ရဲ့အနီးအနား ငါ့ရဲ့အကျို့အကြား
ရာသီကုန် လျော့ဈေးဆိုလားကွာ
အသံဗလံတွေ တိုးဝင်လာပြန်တယ်
ငါကပဲ ဖိတ်ခေါ်ခဲ့တာလား
အလင်းနှစ်တွေကပဲ နောက်ကျခဲ့တာလား
လူသံတွေကလွဲရင် အသံဗလံအားလုံး ...
နေရာတကျ အထားအသိုမှန်မှန် စီစဉ်နေမိ
ခပ်သဲ့သ့ေဲ တာ့ကြားမှာပါ
ရင်ဘတ်ထဲက လာတာမဟုတ်ဘူး
ပါးစပ်ဖျားက
လျှာခင်နားက
တိုးဝှေ့ထွက်လာတ့ ဲ အသံဗလံ ..
ဝူးဝူးဝါးဝါး .. ဒါမှမဟုတ် ဖယ်ထုတ်ခံထားရတဲ့
သန်းခြောက်ဆယ်တန် အသံတုအသံကြောင်
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ယားယံနေတဲ့ လည်ချောင်းတစ်လျှောက်
ငါ့အသံကို ငါမမှတ်မိတော့ဘူး


မင်းစစ်အိမ်