လယ်ခေါင်းမြို့
ဟောဒီမှာ မနက်မနက်ဆို
နှင်းမိုးတွေခုန်ခုန်ချတယ်။
အရှေ့တလွှားက မှိုင်းညို့ညို့
ခပ်ရို့ရို့ ငုံ့ကြည့်နေတဲ့
တို့သားချင်းတို့မြေ
မဲနယ်တောင်ဝေဟင်
ညီးရင်းအကိုလို လက်ချင်းတွဲလျှက်
သူ့အဖော် မိုင်းပြင်း၊လဲသက်
ရှမ်တို့မြေ နမ့်ခုတ်
နဲ့ နော်ယာဆိုင်း
အစဉ်နိုးကြား တို့အဆွေဂေါ်ရခါးတို့ရဲ့
ပုလဲတင့် နာမဒေသရယ်
ဒုံဖာလိုင်၊ဒုံမူးယားရယ်လို့
ချက်မြှုပ်တဲ့ ပအို့ဝ်တို့မြေ
သွေးသားအလား ထွေးပွေ့ထားတဲ့
လယ်ယာတောမြေတွေလေ။
အိမ်အလည် ဧည့်သည်ရောက်တိုင်း
“ကျင်ခေါက်” *“ကျင်ခေါက်”
“ယိုတမိုင့်”** မသိလို့မေးမယ်ဆိုပြီး
ယဉ်ကျေးရိုးသားတဲ့
အပြုံးတွေလှယ်
အဲဒီ “အော့ အော့” ***ဆိုတဲ့
အမိုးရဲ့ စကားကဗျာအလှတွေက
အေးစက်လေကို နွေးတစ်ဝက်ဖြစ်စေလေရဲ့။
ဘာသာ၊သာသနာ ပနံတင့်သေး
ရေထွက် ဟိုအရှေ့ကကျောင်းကိုရင်လေး
ဘုရားမီးလှုံ သဒ္ဓါငုံ
ပူဇော်တဲ့
ရှေးလူကော်ရော် ဘုရားမွေတော်
တစ်မူးရတာ တစ်ပဲလှူလို့
တောင်ပေါ်သူသား စေတနာများတယ်ကွဲ့
လွမ်းစရာ ရှမ်းတောင်ညိုတန်းက
မိုးတိုးမတ်တပ် ဟိုတစ်စပ်
ဒီတစ်စပ်။
အပြုံးတွေမြင် အမုန်းဖယ်စင်
အေးဆေးတိတ်ဆိတ် အသက်ရှင်သန်
သြော် သူဟာ အလဲအလျောင်းခံ
အဦးအခေါင်းတဲ့
သားဆွေရင်းချာတို့ရဲ့
ဆန်အိုးပေမို့
ဟောက လယ်ခေါင်းမြို့။ ။
မောင်နေပြာ
ရန်ကင်းစခန်း၊ဟိုပုံးမြို့။
(၂၅၊၂၊၂၀၀၃)
*ကျင်ခေါက်= ထမင်းစားမယ်လေ ဟို=လယ် ပုံး=ခေါင်း ဟိုပုံးမြို့=လယ်ခေါင်းမြို့ (ရှမ်းဘာသာစကား)
**ယိုတမိုင်=ဒါဘာလဲ ***အော့အော့=ဟုတ်ကဲ့ (ပအို့ဝ်ဘာသာစကား)