ရေဆင်းရဲ့
အငွေ့အသက်တွေဟာ
(၉၆) နိုဝင်ဘာ(၁၈)နဲ့အတူ
ငါတို့အားလုံးရဲ့
မျက်နှာကို
လန်းဆန်းတက်ကြွစေခဲ့
။
ချန်ရစ်ထားခဲ့ရသော
အမေနဲ့ရွာကို
လွမ်းစရာများ
သတိရတမ်းတရင်း
ဘကံ၊ ဆန်းသစ်တို့ရဲ့
အစိမ်းရင့်ရောင် ညနေတွေဟာ
ပြုံးပြ၊
နှုတ်ဆက်စရာ ဖြစ်လာခဲ့။
“မင်းဘယ်မြို့ကလဲ”ဆိုတဲ့
အမောတကော
မေးသံတွေကိုပဲ
ထပ်ခါတလဲလဲ
ကြားနေခဲ့ရတယ်။
ငါတို့ တိုးဝှေ့ဝင်ရောက်ခဲ့တာက
ကော့သောင်းမှ
ပူတာအိုထိ
ဘူးသီးတောင်၊
မောင်တောမှသည်
ကျိုင်းတုံ၊
တာချီလိတ်ထိ
ရင်ခွင်ကျယ်
အမိတက္ကသိုလ်ရဲ့
မိသားစု အသိုင်းအ၀န်းဆီ…။
တစ်သားတည်း၊
တစ်သွေးတည်း
နွေးထွေးလွပ်လပ်မှုရဲ့
သဏ္ဍာန်
“မောင်မယ်သစ်လွင်ကြိုဆိုပွဲ”မှာ
ငါတို့ကို
ရင်ခုန်သံ မြန်စေခဲ့
ငါတို့ကို
နှလုံးသားချင်း နီးစေခဲ့။
ရုံးစုတည်ပြီဖြစ်တဲ့
အားတွေ
ဖူးငုံစီပြီဖြစ်တဲ့
ပန်းတွေ
ရေဆင်းမြေ
ရေတမာတောကို
ခြေချခဲ့ပြီကော။
“တစ်ပင်တည်း
ရင်ထဲကနွယ်”ဆိုတဲ့
တိုးတိုးလျှလျှ
သစ္စာပြုသံတွေ
“သံယောဇဉ်ရှိပါတယ်
မေရယ်”ဆိုတဲ့
မတင်မကျ ဖွင့်ဟသံတွေ
“သူငယ်ချင်းလို့ပဲ
ဆက်” ၍ခေါ်မည်ခိုင် ဆိုတဲ့
ကရုဏာမကင်းတဲ့
ငြင်းပယ်သံတွေ
“စွန့်သွားတော့မှာလား
နေခြည်ရယ်”ဆိုတဲ့
မချိတင်ကဲ
ကြေကွဲသံတွေ
“ကြားလေသွေးရင်
ဝေးမှာစိုးတယ်” ဆိုတဲ့
တူနှစ်ကိုယ်
ကြည်နူးသံတွေ
စာသင်သံ စာအံသံတွေကြားထဲမှာ
ရိုးတိုးရိတ်တိတ်
ပျံ့လွင့်ခဲ့ရတယ်။
(၂၂) ဒီဇင်ဘာ
ဆောင်းဇာပုဝါပါးပါးခြုံကာ
ရင်သွေးတွေနဲ့ ပြုံးပန်းဆင်နေခဲ့သော
ဟောဒီ အမိတက္ကသိုလ်ရဲ့
(၇၅) နှစ်မြောက်
မွေးနေ့အလှလည်း
ရေဆင်းမြေမှာ
ငါတို့နဲ့ဆုံခဲ့ရဲ့။
ငါတို့ ရင်ထဲကို
အိပ်မက် ကဗျာ
ဒီဇင်ဘာ နဲ့
ကတ္တီပါအလွမ်းများ
ပဲ့တင်ထပ်ခဲ့ပေါ့။
ဒီလိုဒီလိုနဲ့
ပန်းရိုင်းလေးတွေ
အဖြစ်မှ
အရောင်စုံ၊
အသွေးသစ်ခဲ့ရ၊
ရော်နယ်ဒို
နှင့် မိုက်ကယ်အိုဝင်များ ရဲ့
ညနေအစုစုဟာ
ရေဆင်းနေကိုအံ့တုခဲ့ကြ
ဘတ်စကတ်ဘောသမား
နှင့် ဘောလီဘော ကစားသမားများရဲ့
မိုက်ကယ်ဂျော်ဒန်လို
ထုဆစ်ကျစ်လစ်တဲ့ လက်များ
ငါတို့ အားလုံးရဲ့
အားမာန်သစ်တွေ
ငါတို့ ရိုက်ခဲ့ကြ
လှပသွယ်လက်သော
ကြက်တောင်လေးများနဲ့
ပင်ပေါင်လုံးလေးများလို
လောကအလယ်မှာ
ဘယ်လိုဟန်ချက်ဆင်မှာပါလိမ့်။
သန်သန်မာမာ
ခတ်ထုတ်လိုက်တဲ့
ခြင်းလုံး
အနုအရွ လှည့်ကွက်များ
ငါတို့ရဲ့
စည်းလုံးတဲ့ လက်ခုပ်သံကြားက
ပြေးသူတွေ
ပြေး၊ ခုန်သူတွေ ခုန်
ပစ်သူတွေ
ပစ်ခဲ့ကြပေါ့
ရေဆင်းရဲ့
အားကစားဟာ
ရနံ့မွှေးတဲ့
ပန်းတစ်ပွင့်ဖြစ်ရဲ့။
ရေဆင်းဆောင်းကို
နမ်းရှိုက်ရင်း
ရသစုံလင်ခဲ့ကြသော
ဒင်နာညများကို
ငါတို့ မေ့နိုင်မယ်
မထင်ဘူး။
အနုပညာတွေ
စူးစူးနစ်နစ်ကြဲပြခဲ့သော
ပဉ္စလက် ဂစ်တာလေးများ
“တို့ရဲ့လမ်း”နဲ့
ရယ်ရင်းမောခဲ့ရသော
စင်ပေါ်က စကားအင်္လကာများစွာက
ရေတမာနံ့ကို
ဆွတ်ဆွတ်ကြင်ကြင်
သတိရတမ်းတ
နေစေဦးမှာလားကွယ်။
အောင်ဝေးလက်သစ်
နဲ့ မြသန်းတင့်တဖြစ်ကဲများ
ငြိမ်သက်ခြင်းရသကို
ခံစားရင်း
ညတွေကို ခြေထောက်နဲ့
ကန်ကျောက်ခဲ့
“ပန်းလှေ”
အဆင့်ဆင့်တွေ ဖြစ်တည်လာခဲ့။
အောက်မေ့သတိရခြင်းတွေ
တောင်ခိုးထပ်မှာတော့
ဆေးလိပ်ငွေ့တွေကြားက
ဖလှယ်ခဲ့ကြသော
စကားအလင်္ကာ အချပ်ချပ်လား။
သက်တန့်ရောင်ရင်ခုန်သံတွေ
ချွေးသိပ်ရင်း
အစဉ်လာစကားတွေ
ခံယူကာ
မြတ်နိုးဖွယ်
ဆုအထပ်ထပ်တွေ ပွေ့ပိုက်ထားတဲ့
ကြည်နူးမျက်နှာ
အပြုံးမျက်နှာများ တွေ့ရရဲ့လေ။
“ဗုဒ္မဘာသာအသင်း”
နဲ့
စိတ်လှကြည်မွေ့ရာ
လှုပ်ရှားမှုများ
ရုက္ခ၊ ရူပ
သတင်းတွေကြား
နှလုံးသားက
သန္စေစလာတဲ့
“တက္ကသီလာ
အနုပညာအသင်း”
ဆွေးနွေးစရာ
ပညာအစုံအလင် နဲ့
“လယ်ယာသီးနှံအသင်း”
တို့အပြင်
ပန်းအလှပြင်သင်တန်း
အချို့အချို့နဲ့
ပနံတင့်တဲ့
“ပန်းမာန်အသင်း” တွေကြောင့်
ငါတို့အားလုံး
အရောင်တင့်ခဲ့ကြ။
မြေဆီ မတင့်ရင်တော့
ပန်းမာန်အဆင့်
မမြင့်နိုင်ဘူး
ဟောဒီ အမိတက္ကသိုလ်ဟာ
ငါတို့ရဲ့
လေ့ကျင့်ရေးစင်မြင့်ဟု ယုံကြည်ခဲ့။
“ဘယ်နေ့ကရောက်သလဲ”
တဲ့
အဲဒီရေဆင်းရဲ့
အရုဏ်ဦးများ
“ဖြေနိုင်ရဲ့လား”
လို့မေးမေးနေတဲ့
ရေဆင်းရဲ့
နေ၀င်ဆည်းဆာတွေ
စက္ကန့်တွေ
တစစ်စစ်ကျော်နင်းပြီး
အဲဒီ ရေဆင်းဘာသာဗေဒတွေတောင်
ခေါက်ရိုးကျိုးခဲ့ပြီပေါ့။
ရေဆင်းရဲ့
နောက်ဆုံးနာရီများ
တစ်ချို့တစ်ချို့
သံယောဇဉ်လည်း
တွယ်ရာမှ
ဖြတ်
ပြတ်ရာမှ
နွယ်
အသွယ်သွယ်…..
စာတမ်းငယ်တစ်စောင်
ကြိုးစားခဲ့။
ငါတို့အားလုံး
ရင်ခွင်အပွင့်ကြီးတွေနဲ့
ဝေဒနာရောင်စုံ
သယ်ပိုးခဲ့ကြပြီ
နောက်ဆုံးနှစ်
နှုတ်ဆက်ညစာစားပွဲ။
လွမ်းမောဝေသီ
ခဲ့ရသော
ဟောဒီ အမိတက္ကသိုလ်ရဲ့
ဆောင်းညတာရှည်များနဲ့
မိုးရေစိုစွတ်တဲ့
နေ့အလင်းတာတွေလည်း
လက်ပြနှုတ်ဆက်
ရတော့မယ်။
ငါတို့တွေ
ရင်ငွေ့လှုံခဲ့ဖူးသော
ငွေတောင်ပါလာ
တံခါးများ
ရေနံ့သာ အထွေအပြားစကားများ
သစ်ဆုံ ရယ်စရာအကြားများ
ခုတော့ လွမ်းဖွယ်မြေကို
ကျောခိုင်း၍
စာကြည့်တိုက်
နှင့် ကန်တင်းမှ
သတိရထိုက်စရာများကို
ကျောခိုင်း၍
ကံကြမ္မာပစ်ချမည့်
လောကမုန်တိုင်းအလယ်…..
သြော်….
မှားခဲ့ကြတာတွေ၊
မှန်ခဲ့ကြတာတွေ
…..တွေ၊……တွေ
ဒီလို ဝေဒနာ
ကဏ္ဍကောစဖြစ်ပြီး
ဘ၀ စကြရတော့မှာလားကွယ်…..။
ငါတို့အားလုံး၊
ခြေစုံရပ်ခဲ့ဖူးကြသော
ဟောဒီ့ ရေဆင်းမြေကတော့
သူ့ရဲ့ ညနေတွေကို
လှပစွာသယ်ဆောင်ထားဆဲကို…….။
မောင်နေပြာ
(၁၉၉၆ ခုနှစ်
နိုဝင်ဘာလ ၁၈ မှ ၂၀၀၂ ခုနှစ်ထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၏ ရနံ့များရူရိုက်ခဲ့ကြသော
သူငယ်ချင်းများအားလုံးကို လွမ်းမောတမ်းတရင်း……။)