Jul 13, 2012

မလျှော့သော အမေ

မလျှော့သော အမေ 


အမေ!
အမေကြားအောင် ပြောချင်တယ် အမေ
အမေ့အတွက်
သားဟာ လွင့်မျောနေတဲ့
တိမ်တိုက် ဖြစ်ချင်ဖြစ်နေပေမဲ့
သားအတွက်
အမေဟာ မဆုံးတဲ့သီချင်း။

ဘယ်ကိုလဲ အမေ
မာယာသားရဲတောအလယ်
အဖော်မပါဘဲ ထားခဲ့ရဲ့။
သားလေ (၃၁)ဘုံ အဝိဇ္ဇာတောမှာ
ညသန်းခေါင် မိုးမှောင်ကျနေသလိုပဲ။

အမေ မဝေးသေးပါဘူး။
အမေ မသွားသေးပါဘူး။
သားသောကတွေ မခန်းခြောက်သေးပါဘူး။
ခုတင်ခုဖြစ်
ခဏလေးပဲ ဆိုမြည်ဆဲမို့
အပြစ်တင်ချင်ရင်လည်း
အမေ့သားဂုဏ်မငယ်ပါဘူး။

အမေဟာ
သားအတွက် နှိုင်းရမဲ့ မေတ္တာပြယုဂ်ပါပဲ
လောကနိဗ္မာန် အတွက် ဗိသုကာဆိုလည်း ဟုတ်
ဘဝချိန်တာ အတွက် နေဝန်းဆိုလည်း ဟုတ်
သိင်္ဂါရ ရသအတွက် လမင်းဆိုလည်း ဟုတ်
ချစ်ခြင်းမေတ္တာ အတွက် သမုဒ္ဒရာဆိုလည်း ဟုတ်
အားမာန်တစ်ထွာ အတွက် မြင့်မိုရ်ဆိုလည်း ဟုတ်

အမေ!
အမေ သေတယ်ဆိုတာ မဟုတ်
ရုပ်မရှိတော့ပေမဲ့
အနှစ်ဂုဏ်ပုဒ်တော့ မယုတ်လျှော့ဘူး အမေ!။ ။

မောင်နေပြာ
(၂၈-၈-၂၀၀၅)
၂၈-၈-၁၉၉၈ နေ့တွင် ကွယ်လွန်သွားသော မိခင်ဒေါ်ခင်သန်း ၅ နှစ်ပြည့်