ကျုပ် ကဗျာမရေးဖြစ်တာကြာပြီ၊ ကျုပ် ကဗျာရေးလို့မရဘူး၊
ကျုပ် ဒီနေ့ ကဗျာရေးဖြစ်အောင် ရေးရမယ်၊ ဟုတ်တယ်၊
ကဗျာတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးရမယ်၊
ကဗျာရေးဖို့ အစရှာမရရင် တွေ့တဲ့နေရာက စရေးပစ်လိုက်မယ်၊
ဟော...စတွေ့ပါပြီ၊ ဆရာမောင်ပြည့်မင်း၊
နောင် မြန်မာကဗျာလေ့လာတဲ့သူတွေဟာ ခေတ်ပေါ်ကဗျာကိုချန်ထားလို့ မရဘူး၊
ဒီတစ်ခုတည်းနဲ့တင် ကျေနပ်တယ်ဆိုတဲ့ မော်ဒန်ကဗျာဂုရုကြီး ဆရာမောင်ပြည့်မင်းရဲ့စကား၊
' ကဗျာဆရာတစ်ယောက်ဟာ ကဗျာကောင်းတစ်ပုဒ်ကို ရေးနိုင်ဖို့ဆိုရင် သူ့သွေးထဲမှာ ကဗျာရေးချင်စိတ် ပွက်ပွက်ဆူနေရပါ့မယ်၊ ကဗျာအသစ်တစ်ပုဒ် ဖြစ်စေချင်တဲ့ဆန္ဒက ဒီးဒီးထနေရပါ့မယ်၊ ဒီလိုမှမဟုတ်ရင်တော့ မရေးတာသာ အကောင်းဆုံးပါပဲ ' တဲ့၊
ဟော...တွေ့ပြန်ပြီ၊ အန်စာတုံးလို အနုပညာမျက်နှာ ခြောက်ဘက်လောက်ရှိသူ၊
ဘုရားသခင်ရဲ့လက်က လွတ်ကျခဲ့သူ ဆရာသစ္စာနီရဲ့ ထင်ရှားတဲ့စကား၊
' ကဗျာဆိုတာ ဒါးတန်းဘိလပ်ရည်လို တန်းစီထုတ်လို့ရတာမျိုးမဟုတ်ဘူး'တဲ့၊ တစ်စရတာနဲ့ နောက်ထပ်တစ်စပြီးတစ်စပဲ၊ ထပ်တွေ့ပြန်ပြီ၊ ဒုတိယထင်းရှူးပင်ရိပ်(LP)နဲ့မော်ဒန်ကဗျာလောကကို အုတ်အုတ်ကျက်ကျက် အုန်းအုန်းကြွပ်ကြွပ် ဖြစ်စေခဲ့တဲ့ ဆရာဇေယျာလင်းရဲ့စကား၊
' ဘဝမှာ တန်ဖိုးရှိတာမှန်သမျှ အလွယ်တကူ မရနိုင်ဘူးဆိုတာကိုလက်ခံရင် ကဗျာကိုလည်း အလွယ်တကူ မရနိုင်ပါဘူး' တဲ့၊
ကဗျာရေးတာပဲ၊ ဒီလောက်ခက်လို့လား၊ ရေးချင်စိတ်ရှိမှ ရေးရမှာလား၊
တစ်ချို့ဆရာတွေတောင် ကဗျာတွေ တပြွတ်ပြွတ်မွေးထုတ်နေတာပဲ၊
ကျုပ် ကဗျာမရေးဖြစ်တာကြာပြီ၊ ကျုပ် ဒီနေ့တော့ ကဗျာတစ်ပုဒ် ရေးဖြစ်အောင်ရေး...ရေး...၊
' .....အလုပ်လုပ်ပါ၊ စာများများရေးပါတဲ့၊ သူက စာရေးတာကို ကုန်ပြေးထမ်းတာမျိုး ထင်နေလားမသိဘူး၊ စိတ်ထဲ ထောင်းခနဲဖြစ်သွားတယ်၊ အုတ်ခဲကောက်ကိုင်ပြီး ဆံပင်ဆွဲ၊ နဖူးကို ထုထည့်လိက်တယ်၊ .....မှတ်ကွာ' တဲ့၊ ဘယ်သူပြောဖူးတဲ့ စကားပါလိမ့်၊
ဟစ်ဟော့သီချင်းစာသားတွေလို နားထဲ ဆောင့်ဝင်လာတယ်၊ သိပြီ၊
လက်ဖြတ်ကြေး စာပြိုင်ရေးမယ်ပြောဖူးတဲ့ ဆရာကြူးနှစ်ရဲ့ စကားပဲ၊
ကဗျာရေးဖြစ်အောင်ရေးမယ်ဆိုတဲ့ ကျုပ်ရဲ့စိတ်တွေ တွန့်သွားတယ်၊ တန့်သွားတယ်၊ဟုတ်တယ်၊
ခြေတတ်နေတဲ့ ဥသ ာယူနိုက်တတ်က ခြေစွာနေတဲ့ ကဗျာရှေ့တန်းတိုက်စစ်မှူး ဆရာမောင်ဖီလာကလည်း ကျုပ်လိုကောင်တွေအတွက် ကဗျာရေးခဲ့ဖူးတာပဲ၊ ဘာတဲ့.....
' အနုပညာဆိုတာ
အမဲလိုက်ခွေးရှေ့က သားကောင်လို
ဗြောင်းဆန်အောင် ရွေ့လျားနေဖို့မှ မဟုတ်တာ
မင်းခါချလိုက်တဲ့ချွေး တစ်စက်တည်းပဲဖြစ်ပစေ
အသံမြည်စေရမယ်တဲ့ ' တဲ့ ၊
ကျုပ် ရှက်ကိုးရှက်ကန်းဖြစ်မိတယ်၊ တော်ပြီ...တော်ပြီ၊ ဒီနေ့ ကျုပ် ကဗျာရေးဖြစ်အောင် ရေးမယ်ဆိုတဲ့စိတ်ကူးကို စွန့်လွှတ်လိုက်ပါပြီ။
ဆေးခါး
14.3.2013
1:45 AM ( TDGI)