Showing posts with label ကဗျာ (မြင်ကွင်း). Show all posts
Showing posts with label ကဗျာ (မြင်ကွင်း). Show all posts

Aug 15, 2012

မင်းပြင်

အဲဒီည
မြို့ပြနဲ့ဝေး
ကျေးလက်တေးကို
သံပြိုင်ဟစ်နေတဲ့
မျဉ်းပြိုင်ဒေသ……။

အထုတ်တမ်းလက်ပြပြီး
အလွမ်းလက်နှလုံးကျန်
ဆက်တိုက်မော့ရင်း
ဆူညံတဲ့
အညတရ ည……။

အသိတပဲသားကိုလှော်
ဝမ်းစာဆော်နံတဲ့
အခါတူးရဲ့
မပြိုပျက်တဲ့ ဘ၀…..။

ဘာမှ(ဘာမှ)
မမြိုးမြတ်ခဲ့ရတဲ့
ကျဉ်းတန်ပဌာန်တို့ရဲ့
တစ်ထွာဝမ်းက အပ……။

မောင်နေပြာ

(မင်းပြင်ဘူတာ အမှတ်တရ……)

Aug 2, 2012

မိတ္ထီလာရုပ်ရှင်

မျက်စချီချီပစ်နေတဲ့
ညအလှဟာ အပျိုဖော်ဝင်တော့မယ်။
ရာစုနှစ်နဲ့ချီပြီး
ဝင်ခဲ့ရတဲ့ မဟာကန်ထဲမှာ
အလိုက်ကမ်းဆိုး မသိတတ်တဲ့
သူ့ရင်သွေးတွေ လွယ်လို့။
သူ့ကျောကုန်းထက်မှာတောင်
တဖျပ်ဖျပ်လူး
သူ ပခုံးရွက်ထားရတာက
အဲဒီ လှိုင်းကြပ်ခွပ်တစ်အုပ်၊
လေးညှင်းနဲ့ သီချင်းဟာ
ဥပက္ခာသမား ညဦးဘေး
မလှမပတွေးရင်း စီးမျောခဲ့
ရင်သားတု အစုစုနဲ့
လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်တဲ့ အကျိုး
အပျိုရည်ပျက် သန္ဓေစမြို့ကို
ခြောက်အိပ်မက်တွေ ပေးနေပြီ။
သူရဲ့ ရွှေရင်သိမ်းစ အတိတ်ကိုတောင်
မေ့လုလုနဲ့။
အဲဒီတော့
မြို့ရဲ့နေဝင်ချိန် မရာက်ခင်
ကျွန်တော်ကို
ညနဲ့လက်ထပ်ခွင့်ပြုပါတော့ဗျာ။


မောင်နေပြာ

သရက်


ထန်းရိပ်ညိုတန်းလေးကို
သတိတရလွမ်းဆွတ်
အဟောင်းဆိုင်လေးတစ်ခုလို
သစ်လွင်ဟောင်းနွမ်း ရနံ့လေးနဲ့
အထားအသို မှန်နေမလား…..။
မြို့ပြအငွေ့အသက်နဲ့
ခလုတ်တိုက်မိလေတော့
ဂျင်းဘောင်းဘီလက်ရှည်
ထမီ စကတ်ကွတွေနဲ့
Country သီချင်းမှာ မျောနေမလား
ငါမသိနိုင်တော့။
မီခိုးတွေဆန်တက်သွားတိုင်း
ဧရာဝတီရဲ့ မေးဖျားမှာ
မှဲ့တစ်လုံးတပ်ထားတဲ့မြို့ကို လွမ်းတယ်။
ရာစုနှစ်တွေရဲ့ လှေခါးထစ်ပေါ်
ကြွကြွရွရွလေးလှမ်းရင်း
သက္ကရာဇ်ရထားပေါ်မှာ
ညိမ့်ညိမ့်လေးစီးလို့။   

ပိုင်စိုးဦး(သရက်)

Jul 30, 2012

“ဌာနေ”



လမ်းများ ဘဝများ
မဖြောင့်တန်းသော မျဉ်းကောက်များအလား
အာလာဒင်ရဲ့ ကရုဏာရိုက်ချက်
မြေမြင်မှာ စိမ်းလို့
ပကာသနအမြင်မှာ ဟိန်းလို့
ရင်ထဲမှာ ယိမ်းလို့ ၊တိမ်းလို့……။
ကမ္ဘာသစ်စည်းချက်
အလင်းရောင်တမ်းတမှုများစွာဖြင့်
လေဝှေ့ခံရွက်နုစိမ်းဖန့်ဖန့်များလို
သွဲ့သွဲ့မှိန်းမှိန်း ငြိမ့်ခဲ့ပြီ။
အဆင်ကွဲ အရောင်မတူ ဘူးကွဲ
ခေါက်လွန့်လူးလား တော်ဝင်အပြေးသမား
မြို့မဈေး ဆိုတဲ့
နားလျှံဂီတသံ
လဟာပြင်ညဈေးမျာ လေညှင်းကလေးကလှသကွဲ့။
သမိုင်းမှားခဲ့ ဘူမိနက်သန်ဟာ
စိမ်းလမ်းတဲ့ လမ်းသစ်ဖြစ်ခဲ့ပြီ။
ငါတို့ရူသွင်းလိုက်တဲ့ ဝင်သက်/ထွက်သက်
မက်တယ်လ်သံအသစ်နဲ့
ဟစ်ဟော့ဂီတလို
လန်းဆန်းနိုင်ပါစေ။

မောင်နေပြာ
၃၊၁၁၊၀၉

ရွှေနတ်တောင်တိုး




တစ်ပုဒ်ဆိုလည်း ဟုတ်သေးရဲ့
ခုတော့……………………..
ကျေးလက်ကိုကျော်နင်း
ဂရပ်ဖစ်မငြိမ်တဲ့ ချောင်းရိုးလေးဘေးမှာ
ဂန္ဓဝင်တောင်ကုန်းက ခပ်တည်တည်။
မဖြစ်ချေဘူး။
ဟိုအရှေ့က စိမ်းမြတောအုပ်
ဒီဂီတနဲ့ ဖမ်းဆုပ်မယ်။
ငညိုဇာတ်လမ်းနဲ့ ညပွဲဈေးက
မျှော်တွေးဆစရာ………။
မမေ့နိုင်သူတွေက မမေ့ပါဘူး
မျက်ဝန်းတွေကို ဘာသာမပြန်ချင်စမ်းပါနဲ့
မိန်းကလေးရယ်..။
အမှတ်တရဆိုတာ အမှတ်တရပါပဲ။
ပင်ကျရည် မစစ်မှာလည်း မပူရဘူး။
မော်ဖူးခွင့်ရတော့လည်း မထူးပါဘူး။
ဧရာဝတီက သူ့ဖာသာ
ငါတို့မှာသာ ရင်ခုန်လိုက်ရတာ
၁၉ယောက်ရဲ့ အသံဆိုတော့လည်း
နည်းနည်းတော့ မည်မပေါ့………။              

မောင်နေပြာ
ရွှေနတ်တောင်သွား အမှတ်တရ

Jul 28, 2012

ကလောနွေဦး



မြို့အဝင် တောင်တက်လမ်းတွေက
သားခုတ်သမားလက်ထဲက အသားစလို
အလွှာလိုက် အလွှာလိုက်
မြေအခင်းက ပတ္တမြားအဆင်းနဲ့
ရုက္ခမူ အခက်အလက်တွေက
မြစိမ်းတစ်စက် ပတ္တမြားတစ်စက် ကြဲပက်လို့
ပန်းတွေ အရောင်မကျန်အောင်ပွင့်ပစ်လိုက်တဲ့
ထင်းရူးမြို့တော် တစ်ဖြစ်လဲ
လောကကို ပြောင်းပြန်ဖြစ်စေတဲ့ မြို့လေ
ချစ်သူရှိရာ မြို့လေးဆီ ဖြတ်ရာလမ်း
မဟာကဗျာဆရာဆီ ဖြတ်ရာလမ်း
ဟောဟို အရှေ့ကုန်းမြင့်က
ရိုးရိုးယဉ်ယဉ် ဧည့်ကြိုမလေးရယ်
ကြည့်စမ်းကွယ်
ဒီမြို့ရဲ့ နွေဦးအလှ ဆိုတာ
ပန်းချီဆရာ လက်လွန်သွားတဲ့
သဘာဝ ပန်းချီကားတစ်ချပ်လိုပေါ့။   ။

မောင်နေပြာ

Jul 24, 2012

မန္တလေး



ပါရာဒိုင်း အရွေ့မှာ
ယဉ်ကျေးမှု အဟောင်း မပြောင်းတဲ့နေရာ
ခဏခဏ မွှေးကြူခံရပေမယ့်
ရနံ့မပြယ်သေးတဲ့ အညာမြို့တော်
မဟူရာညအဝင်
အလင်းထုတ် ယန္တရားတွေက
စံပယ်တွေ ပိုးစိုးပက်စက် ကျဲပက်သလို
လဟာပြင်ပြည့်တယ်
ငါမွန်းကျပ်တယ်။  
ညတွေက အိပ်ချိန်စားချိန် မှန်လို့
အဖြေမရသေးတဲ့ ချစ်သူကို တွေ့ရတိုင်း
ရင်ခုန်တတ်တဲ့
ဆယ်ကျော်သက် ကောင်လေးတစ်ယောက်လိုမျိုး
အိမ်ပြေးပြီး ပြန်ရောက်လာတဲ့သားကို
အမေက ပွေ့ဖက်သလိုမျိုး
ငါ မန္တလေးထဲ နစ်ဝင်သွားတယ်။     ။

မောင်နေပြာ

ရန်ကင်းအမက၊ဟိုပုံးမြို့။
၁၁၊၂၊၂၀၀၆   ၁၂း၃၀

Jul 22, 2012

ပုဂံ


 

စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇ၀င်ရှိတယ်။
ဧရာဝတီ        
အဝေးရောက် နံရံဆေးရေး                      
ဆွေးမြေ့စရာ
အိုးခြမ်းပဲ့က
ရာစုတစ်ခုလုံးရတယ်
ရတနာသိုက်တူးဖော်မိတယ်။

လက်ရာက ပြောတဲ့စကား။

စိတ်ကူးစိတ်သန်း
ခမ်းနားရုံသက်သက်မဟုတ်
ငလျှင်ဒဏ်ခံခဲ့ရပေမယ့်
အဖွဲ့အနွဲ့က ကျန်နေတုန်း။      

စိုင်းဝင်းမြင့်                                                                       



Bagan


Style of thrusting light into pagoda
is wonderful.
Each piece of brick
has story.
Ayarwaddy
wall painting far away
is grievous.
Potsherd
get the whole century
excavate the treasure

Speech told by handiwork.

Imagination
isn’t magnificent just
Though earthquake hit them
Style of composition is still being.

Trs ;Maung Nay Pyar

Jul 20, 2012

ပုသိမ်

ဧရာဝတီနဲ့ ဖက်လဲတကင်း
အလွမ်းတေးတထပ်ထပ် စီးမိုးရင်း
မွန်သမိုင်း အရပ်ရပ် နဲ့
တကပ်ကပ် ဖြစ်ခဲ့တဲ့မြို့။

ခုတော့
ချက်တင်ခန်းထဲက ပုသိမ်
ပုသိမ်ထဲက ဂီတ
ဂီတထဲက ဂုဏ်သိက္ခာ
ဂုဏ်သိက္ခာထဲက မြို့။

မြို့ထဲက လူတွေ
လူတွေပြောနေကြတဲ့ ပုသိမ်
Bassein က ပုသိမ်ဖြစ်လို့
အွန်လိုင်းပေါ်မှာ ပုသိမ်ထီးတွေ ဝေလို့
သူ့အကြောအချည်တွေ ဖြန့်ထုတ်လို့
ကျွန်တော်မမ ပုသိမ်သူလို့
ရွှေမုဌော ကုန်းတော်မှာ
မြို့ပြအခိုးငွေ့တွေ ဝေလို့
ကမ်းနားမှာ သဘောၤတွေ စီလို့
ဘယ်သူတွေ ဘယ်နှခုနှစ်မှာ
တည်ခဲ့သလဲ မသိ။

ခု အီလက်ထရေစ်နစ်ကမ္ဘာထဲက
ပုသိမ်!
ကျွန်တော် နှလုံးသားထဲက
ပုသိမ်!
ပုသိမ်ရေ!
ခင်ဗျားအကြောင်းတော့……..
ဒီလောက်နဲ့ပဲ…………………..။   ။

မောင်နေပြာ

Jul 12, 2012

လယ်ခေါင်းမြို့

လယ်ခေါင်းမြို့


ဟောဒီမှာ မနက်မနက်ဆို
နှင်းမိုးတွေခုန်ခုန်ချတယ်။
အရှေ့တလွှားက မှိုင်းညို့ညို့
ခပ်ရို့ရို့ ငုံ့ကြည့်နေတဲ့
တို့သားချင်းတို့မြေ မဲနယ်တောင်ဝေဟင်
ညီးရင်းအကိုလို လက်ချင်းတွဲလျှက်
သူ့အဖော် မိုင်းပြင်း၊လဲသက်
ရှမ်တို့မြေ နမ့်ခုတ် နဲ့ နော်ယာဆိုင်း
အစဉ်နိုးကြား တို့အဆွေဂေါ်ရခါးတို့ရဲ့
ပုလဲတင့် နာမဒေသရယ်
ဒုံဖာလိုင်၊ဒုံမူးယားရယ်လို့
ချက်မြှုပ်တဲ့ ပအို့ဝ်တို့မြေ
သွေးသားအလား ထွေးပွေ့ထားတဲ့
လယ်ယာတောမြေတွေလေ။

အိမ်အလည် ဧည့်သည်ရောက်တိုင်း
“ကျင်ခေါက်” *“ကျင်ခေါက်”
“ယိုတမိုင့်”** မသိလို့မေးမယ်ဆိုပြီး
ယဉ်ကျေးရိုးသားတဲ့ အပြုံးတွေလှယ်
အဲဒီ “အော့ အော့” ***ဆိုတဲ့
အမိုးရဲ့ စကားကဗျာအလှတွေက
အေးစက်လေကို နွေးတစ်ဝက်ဖြစ်စေလေရဲ့။

ဘာသာ၊သာသနာ ပနံတင့်သေး
ရေထွက် ဟိုအရှေ့ကကျောင်းကိုရင်လေး
ဘုရားမီးလှုံ သဒ္ဓါငုံ ပူဇော်တဲ့
ရှေးလူကော်ရော် ဘုရားမွေတော်
တစ်မူးရတာ တစ်ပဲလှူလို့
တောင်ပေါ်သူသား စေတနာများတယ်ကွဲ့
လွမ်းစရာ ရှမ်းတောင်ညိုတန်းက
မိုးတိုးမတ်တပ် ဟိုတစ်စပ် ဒီတစ်စပ်။

အပြုံးတွေမြင် အမုန်းဖယ်စင်
အေးဆေးတိတ်ဆိတ် အသက်ရှင်သန်
သြော် သူဟာ အလဲအလျောင်းခံ အဦးအခေါင်းတဲ့
သားဆွေရင်းချာတို့ရဲ့ ဆန်အိုးပေမို့
ဟောက လယ်ခေါင်းမြို့။   ။

မောင်နေပြာ
ရန်ကင်းစခန်း၊ဟိုပုံးမြို့။
(၂၅၊၂၊၂၀၀၃)
*ကျင်ခေါက်= ထမင်းစားမယ်လေ  ဟို=လယ် ပုံး=ခေါင်း ဟိုပုံးမြို့=လယ်ခေါင်းမြို့  (ရှမ်းဘာသာစကား)
**ယိုတမိုင်=ဒါဘာလဲ   ***အော့အော့=ဟုတ်ကဲ့     (ပအို့ဝ်ဘာသာစကား)