Showing posts with label မိုင်တိုင်အမှတ်(၂၂၃). Show all posts
Showing posts with label မိုင်တိုင်အမှတ်(၂၂၃). Show all posts

Aug 10, 2012

လမ်းဆုံးတော့ ရွာမတွေ့


အမှတ်မထင်ပါပဲ
နှစ်ကိုယ်စာ မစားသုံးခဲ့ပေမယ့်
ထမင်းမြိန်ခြင်းဟာ
ငေးမောလို့ကောင်းတဲ့ လမင်းတစ်စင်းရယ်။
ရုတ်တရက်ပါပဲ
ဘ၀ပန်းမလှတဲ့ ယူနစ်အပိုင်းအစတွေ
တအိအိကျ
အဖြေကို ခပ်သာသာလေး ရင်မောခဲ့
အက္ခရာမတူတဲ့ ပုံရိပ်တွေရယ်။
စိတ်လိုလက်ရပါပဲ
စိတ်ကူးဟာ သူကိုယ်တိုင် ပန်းဝင်ပြီးပြီမို့
အရေးမပါတော့မည့် ဒိုင်တွေကိုဖယ်
ကွင်းလယ်ကို ပြန်မသွားချင်တော့ဘူး။
အထိတ်တလန့်ပါပဲ
အိပ်မက်ဟာ ခပ်ရေးရေးပြုံး
ဘ၀ကို မမုန်းပေမယ့်
ဒီလိုနဲ့…..
မဆုံးသွားစေချင်ဘူး။
ထာဝရပါပဲ
အရေးသုံးပါး မဆုံးသရွှေ့
တအုံးအုံးမွှေး၊သူအလိုတူပါ
အံချော်နေစေအုံးတော့ကွယ်။    ။

မောင်နေပြာ

Aug 2, 2012

ညီမလေး

နီပေါသူ
တကယ်တော့…
ကိုယ့်ရဲ့အချစ်က ပန်းသီးတစ်လုံးကို
ဝေမျှစားသုံးခြင်းပါ
ချိုသောအခြမ်းကို မင်းကိုပေးလို့
ချဉ်သောအခြမ်းကို ငါယူခဲ့တာ
ကောင်းကင်ထက်က မိုးစက်တွေ
မျက်ရည်အဖြစ် ရွာချခဲ့သလို
ဒါမှမဟုတ်…
နှစ်ချို့အရက်တစ်ခွက်ကို သောက်သုံးရသလို
ကိုယ့်ရင်ထဲကို ပူလောင်စွာစီးဆင်းခဲ့တယ်
မင့်အတွက် ကိုယ်ဟာ
ရနံ့မရှိတဲ့ ပန်းတစ်ပွင့်လို
ပန်ဆင်သူမရှိတဲ့ ပေါက်ပန်းဖြူတစ်ပွင့်လို
အဆင်းရှိပေမယ့် အချင်းမရှိတဲ့ဘဝပါ
ကိုယ့်ဘဝအတွက် မင်းကတော့
တောင်ထိပ်က နေကြာပန်းပါ
ဒါပေမယ့်…
ဒီဘဝအတွက်တော့ မင်းက
ကိုယ်သောက်သုံးလိုက်ရတဲ့
နှစ်ချို့ဖျော်ရည်တစ်ခွက်ပါပဲ….။       ။

နိုင်ဝေ

သက်သေ

ဆုံတွေ့ခြင်းရဲ့အစ
မျက်ဝန်းက သက်သေတည်…
နှောင်ဖွဲ့ခြင်းရဲ့အစ
အချစ်သစ်သီးက သက်သေတည်….
ကြင်နာခြင်းရဲ့အစ
သံယောဇဉ်က သက်သေတည်…
ချစ်ခြင်းရဲ့အစ
သစ္စာက သက်သေတည်…
ချစ်သူ…
မင်းနဲ့ငါအတွက်
ချစ်သက်သေတွေ ဘယ်လောက်ပဲများခဲ့
ခွဲခွာခြင်းရဲ့အစမှာတော့
မျက်ဝန်းအကြည့်က သံသယငြှိ
အချစ်သစ်သီးက လွမ်းခြင်းဖြစ်
သံယောဇဉ်ကြိုးက ရင်ထဲညှိုး
သစ္စာစကားက မုသားတွေဖြစ်ခဲ့လို့
နောက်ဆုံးခွဲခွာခြင်းရဲ့ သက်သေတစ်ခုက
ငါ့ရင်ထဲက ကဗျာတွေပဲ ဖြစ်လိမ့်မယ်။     ။

နှင်းပန်းချီ

အပျိုစင်(နိုဝင်ဘာ၊၂၀၀၁)

သင်းခွေချပ်


စိတ်ရော ကိုယ်ရော
အခန်းကျဉ်းထဲ ပြွတ်သိပ်ထိုးထည့်
အလှည့်က ကိုယ်ဘက်မရောက်နိုင်ဘူး
သွားစမ်း
ငါ့အိတ်ထဲက မြွေဆိုးတစ်ကောင်ထွက်သွားစမ်း
ညနေတစ်ခင်းလုံး
မလှုပ်မလွန့်သာနဲ့
ငါ့မှာ
ဘေးစိတ်ဖဲတစ်ချပ်လို
အိပ်မက်က မပြောင်းနိုင်ဘူး။
ဝိုင်တစ်ခွက်သောက်ရရုံနဲ့တော့
လေချွန်တတ်မှာ မဟုတ်ဘူး
တောက်ခေါက်တတ်မှာ မဟုတ်ဘူး
ပန်းနာရင်ကျပ် ထမှာ မဟုတ်ဘူး။
ညနေတစ်စင်းမှာ
အပေါ်ယံ အရေပြားကိစ္စ
ဆေးသစ်ဝါးသစ်ကိစ္စ
ခရာသံတစ်ချက်ကိစ္စနဲ့
ငါက….
မခိုးချင်အောင်သာ ဆောင်မယ်
မနိုးချင်ယောင် မဆောင်ဘူး။   ။

အလင်းဆူး

မိတ္ထီလာရုပ်ရှင်

မျက်စချီချီပစ်နေတဲ့
ညအလှဟာ အပျိုဖော်ဝင်တော့မယ်။
ရာစုနှစ်နဲ့ချီပြီး
ဝင်ခဲ့ရတဲ့ မဟာကန်ထဲမှာ
အလိုက်ကမ်းဆိုး မသိတတ်တဲ့
သူ့ရင်သွေးတွေ လွယ်လို့။
သူ့ကျောကုန်းထက်မှာတောင်
တဖျပ်ဖျပ်လူး
သူ ပခုံးရွက်ထားရတာက
အဲဒီ လှိုင်းကြပ်ခွပ်တစ်အုပ်၊
လေးညှင်းနဲ့ သီချင်းဟာ
ဥပက္ခာသမား ညဦးဘေး
မလှမပတွေးရင်း စီးမျောခဲ့
ရင်သားတု အစုစုနဲ့
လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်တဲ့ အကျိုး
အပျိုရည်ပျက် သန္ဓေစမြို့ကို
ခြောက်အိပ်မက်တွေ ပေးနေပြီ။
သူရဲ့ ရွှေရင်သိမ်းစ အတိတ်ကိုတောင်
မေ့လုလုနဲ့။
အဲဒီတော့
မြို့ရဲ့နေဝင်ချိန် မရာက်ခင်
ကျွန်တော်ကို
ညနဲ့လက်ထပ်ခွင့်ပြုပါတော့ဗျာ။


မောင်နေပြာ

ဧကရာဇ်

သက္ကရာဇ်တွေ အဆင့်ဆင့်ဖြတ်ကျော်
မိန်မသားတို့အား လွှမ်းမိုး
နောက်ဆုံးဘူတာထိတော့ သူတို့မရောက်ကြဘူးတဲ့။

မနက်က အဲဒီအောက် ကလေးတစ်ချို့
တပျော်တပါး ပန်းကောက်သွား
ရေးမထားတဲ့ ဒိုင်ယာရီထဲ
ဧကရာဇ်တွေ နေရာယူတာ မှတ်မိရဲ့။

စံပယ်လို ဖြူဖွေး၊သူအတွေးက
ဧကရာဇ်တစ်ပါးလိုပ။

အညတရ တစ်ခုသာ
မိတ်ဆွေ!
သင့်မှာရော ဧကရာဇ်ရဲ့
ရောမန္တိက ဇာတ်လမ်းရှိခဲ့လေသလား။

အရုဏ်ဦးမှာ ဧကရာဇ်
အမည်မမှတ်မိတဲ့ ယာဉ်တစ်စီး စီးလာတာ
လှတပတ တွေ့လိုက်ရတယ်။

မောင်နေပြာ

သရက်


ထန်းရိပ်ညိုတန်းလေးကို
သတိတရလွမ်းဆွတ်
အဟောင်းဆိုင်လေးတစ်ခုလို
သစ်လွင်ဟောင်းနွမ်း ရနံ့လေးနဲ့
အထားအသို မှန်နေမလား…..။
မြို့ပြအငွေ့အသက်နဲ့
ခလုတ်တိုက်မိလေတော့
ဂျင်းဘောင်းဘီလက်ရှည်
ထမီ စကတ်ကွတွေနဲ့
Country သီချင်းမှာ မျောနေမလား
ငါမသိနိုင်တော့။
မီခိုးတွေဆန်တက်သွားတိုင်း
ဧရာဝတီရဲ့ မေးဖျားမှာ
မှဲ့တစ်လုံးတပ်ထားတဲ့မြို့ကို လွမ်းတယ်။
ရာစုနှစ်တွေရဲ့ လှေခါးထစ်ပေါ်
ကြွကြွရွရွလေးလှမ်းရင်း
သက္ကရာဇ်ရထားပေါ်မှာ
ညိမ့်ညိမ့်လေးစီးလို့။    ။

ပိုင်စိုးဦး(သရက်)

မျက်နှာဖုံး


တစ်အိမ်တည်း
နောက်ကျောထိုးမယ့် ဓားတွေ သီချင်းတအေးအေး
အော်စကာ ရုပ်တွေနဲ့

ဆင်ကန်းကြီးတောတိုးလည်း
အစီအစဉ်တကျ ဖြောင့်ဖြူးလို့
ချစ်ပင်ချစ်သီးလေးတွေ
ဗုန်းဗုန်းလဲ ဖုန်းဖုန်းကြွေ

ဒါကို
သဘာဝကိုတောင် မုန်းတတ်ကြသေးတဲ့ လူမှာ
ထူးပြီး ဖွင့်ပြောစရာ မလိုတော့

သံသယက
သံသရာအထိ လိုက်နေမှာလား မေးမယ်
ခလုပ်နှိပ်တိုင်း

ရှော့ထထရိုက်တဲ့ အရှုပ်အရှင်း မနက်ဖြန်ကို
မျက်စိမှတ် တိုးဝင်ဖို့ကလွဲရင်
ဘာတဲ့လဲ။

ကိုရင့်  

မနေ့က အဖြစ်အပျက်


ဝင်ကစွပ်ကောင်လည်း မဖြစ်ချင်ဘူး
အရေခွံလည်းမလဲချင်ဘူး
ဒီအတိုင်းပဲ
ဖြောင့်ဖြောင့်လေး
စီးဆင်းချင်တဲ့ မြစ်ပါ…………။

လျှိုဝှက်ချက်တွေများလွန်းတော့လည်း
နံနက်ခင်းမှာ
မျက်နှာသစ်ခဲ့ရတာ
အလကားပေါ့။

ခုတော့
ရှုပ်နေတဲ့ ကြိုးတွေနဲ့
အပိုင်းအစ သီချင်းများ
လွဲချော်မှုတွေသာ ခေါက်ရိုးကျိုးလို့။      ။

ညီမှူးအိမ်

ရာသီဥတု


အိုအောင်မင်းအောင် ပေါင်းခဲ့ရတဲ့
ဒီစိတ်နဲ့
ဘဝမှာ နေမထိထိုင်မသာ ဖြစ်ခဲ့။

လွဲမှားတဲ့ ချိန်းဆိုမှုမှာ
ကောင်းကင်က
အရောင်ပြောင်းချင်ပြောင်းစေတော့

နှစ်ခါပြန်သတ်လို့မရတဲ့ ဒီန္ဓာမှာလည်း
ခေါင်းတွေသာ
အခါခါ ကိုက်ခဲခဲ့တယ်……။

ဟောဒီ
အဝတ်အစား ဘယ်လောက်သစ်သစ်
အသုံအကျတဲ့ နာရီတွေရဲ့အချိန်က
ရာသီဥတု မသာယာနိုင်ဘူး။     ။

ညီမှူးအိမ်

ငါ


ငါက
ငါ့ကိုရှာဖွေနေဆဲမှာ
ငါ့ကို
ငါက မတွေ့ရ။

ရှုမျော်ခင်းဆိုတဲ့ ပန်းချီကားမှာ
နှလုံးသားကို ဘယ်လိုဝှက်ထားသလဲ
ငါ့ခံစားမှု ဒဏ်ရာမှာ
အဆိပ်မိပြီ…….။

အိပ်မက် မက်တယ်ဆိုတာ
ငါ့ကိုငါ
ရှဖွေခြင်းလား။

ငါကတော့
ဒီနေ့ထိ
အိပ်ချင်ယောင် မဆောင်တတ်တာနဲ့ဘဲ
ညံ့ဖျင်းမှုတွေ ရနေခဲ့…………..။    ။

ညီမှူးအိမ်

မဆုံးတဲ့ခရီး

တစ်နွေရောက်တိုင်း
တစ်ခါကြွေရတယ်
သဘာဝကပေးတဲ့ လောကဒဏ်။
တစ်ခုချစ်တိုင်း
တစ်ခါလွမ်းလိုက်ရတယ်
အချစ်ကပေးတဲ့ သောကဒဏ်။
သြော်……..
လောကပြောပြ
သြချလောက်ချင်ပါရဲ့
အချစ်ဒဏ်ကြောင့် အလွမ်းသင့်တယ်
အဖြစ်မှန်တွေနဲ့ လွဲချော်ခဲ့တယ်
ကိုယ်အလွမ်းတွေကို သိမ်းထုပ်လို့
Rebecca Win
အိပ်ပျော်သွားချိန် တစ်ခဏ
အိမ်မက်တွေက အသစ်ပြန်စတယ်…….။        ။

နိုင်ဝေ

ပီကေကြိုက်တဲ့ ကောင်မလေး


ဖိလစ်ပိုင် မင်းသမီးချော Katrina Halili
ဒီခေတ်ရောက်မှတော့…….
ဒီအချစ်လည်း မစစ်မှန်တော့တာ မဆန်းဘူး…….
ဘယ်ကရောက်လာမှန်းမသိတဲ့……ရောဂါ
ကောင်မလေးရေ……..
မင်းလည်း ပီကေ         ကြိုက်တာ မဆန်းပါဘူး…..။
လေးညှို့တစ်ချက် တင်လိုက်ရုံနဲ့
သားကောင် တစ်ကောင်ရတဲ့ မုဆိုးမရှိခဲ့ရိုးအမှန်ပါ….။
ပကတိ အဖြူစင်ဆုံးအရာ …ငါ့နှလုံးသား
မင်းဝါးလိုက ဝါး…စားလိုက စားလိုက်ပါလေ….
ဒါပေမယ့်…..ကောင်မလေးရေ
မင်းမလိုအပ်တဲ့အခါ
ငါ့နှလုံးသားကို ပျော့ဖတ်တစ်ခုလို သဘောထားလို့
ထွေးထုတ်မပစ်လိုက်ပါနဲ့
အခစ်ဆိုတာ ပီကေမဟုတ်ဘူးကွဲ့………။            ။

မိုး(သရက်)

တစ်ယောက်တည်း


နွေလေရူးကလေးတွေ
တဖြူးဖြူးတိုက်ခတ်လို့…..
သစ်ရွက်ခြောက် ကလေးတွေ
တစ်ဖြတ်ဖြတ်ကြွေလို့…….
ရာသီပြောင်းချိန်မှာ
အဖော်ကွာလို့…
ငါ့ဘဝမှာ အားပေးမယ့်လူ
ဖေးမမယ့်လူကင်းမဲ့လို့…
လေးစားပါတယ် ဦးကျော်
ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့
လုံးဝ တစ်ယောက်တည်းပါပဲ….
တစ်ယောက်တည်းပါပဲ….
တစ်ယောက်တည်း……
တစ်ယောက်………..။           ။

နှင်းပန်းချီ

သိုး

ငါလျှောက်သလောက်
ခရီးမပေါက်တာ ခက်တယ်။

ကဝေတစ်ကောင်ရဲ့ လက်မျိုးနဲ့
ငါ့အနာဂတ်ကို လာမတီးချင်စမ်းနဲ့…..
ခြေရာတိုင်းသာ အစားခံရရင်
ဟောဒီ ကျားကွက် မရွှေ့ဘူး။

ချိန်သားကိုက်ပြကွက်ထဲမှာ
ငါက သံပတ်မရှိတဲ့ နာရီ…
ရယ်စရာဇာတ်လမ်းတွေထဲမှာ
ငါက ရေစိုနေတဲ့ မီးခြစ်
ငါးယောက်တစ်ဝိုင်းမှာ
ငါက “ဂျိုကား“မပါတဲ့ ဆယ်သုံးချပ်……   

စီခြေက်ဆယ် တစ်ခွေစာအလွမ်းနဲ့
တစ်ပတ်ရစ်တေးတစ်ပိုဒ်လို
အချိန်ကျတိုင်း ငိုမပြချင်တော့ဘူး။       ။

အလင်းဆူး

ဖန်မီးအိမ်


Jassica Alba
ပုလင်းလွတ်တစ်လုံးထဲ
ထန်းရည်ဖြူလောင်းထည့်
ဒီဂရီတရိပ်ရိပ်တက်လာတဲ့နေ့
အမြှုပ်တစီစီထ
စိတ်ဆန္ဒကိုယ်စီဟာလည်း
ပုလင်းထဲက ဖိတ်လျှံကျ……။

ပိုင်စိုးဦး(သရက်)

အဝေးကွင်း


လေညာ ဖြတ်တင်ဘော
တစ်လုံး ပြီးတစ်လုံး ဗုံးကြဲသလို ကျလာ။
မွေးရာပါ ဗီဇထဲ
ပါးစပ်အငြိမ်မနေနိုင်သူ ဒိုင်လူကြီးရဲ့
အဂတိ ခရာတွတ်သံကြား
တို့အသင်းသားများ ဒုက္ခ။

ကံကြမ္မာက
ထမင်းခုနှစ်ရက်မစားရတဲ့ ဒေါသနဲ့
ငါတို့အပေါ်ကနေ စီးမိုးကြည့်တယ်။
ကိုယ်က ခြေသာအောင်ကစားပြီး
ခြေကုန်လက်ပန်းရှုံးရ
မိနစ်ကိုးဆယ် မကုန်နိုင် မဆုံးနိုင်။        

ကိုရင့်

နောင်တမရတဲ့နောင်တ


လောကမှာ
အသီးအပွင့်တွေများသလို
ခါးမှန်းသိသိနဲ့
မိုက်မဲမှုတွေကိုသာ
သာယာနေခဲ့ ………။

ခုတော့
သဲကြီးမဲကြီး လိုက်ခဲ့တဲ့လမ်းက
အနာတရနဲ့ သွေးအလိမ်းလိမ်း…..။

မဖြစ်သေးခင်မှာ ဖြစ်ခဲ့ရတယ်
ဖြစ်ပြီးတဲ့ ဘဝတွေဟာလည်း
လုံလုံလောက်လောက် ကျေနပ်ခဲ့ရသလား…။

ခပ်ဖျော့ဖျော့ အလင်းရောင်အောက်က
အဲဒီမျှော်လင့်ခြင်းတွေမှာ
သိမ်ငယ်မှုတွေနဲ့ ဝေးလို့…..။    ။

ညီမှူးအိမ်

Aug 1, 2012

ကျွန်တော်ရူတဲ့လေထု

ဆေးလိပ်မိုးခိုးတွေ သိပ်ရှည်လွန်းပြီ
သူတို့ဟလိုက်တဲ့ ပါးစပ်တွေထဲက
ဟိမဝန္တာ ကျကျလာတယ်။
အမေက သဲထဲရေသွန်ဆိုတာပဲထထပြောတယ်။
မလွယ်ဘူး။
ကျွန်တော် ခဏခဏ နေရာပြင်ထိုင်ရတယ်။
အဘိဓမ္မာကျမ်းကို (၁၀၁)ခေါက် ဖတ်ဖို့လိုဦးမယ်ထင်တယ်။
အဖေကို မေးရဦးမယ်။
ကျောက်ရုပ်ခေါင်းငြိမ့်အောင် ပြောနိုင်တဲ့
ဖေဖေ့သူငယ်ချင်း ရှိသေးလားလို့ ။
မနေ့ကဝယ်လာတဲ့ မျက်မှန်တစ်လက်
ဘုရားစင်ပေါ် မတင်ဖြစ်ခဲ့ဘူး။
ဆေးကြော်ငြာတွေပဲ အမှတ်ရနေမိတယ်။
ဝမ်းတစ်လုံးမကောင်းရင်တော့ ခေါင်းခဲမှာပဲတဲ့ ။         ။

မောင်နေပြာ

Jul 15, 2012

မသေချာ၍ မသေချာသော


မသေချာ၍ မသေချာသော

အဝေးက ဆွေးအတိတ်တွေကိုလည်း
လေကို ပုံဖမ်းသလို
အရိပ်မထင်ခဲ့ဘူး။

တစ်ခါသာမှားပြီး
တစ်ခါသာ ထပ်မှားတယ်။
နိဂုံးတော့ အမှားရိပ်တွေ
အထပ်ထပ် တရိရိ။

ချစ်တာ၊မကျေနပ်တာ
ဝေခွဲမရတာနဲ့
ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာပဲ
ငါ့ဘဝရုပ်ရှင်ထဲ
သင်္ကေတပြကွက်တွေ ဖြစ်လိုက်ပျက်လိုက်။

ရင်ထဲထိ ငြိတယ်ဆို
မောဟအသိရှာသူ
သောကတံခါး ထိရောက်
ငါဟာ
ကုက္ကိစ္စတရားရဲ့ ရာဇဝတ်ကောင်။  ။

မောင်နေပြာ