Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Oct 8, 2012

အိမ်အပြန်


       " ဒီနေ့ဟာ ပျော်ရွှင်စရာလည်း ကောင်း၊ ၀မ်းနည်းစရာလည်း ကောင်းသော နေ့ပါ။
             ဘ၀ရဲ့ အတွေးအမြင် ပိုမို သိမြင်နားလည်းလာသော နေ့တစ်နေ့လည်း ဖြစ်ပါသည်။"

 ပြီးခဲ့သော သတင်းပတ်အနည်းငယ်က သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရသည်။
မျက်စိတစ်ဖျတ် လျှပ်တပျက် အတွင်းမှာပဲ ဖြစ်လိုက်တာပါ။ဖြစ်ဖို့ကံပါလာ လို့လား။ ကျွန်တော်တို့ရဲ့ ပေါ့ဆမှုလား။ကျွန်တော် တစ်ချိန်လုံး တွေးနေမိသည်။

အဲဒီတစ်ညလုံးလမင်းရဲ့ငွေရောင်လက်တံတွေကပင်လယ်ကိုနူညံ့စွာ စွဲတင်နေခဲ့သည်။ မနက်မိုးလင်းတော့ ရေတက်နေပြီ။ဒီရေက ချောင်းငယ်မြောင်းငယ်တွေအထိ စီးဝင်နေပြီ။ရွံနွံပျော့ပျော့တွေပေါ်ကအစိမ်းရောင်၊ပယင်းရောင် မြက်ဖုံးလွင်ပြင်မှာလည်း
 ရေတွေအပြည့်။ကျွန်တော်တို့ ဂျော်ဂျီယာ ကမ်းရိုးတန်းအောက်ပိုင်း   မှာတော့ ဒီရေတက်ကို 
“တောကြက်ဒီရေ”လို့ ခေါ်လေ့ရှိသည်။ ကမ်းတက် တောကြက်တွေ ပျော်မြူးလေ့ရှိလို့ပဲ ဖြစ်သည်။
ဒီလို ရွန်းလဲ့တောက်ပသော အောက်တိုဘာ နံနက်ခင်းမှာ၊အရှေ့ဘက်ကတိုက်ခတ်လာသော  ပင်လယ်လေနွေးနွေး နဲ့အတူ ဂျင် ကို တောကြက်ပစ်ဖို့ ခေါ်ခဲ့သည်။
“မနက် ၇နာရီအရောက်နော်၊ဒီရေ ကောင်းကောင်းတက်ရင် တို့တွေ စလို့ ရပြီ။” 
ကျွန်တော် သူကို မှာခဲ့သည်။

ငယ်ဘ၀လေးတွေက တကယ်ကို လွမ်းမောစရာပါပဲ။ဒီကမ်းရိုးတန်းကျွန်းလေးတွေပေါ်မှာ
 ကြီးပြင်းခဲ့တာမို့ ကျွန်တော်နဲ့ ဂျင် ဟာ ခွဲခွာလို့ မရစကောင်းပါဘူး။ဖိနပ်မပါ ဦးထုပ်မပါ
 ခေါင်းမွှေးစုတ်ဖွားနဲ့ ငါးတွေ အတူဖမ်းခဲ့ကြ၊ရေအတူကူးခဲ့ ကြတာ။ပုဇွန်းကျော့ခဲ့ကြတာ။ လိပ်ဥရှာ၊ဂဏန်းနိုက်ပြီး ရောင်းခဲ့ကြတာလေ။နွေရက်ကာလတွေက လည်ဆွဲပေါ်က ပုတီစေ့တွေလို လျောခနဲ လျောခနဲ ကုန်းဆုံးသွားခဲ့သည်။နောက် ကျောင်းတက်တော့ တစ်ယောက်တစ်ကျောင်းဆီ၊ အလုပ်က တစ်ယောက်တစ်နေရာ ၊နှစ်ပေါင်းများစွာ ကွဲကွာပြီးမှ တစ်ရက်တော့ ရုတ်တရက် ဆိုသလို သူ ပြန်ရောက်လာသည်။သူ့နှလုံးရောဂါက နားနားနေနေ အနားယူဖို့ လိုပြီလေ။သက်တောင့်သက်သာ ဖြစ်မည့် အလုပ်မျိုးပေါ့။ဒီဆားငန်ရေတွေနဲ့ ဝေးနေရတာ 
သူမပျော်ဘူးလို့ သူက ပြောနေသေးသည်။

တစ်နှစ် တစ်ခါ နှစ်ခါလောက် ကျွန်တော်လှေငယ်လေးနဲ့အပြင်ထွက်ဖို့သူကို ခေါ်လေ့ရှိသည်။
လေထန်တဲ့ ချောင်းတစ်လျှောက် လှိုင်းစီးကြသည်။လှိုင်းပုတ်တဲ့ ကမ်းခြေတစ်လျှောက်လမ်းလျှောက်ထွက်ကြသည်။အချိန်တွေ ဖြုန်းရင်းနဲ့ပေါ့။ကလေးတွေလို
ပန်ဖြစ်သွားကြသည်။အသက်တွေ မငယ်တော့ပေမဲ့ အပြောင်အပျက်တွေတောင် ပြောမိကြသည်။ အရာအားလုံးဟာ လက်ခံ နားလည်းပြီးသားလိုပါပဲ။တစ်ခါတစ်ရံ ငယ်ဘ၀အတွေ့အကြုံတွေ
 ပြန်ပြောရတာ လေးလေးပင်ပင်နဲ့ ခံတွင်းတွေ့လှသည်။

ဒီမနက် လှေဆိပ်ဘက်ကို ကျွန်တော် နည်းနည်းနောက်ကျမှ ရောက်သည်။
ကျွန်တော်ဘက်က ပျက်ကွက်မှုပါ။ကျွန်တော် အလုပ်တွေ များနေချိန်မှာ အခုလို
 တောကြက်ပစ်ထွက်ဖို့ မကောင်းပါဘူး။နေ့လည်ပိုင်းလောက်ကျ ပြန်လာမှာပဲလေလို့ စိတ်ကို ဖြေတွေးတွေးလိုက်ရသည်။ဂျင် ကိုလည်း တောကြက်ပစ်သွားဖို့ ကတိပေးထားပြီးပြီလေ။

သူကကြိုရောက်နေပြီး၊ နီဂရိုးအဘိုးကြီး အင်ဒရူးနဲ့ စကားလက်ဆုံကျလို့။အဘိုးကြီးက 
အသက်(၈၀)အရွယ် ဆိပ်ကမ်းအလုပ်သမားကြီးပါ။အင်ဒရူးလောက် ငါးဖမ်းပိုက်ကိုင်ကျွမ်းတာ ကျွန်တော်မတွေ့ဖူးဘူး။ကျွန်တော်ကို မြင်တော့ ဂျင်က ငါးဖမ်းဦးထုပ်စုတ်လေးကို မြှောက်ကာ ပြုံးပြသည်။နှစ်ကာလတွေက အကြောင်းအရာ တော်တော်များများကို ပြောင်းပစ်လိုက်ပေမဲ့ သူ့အပြုံး နဲ့ သူ့မျက်လုံးတွေက အမပြောင်းလဲသေးဘူးလို့ တွေးနေမိသည်။သူက ကျွန်တော် သေနတ်လေးကို ကြည့်ပြီး
“ဒီနေ့ သေနတ်တစ်လက်တည်းလား”
“ဟုတ်တယ်။ဒီနေ့ ငါနောက်ကထိုင်ပြီး မင်းလွတ်သွားတဲ့ အကောင်တွေကို စောင့်ကြည့်ပေးမယ်လေ။”

ဂျင်ကိုပဲ သေနတ်ပစ်စေချင်သည်။တက်ကိုင်သမားတစ်ယောက်အတွက် တောကြက်ပစ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။အင်ဂျင်ထိန်းရတာ သိပ်မလွယ်လှဘူး။တစ်ခါတစ်ရံ ၀ါးထိုးရသည်။ဆွဲရသည်။လှေလှော်ရသေးသည်။ ရေဆန်ဆို ပိုခက်သည် ။မြက်တွေပေါတဲ့ နေရာဆို တော်တော်ခက်ခက်ခဲခဲ ရွှေ့ရသည်။ဂျင်အတွက်တော့ သိပ်အားစိုက်ရတဲ့     အလုပ်တွေ မဟုတ်ပါဘူး။အရင်က ဂျင်က တက်ကိုင်၊ကျွန်တော်က ပစ်ပေါ့။ကျွန်တော်တို့ 
ငယ်ငယ်တုန်းကဆို လူကောင်ပိုကြီးတဲ့ဂျင်ကပဲ တက်ကိုင်၊ စောက်ရှောက်ခဲ့တာပါ။
ကျွန်တော်ကို သူက အမြဲ သီးစားပေးခဲ့တာပါ။အခုတော့အခြေအနေတွေက ပြောင်းလဲကုန်ပြီလေ။

လှေပေါ်တက်တော့ အင်ဒရူးက ထိန်းထားပေးသည်။ကျွန်တော် တောကြက်ပစ်ချင်တဲ့ နေရာက ဒီကနေ အောက်ဘက် ၅ မိုင် ၆မိုင် လောက် ဝေးသည်။ဒီရေတော စပ်စပ်က မြက်ရိုင်းရှည်တွေကြား ငှက်တွေ တွေ့ရတတ်သည်။ဒီရေ ကောင်းကောင်းတက်လို့ ရေပြည့်တယ်ဆိုရင် ၁၅ မိနစ်လောက်နဲ့ မောင်းလို့ရပါသည်။

ဂျင်က လက်ပျင်းနည်းနည်းကိုင်းကာ လှေဦးကို မျက်နှာမူထိုင်လိုက်လာသည်။
ဒီကမ်းခြေတစ်လျှောက် တူပုံသဏာန် ဦးခေါင်းနဲ့ ငါးမန်းကြီးကို သောင်ပြင်ပေါ်ဆွဲတင်ခဲ့ကြတာ၊
 ဒေသခံအိန္ဒိယလူနီတွေရဲ့ အရိုးစုတွေ တွေ့ခဲ့တဲ့ကမ်းပါးစောက်၊ ၀န်လယ်ငှက် အသိုက်တွေ့ခဲ့တဲ့ 
ထင်းရူးပင်စတဲ့ အတိတ်က သတိရစရာတွေ သူတွေးနေမယ်ဆိုတာ ကျွန်တော် သိပါသည်။ 
ဒါဟာ မှန်ဘီလူးကို ပြောင်းပြန်ကြည့်တာနဲ့ တော်တော်တူပါသည်။အရာရာတိုင်းဟာ ဝေးကွာနေမယ်။   သေးငယ်နေမယ်။ဒါပေမဲ့ ရှင်းလင်းပြတ်သားနေပါသေးသည်။ကျွန်တော်တို့ကိုယ်တိုင် အသက်အရွယ် အတော်အတန် ရလာတော့ ပြောင်းလဲခဲ့ပါပြီ။ပယ်လယ် နဲ့ ကောင်းကင် ရဲ့ရွှေ့လျှားပုံကတော့ မပြောင်းလဲသေးပါဘူး။နောက်ပြီး ဒီရေရဲ့ ရစ်သမ်၊ကွေ့ဝိုက်စီးဆင်းနေသော ငြိမ်သက်မှု၊မာနတရား နှင့် လွတ်လပ်ပျော်ရွှင်မှုတွေဟာ မပြောင်းလဲသေးပါဘူး။ဒါတွေ အတွက် ကျွန်တော်တို့ကျေးဇူးတင်နေပါသည်။

ကျွန်တော်တို့ ရှာနေတဲ့ အစိမ်းရောင် မြက်ပင်ရှည်တွေ ဖုံးလွှမ်းနေတဲ့ ကျွန်းစုသေးသေး
 လေးတွေဆီ နောက်ဆုံးတော့ ရောက်ခဲ့ပါပြီ။နုတ်သီးရှည်ငှက်တွေ လန့်ပျံကုန်ကြသည်။   ကောင်းကင်ကျယ်ကျယ်အောက်မှာ သေနတ်သံတိုးတိုးလေး ခပ်ဝပ်ဝပ် မြည်သွားသည်။
ဂျင်က တစ်မနက်လုံး ပစ်နေခဲ့သည်။မပစ်တာ ကြာနေပေမဲ့ တစ်ချက်လေးတောင် မလွဲဘူး။
သူပစ်ပြီးတိုင်း ကျွန်တော် ကို တစ်လှည့်ပစ်ဖို့ ပြောတတ်သည်။သူကိုပဲ ပစ်စေခဲ့ပါသည်။
ကျွန်တော်က အချိန်မရွေး လာပစ်နိုင်ပါတယ်လို့ ပြောပြလိုက်သည်။

နေပူလာပြီ။လှေကို ထိန်းရတာလည်း ခက်ခက်ခဲခဲပါပဲ။ဆားငန်ရေပါဝင်သော ရာသီဥတုရဲ့      အေးမြမှုကြောင့်ငှက် တစ်ကောင် ရဖို့တောင် အကြိမ်ကြိမ် ကြိုးစားရသည်။နောက်ဆုံး 
ပင်ပန်းလာလို့ နားလိုက်သည်။ဒီရေလည်း ကျလာပြီ။မြက်ခင်းစိမ်းစိမ်းတွေလည်း ပြန်ပေါ်လာသည်။ ကျွန်တော်တို့ ပြန်ဖို့ အချိန်တန်ပြီလေ။ခေါင်းပေါ်ကနေ ဇင်ယော်တစ်ကောင်ခပ်တိုးတိုးအော်မြည်သွားသည်။ ငယ်ငယ်က တစ်ယောက်နဲ့တစ်ယောက် လေချွန်အချက်ပေးတာ သွားသတိရသည်။
“ငါတို့ ဒီနေ့ ကံကောင်းတယ်ဟေ့” လို့ ကျွန်တော် ပြောလိုက်တော့
“ကံအကောင်းဆုံးနေ့ထဲက တစ်နေ့ပဲ” လို့ သူကထောက်ခံသည်။

“ပြန်ဖို့ အသင့်ဖြစ်ပြီလား” လို့ ကျွန်တော်မေးတော့ “မဖြစ်သေးဘူး။မင်း သေနတ်တစ်ချက်တောင် မပစ်ရသေးဘဲနဲ့”လို့ ဂျင်ကပြောပြီး ရွှံနွံမြက်ဖုတ်တစ်ခုကို လက်ညှိုးထိုးပြသည်။ “ဟိုမှာ ငှက်တစ်ကောင် ရေကူးနေတာ မြင်လိုက်သလိုပဲ။ငါကို လှော်တက်ပေး။သေနတ် မင်းယူပြီး ပစ်ကြည့်။မင်းတစ်ချက်လေးမှ မပစ်လိုက်ရရင် ငါ စိတ်မကောင်းမဘူး။”

သာသာယာယာ ဒီလို မနက်ခင်းလေးမှာ သူကို စိတ်ချမ်းသာစေချင်သည်လေ။ ဒါကြောင့်   သူကို လှော်တက်ပေးပြီး “လှေကို ဖြေးဖြး လုပ်ထားပေး” လို့ ပြောလိုက်သည်။
ကျွန်တော်တို့ တလက်လက် တောက်ပနေတဲ့ ရေပြင်ကိုဖြတ်ကျော်ခဲ့သည်။ကျွန်တော် အသာစောင့်ကြည့်ပြီး သေနတ်ကို အသင့်ပြင်ထားလိုက်သည်။ဒါပေမဲ့ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ “အဲဒီငှက် ရှေ့ဆက်သွားပြီ ထင်တယ်” ပြောပြီး ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့
“ဂျင်”

သူက ရှေ့ကိုငိုက်ကျပြီး ပုံပုံလေးခွေကျနေပြီ။ ဦးထုတ်ကတော့ 
 လှေဝမ်းဗိုက်ထဲ ပြုတ်ကျလို့။ညာလက်တစ်ဖက်က လှော်တက်ကို ကိုင်ထားတုန်း။ လက်ကောက်ဝတ်ကို သွေးတိုးသေးလား စမ်းကြည့်လိုက်တော့ ကျွန်တော် စိုးရိမ်သွား သည်။   သွေးမတိုးတော့ပေ။ပတ်ဝန်ကျင်တစ်ခုလုံးတိတ်ဆိတ်လို့။အန္တာရယ် အငွေ့အသက် 
ခံစားလိုက်ရသည်။ဂျင် နဲ့ အဝေးကြီးတစ်နေရာကို ရောက်သွားပြီး 
ချက်ချင်းပြန်ရောက်လာသလို ကျွန်တော် မောဟိုက်ပင်ပန်းသွားသည်။

မျက်စိတစ်ဖျတ် လျှပ်တပျက်အတွင်းမှာ ဖြစ်ပျက်သွားတာပါ။အခုတော့ 
အရာရာဟာ ပြောင်းလဲသွားပါပြီ။ ထူးဆန်းနေ တာက ကျွန်တော် ကြောက်ရွှံ့မှုတွေ၊
တစ်ယောက်တည်းပါလားဆိုတဲ့ အသိတွေ၊   သူကို ဆုံးရှုံးရပြီဆိုတဲ့ အသိတွေ မခံစားရသေးပါဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားက ခင်မင်နားလည်မှုတွေ ခိုင်မာလွန်းလို့ 
ချက်ချင်းကြီး ပျက်စီးမသွားသေးတဲ့ သဘောပါ။
ဂျင် ကျွန်တော်ကို ပြောခဲ့တာတွေ ပြန်ကြားယောင်နေမိသလိုပါပဲ
“တောကြက် ပစ်ထွက်ရတာ ရင်ခုန်လှုပ်ရှားစရာ ကောင်းတယ်။ငါမှာ နှုလုံးရောဂါ ရှိပေမဲ့ မင်း ရင်ထဲထားမနေပါနဲ့။တို့တွေ အတူတူ ပျော်ပျော်ပါးပါး သွားကြမယ်။အမှတ်တရ နေ့လေးတစ်နေ့ ဖြစ်မှာပါ။အတူတူ ပြန်လာကြတာပေါ့။”

သေနတ်မောင်းဖြုတ် လုံခြုံးရေးခလုပ်ပိတ်ပြီး၊ ဂျင့်ခေါင်းအောက်ကို ထိုင်ခုံကူရှင်လေးတစ်ခု 
သာသာယာယာ ခုပေးလိုက်သည်။ခဏကြာတော့ အင်ဂျင်စက်နိုးပြီး သခင့်အလိုကိုသိတဲ့အလား ညှို့ကလွှတ်လိုက်သောမြှားလို တဟုန်တိုးပြေးထွက်ခဲ့တော့သည်။ဘယ်လက်က စတီယာကိုထိန်းရင်း၊
ညာလက်က သူ့လက်ကောက်ဝတ်ကို တစ်ချက်တစ်လေလောက်များ သွေးတိုးဦးမလားဆိုတဲ့
 မျှော်လင့်ချက်နဲ့ ကိုင်ထားမိသည်။ရေလက်ကြားကို သတိထားပြီး ဖြတ်ကျော်ရမှာပါ။ သူကိုလည်း 
မကြာခဏငုံ့ကြည့်မိပါသည်။ ဂျင်ပုံက အိပ်နေတဲ့အတိုင်းပါပဲ။စောစောက တောက်ပခဲ့တဲ့
 နေမင်းကြီးရဲ့အရောင်ကမှေးမှိန်ဖျော့တော့လာပါပြီ။ ကနုကမာတွေ ပြန့်ကြဲနေတဲ့ သဲသောင်ပြင်နဲ့အတူ၊မြင်းခွာပုံ ချောင်းကွေ့ချောင်းကောက်တစ်လျှောက် လှေကို
အပြင်းမောင်းနှင်းလာတော့ ဗျိုင်းကြီးတွေတောင် ထိတ်လန့်တကြား ထပျံကုန်ကြသည်။
ဆိပ်ကမ်းကိုရောက် အနီးဆုံးတယ်လီဖုန်းရှိရာကို ရောက်ဖို့ 
ကျွန်တော် အချိန်ဘယ်လောက်တောင် စောင့်ရဦးမလဲ။

အတိတ် နဲ့ ပစ္စုပ္ပန် ဆိုတာ အချိန်ရဲ့ လှည့်စားမှုသာပါပဲ။အခုလည်း ကျွန်တော်တို့ဟာ ပြေးလွှားနေတဲ့ လှေပေါ်မှာပါ။ ကျွန်တော်တို့ဟာ ဒီလိုသာယာလှပတဲ့
အောက်တိုဘာ နံနက်ခင်းနေရောင်ခြည်အောက်မှာ ၀ါးရွက်တိုင်၊၀ါးလှော်တက်တွေ နဲ့ အစိမ်းရောင်လှောင်းလှေထဲက အပူအပင်ကင်းတဲ့ ငယ်ဘ၀ ကလေးလေးတွေ မဟုတ်တော့ ပါဘူး။
ပ၀ါစတစ်စလို တစ်ဆက်တစ်စပ်တည်းဆိုပေမဲ့အစွန်းတစ်ဖက်စီကို ရောက်နေပါပြီ။
ကျွန်တော် မယုံနိုင်သေးပါဘူး။ ထိတ်လန့်နေဆဲပါပဲ။ဒါပေမဲ့ တစ်ဖက်ကလည်း လက်ခံနေရပါပြီ။

ပူဆွေးဝမ်းနည်းနေဖို့တော့ မလိုပါဘူး။ဒါဟာ ဂျင့်ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ဆရာဝန်တွေ မလို၊
 ဆေးရုံတွေ မလို၊ ကြောက်ရွှံမှုတွေ မလို၊နာကျင်မှုတွေ မလို၊အပေါင်းအဖော်တွေ နဲ့ 
အာသာဆန္ဒတွေ နဲ့သာ ဘ၀ကို ရုတ်တရက် မြန်မြန်ဆန်ဆန် ကျော်ဖြတ်သွားချင်ခဲ့တာပါ။

ဘ၀ နှင့် သေခြင်းတရား ဆိုတာ ခေါင်းပန်းလှန်သလို ဖျက်ကနဲ ရောက်လာတတ်တာမျိုးပါ။
ဖျက်ကနဲ တန်ဖိုးတွေ ပြောင်လဲသွားတတ်ပါသည်။အခုတော့ ဘ၀ကို ပိုမိုပြီး   ပြတ်ပြတ်ထင်ထင် မြင်သွားတတ်ပါသည်။ဘ၀နေထိုင်မှု တန်ဖိုး အစစ်အမှန်ဟာ
 ငွေကြေးဥစ္စာ၊ရာထူးသြဇာအာဏာ နဲ့ ဂုဏ်ပကာသနတွေ မဟုတ်ပါဘူး။ သတိသပ္ပဇဉ်ပါပဲ။ သတိတရားလက်ကိုင်ထားတာဟာ ဘ၀ရဲ့ အကြီးမားဆုံးလက်ဆောင်ပါပဲ။မိမိရဲ့ အခြေအနေကို 
သိလျှက်နဲ့ သတိတရားကပ်ပြီး အာသာဆာန္ဒရှိတဲ့ အလုပ်ကိုလုပ်လိုက်ရတာကို မှားတယ်လို့ မထင်ပါဘူး။
မိမိ ခုံမင်မြတ်နိုးတဲ့ အရာကို ပြင်းပြင်းပျပျ ရှဖွေရတာကိုက ဘ၀ရဲ့ ချိုမြိန်သောပျားရည်စက်တွေပါပဲ။
ဘ၀ နဲ့ ဆန္ဒ ထပ်တူကျဖို့ လူတိုင်းမှာ အချိန် နှင့်တကွ ကန့်သန့်ချက်တွေ များလွန်းတယ် မဟုတ်ပါလား။

ဆိပ်ကမ်းကို နီးလာပါပြီ။ဂျင် ရဲ့ မျက်နှာ ဖျော့တော့တော့လေးကို တစ်ချက်ငုံကြည့်လိုက်မိသည်။အထီကျန်ဆန်သလို ခံစားရမိသည်။ရေဆန်ကို ဝှေ့ဝိုက်ကာ လှေကို ကမ်းကပ်လိုက်သည်။ဂျင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲပါ။ ဒါပေမဲ့ ဂျင်ကတော့ သွားရှာပြီ။    “ဘယ်ကိုလဲ” ကျွန်တော် ကြောက်လန့်တကြားမေးလိုက်မိသည်။ 
“ဘယ်ဆီကို သွားတာလဲ”  ဘာအဖြေမှ ကျွန်တော် မရပါ။

အင်ဂျင်စက်ကို သတ်လိုက်ပြီး ကြိုးစကို အင်ဒရူးဆီ ပစ်ပေးလိုက်သည်။လူကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်က ကျွန်တော်ဆီ တဖြည်းဖြည်းရွှေ့လာသည်။သူမျက်ဝန်း မှိုင်းမှိုင်းမှာတော့ သနားကြင်နာမှုတွေ၊ နားလည်မှုတွေ နဲ့။သူ့ ဦးထုတ်လေးကို အသာကြွပြီး “သူ သွားရှာပြီ” လို့ နူညံ့ကြေကွဲစွာ ရေရွတ်နေသည်။     နောက် “သူ အိပ်ပြန်သွားပြီ” တဲ့။

ဟိုးရေပြင်ရဲ့ အဆုံး ရွှံ့နွံ့ နဲ့ ကောင်းကင်ဆုံရာ မိုးကုတ်စက်ဝိုင်းဆီ ကျွန်တော် ငေးမျှော်ကြည့်မိသည်။
ပထမဆုံအကြိမ် လည်ချောင်းထဲမှာ ဆိုတစ်တစ်ဖြစ်ကာမျက်ရည်တွေ ၀ဲတက်လာသည်။
“ဟုတ်တယ်” “ဒါ အမှန်ပဲ သူအိမ်ပြန်သွားပြီ”

Trs:မောင်နေပြာ
Ref;Gone Home by Authur Gordon in Reader Digest,May,1969.

Sep 20, 2012

လုံးဝ မသက်ဆိုင်တော့ပါ။

(၁)
ထိုနေ့က ဘာနေ့မှန်း မသိပါ။ဂွာတီမာလာနိုင်ငံရဲ့ အမျိုးသားနေ့ ဖြစ်နိုင်သလို ကော့စကာရီကို နိုင်ငံရဲ့ လွတ်လပ်ရေးနေ့လည်း ဖြစ်နိုင်သည်။ကျွန်တော့်အဖို့မှာ စိတ်ဝင်စားစရာ မရှိပါ။ကုန်ကုန်ပြောရရင် ထိုနေ့က မိုးရွာသလား၊နေပူသလား မသိပါ။ဘာလို့လည်းဆိုတော့ ကျွန်တော့်အိပ်ခန်းထဲမှ ဘယ်မှမသွားဘဲ online ပေါ်မှာတင် Internet surfing လုပ်နေလို့ပါ။Myanmar-Network မှာတင်ထားသော အင်္ဂလိပ်စာ အရေးအသား တိုးတက်စေရေးနှင့်ပက်သက်သော Post တစ်ခုကို ဖတ်နေခဲ့ မိသည်။ Facebook ကိုတော့ ဖွင့်ထားခဲ့မိသည်။ “မင်္ဂလာပါ”ဟူသောနှုတ်ဆက်စကားကိုတွေ့မိကာ အမှုမဲ့အမှတ်မဲ့ အဲဒီမင်္ဂလာပါဆိုသောစာသားကို copyလုပ် ပြီးသူ့အကောင့်မှာpaste လုပ်လိုက်မိသည်။ ဒုတိယ Message ၀င်လာသည်။ကျွန်မနာမည် “ပြုံး” ပါတဲ့။ ဒါဟာတိုက်ဆိုင်မှုလား။ကံကြမ္မာရဲ့ ကျီစယ်မှု တစ်ခုလား။ဖတ်လက်စ ဆောင်းပါးကို ရပ်ကာ အဲဒီ “ပြုံး”ဆိုသော အကောင့်နှင့် ချက်နေမိသည်။
×××-----×××-----×××-----×××-----×××-----
(၂)
         “ပြုံး”တဲ့ဒီနာမည်ကမေ့နိုင်စရာနာမည်လေးတစ်ခုတော့မဟုတ်ပါ။ “စမိုင်းလ်” နှင့် “ပြုံး”သည် ဘာထူးခြားသလဲ။အထူးသဖြင့်ကျွန်တော် အတွက်ပေါ့။“ပြုံး”တွေ ဘယ်နှစ်ယောက်များကျွန်တော်နဲ့ ဆက်စပ်ပတ်သက်ခဲ့ပါလဲ။ ကြာခဲ့ပြီ။လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုဆီ၊တိတိကျကျပြောရရင် ၁၉၉၆ခုနှစ်နိုဝင်ဘာလ (၂၄)ရက်နေ့၊ငယ်ရွယ်တက်ကြွသေးသော ကျွန်တော့်ဘ၀ရဲ့ပထမနေ့ရက်များ၊ ကျွန်တော်ကအဲဒီတုန်းက အစိမ်းရောင်ကျေးလက်တက္ကသိုလ်မှာ၊ ကျွန်တော်ရဲ့တက္ကသိုလ်အဆောင်ဆီသို့ လှပ၀ိုင်းစက်တဲ့လက်ရေးတွေနဲ့  “ကိုကောင်းထက်၊ အခန်း(၃၀)-------------” တဲ့။     အဲဒီတုန်းက အစိတ်တန်လေယာဉ်စာအုပ်ရဲ့ နောက်ကျောဘက်မှာ   “စမိုင်းလ်၊အလယ်ရပ်-----------” ရေးထားတဲ့စာလေ၊ကျွန်တော့်ရင်ကိုနွေးသွားစေခဲ့တယ်။ စာထဲမှာရေးထားတာက “ကိုကောင်းထက်---------------ကျွန်မက၁၉၉၆မှဆယ်တန်းအောင်တာပါ။ အခုတော့ကလေးတွေကို စာသင်ပြရင်း၊Karateသင်တန်းတက်နေပါတယ်--------ခင်တဲ့ စမိုင်းလ်”တဲ့။ဒါ “စမိုင်းလ်” ရဲ့ပထမဆုံးပြန်စာပါ၊အဲဒီနောက်တစ်စောင်ပြီးတစ်စောင်သူကရေးလိုက်          ကိုယ်ကရေးလိုက် နဲ့ တစ်ပတ်ကို တစ်စောင်နှုန်းစာတွေရေးဖြစ်တယ်။အစိမ်းရောင်တက္ကသိုလ်လေးမှာနေရင်း ဝေးလံခေါင်သီလှတဲ့အရပ်က “စမိုင်းလ်” ရဲ့စာကို မျှော်နေမိတယ်။ နောက်တော့ သူကKarateသင်တန်းမှာ ခါးပတ်နက်ရသတဲ့။စာဖတ်ဝါသနာပါတဲ့ ကျွန်တော်လည်း စာဖတ်ဝါသနာပါကြောင်းပြောရင်း တစ်ယောက် နှင့် တစ်ယောက်မမြင်ဖူးကြပေမယ့် တစ်စတစ်စရင်းနှီးလာကြတယ်။
“သွန်းလက်”ဆိုတဲ့စာအုပ်ကိုသူငယ်ချင်းတွေက စုထုတ်တော့ “ငှက်ကလေးရဲ့သစ်ပင်”ဆိုတဲ့ စာတစ်ပုဒ် ၀င်ရေးရင်းကလောင်နာမည်လေးတစ်ခုခံခဲ့မိသည်။အဲဒီကလောင်နာမည်ကို“စမိုင်းလ်” တစ်ခါမှမခေါ်ခဲ့ပါဘူး။ အစဉ်တစိုက် ကိုကောင်းထက် ဆိုတဲ့အမည်ကိုသာ နှစ်နှစ်ခြိုက်ခြိုက်ခေါ်ခဲ့ပါတယ်။
သူ့ရဲ့“စမိုင်းလ်” ဆိုတဲ့နာမည်အကြောင်းမေးကြည့်မိရင်း သိလာရတာက သူ့ရဲ့နာမည်ကSmileလို့ အင်္ဂလိပ်လိုပေါင်းတယ်တဲ့။မြန်မာစာလုံးနဲ့ရေးတော့ “စမိုင်း(လ်)” တဲ့။ “စမိုင်းလ်” ဆိုတဲ့ သူတို့ဘာသာစကားနဲ့ ပြုံးလို့အဓိပ္ပယ်ရတယ်တဲ့။Smileလို့ရေးရေး၊“စမိုင်းလ်” လို့ရေးရေး၊“ပြုံး”လို့မြန်မာလိုရေးရေးလှနေတာပါပဲ။ “စမိုင်းလ်” ရဲ့ရှေ့မှာသူ့ရဲ့တိုင်းရင်းသားအမည်ရှေ့စာလုံးပါသေးသည်။ဒါကြောင့်မို့ သူ့နာမည်က          ဘယ်လိုခေါ်ခေါ်သိပ်လှပြီးအဓိပ္ပာယ်လေးနက်လှတယ်လို့ကျွန်တော်ထင်မိသည်။ကျွန်တော်က “စမိုင်း(လ်)” လို့ခေါ်ခဲ့မိတယ်။ စကားလုံးတွေကတစ်ဆင့် ကျွန်တော်တို့ရင်းနှီးမှုတွေ အရောင်ရင့်လာခဲ့ရသည်။ကျွန်တော်ဒုတိယနှစ်မှာ သူ E-majorတက်ခဲ့တယ်။ သိပ်လှတဲ့အမည်နဲ့အတူ“စမိုင်း(လ်)” ဆိုတဲ့ နာမည် နဲ့ လိုက်အောင်ပါးချိုင့်လေးနဲ့သိပ်လှတဲ့ကောင်မလေးတစ်ယောက် သူ့တက္ကသိုလ်မှာ Major Queen ရော တိုင်းရင်းသား Queen ပါရတယ်တဲ့။ စာကြိုးစား၊ရိုးသားပြီးချစ်စရာကောင်းတဲ့ စမိုင်း(လ်) တစ်ယောက်  ကျောင်းမှာဘယ်လောက်စန်းပွင့်မလဲဆိုတာကျွန်တော်တွေးပြီး(ဘာမဆိုင်ညာမဆိုင်)စိတ်ပူနေမိတယ်။ သူကတော့ သဘောတွေကျလို့။ပျော်ရွှင်လို့။သူ့ကြိုးစားအားထုတ်မှုအလိုက်သူဘာသာရပ်မှာထူးချွန်လို့် မန္တလေး တက္ကသိုလ်ကြီးဆီကို ကျွန်တော်တတိယနှစ်မပြီးခင်သူပြောင်းရွှေ့ပြီး ဂုဏ်ထူးတန်းတက်ရပါသည်။ စာတွေကတော့အရေးမပျက်ဘူးပေါ့။တစ်ယောက်နဲ့တစ်ယောက်ခင်မင်မှုကတော့ နားလည်မှုရေဆူမှတ်အထိ ရောက်လုနေပါပြီ။
သူကသိပ်ယဉ်ကျေးသိမ်မွေ့လှပြီးရိုးသားသည်။သူ့အကြောင်းတွေကိုရင်းရင်းနှီးနှီး ရင်ဖွင့်သည်။ ကျွန်တော်လည်းအတူတူ။ကျောင်းမှာသူငယ်ချင်းဘယ်နှစ်ယောက်ရှိတယ်ကအစဘယ်ဆရာ၊ဆရာမကို အချစ်ဆုံးဆိုတာအဆုံးပြောမိကြသည်။နွေးထွေးတဲ့သူရဲ့ခင်မင်မှုကြောင့် ကျွန်တော်တက္ကသိုလ်မှာအဖော်မရှာ မိပါဘူး။သုံးနှစ်တာကာလကိုလွန်တော့ ကျွန်တော်တို့စာတွေ ရေးကြတာအပြင် တယ်လီဖုန်းနဲ့စကားပြောဖြစ်ကြ သည်။ကျွန်တော်စာမေးပွဲရက်တွေဆို သူက အလေးထားပြီး တယ်လီဖုန်းဆက်တာကိုသိပ်ကျေးဇူးတင်မိသည်။ ဖုန်းတွေက အဲဒီတုန်းက မလွယ်သေး၊ကျောင်းပိတ်ရက်တွေမှာသူ့ဆီကျွန်တော်ဖုန်းဆက်လေ့ရှိသည်။စာတွေ မျှော်တာက တစ်ဆင့် ဖုန်းသံလေးတွေကြားချင်လာကြသည်။ သူတို့ တိုင်းရင်းသားဘာသာစကားနဲ့ ဆိုရင် “အိုးလုပ်သောမြို့”လို့အဓိပ္ပာယ်ရတဲ့မြို့လေးမှာသိပ်နေထိုင်လို့ကောင်းမှာပဲလို့ကျွန်တော်အတွေးရောက်မိသည်။
ကျွန်တော်က စာမကြိုးစားပေမဲ့ ၊စာတော်တဲ့သူ ကတော့ မဟာဝိဇ္ဇာအရည်အချင်းရှိလို့တက်ခွင့် ရတယ်လေ။ကျွန်တော်ပျော်လိုက်တာ။ကျွန်တော်က စာတွေရေး၊ ကဗျာတွေရေး နဲ့အစိမ်းရောင်တက္ကသိုလ် မှာပဲပျော်မွေ့နေခဲ့သည်။ဒါနဲ့သူက ရန်ကုန်ကို ကျောင်းတက်ဖို့ရွှေ့ခါနီးမှာ ကျွန်တော်က တက္ကသိုလ်ပြီးဆုံးလို့ သူငယ်ချင်းတစ်ယောက်ရေးတဲ့ကဗျာထဲကလို “ကံကြမ္မာပစ်ချမည့် လောကမုန်တိုင်းအလယ်” သို့ထွက်ခွာ ခဲ့ရသည်။တစ်ချိန်ကသူက ဧရာဝတီမြစ်ဘေးကမြို့ကလေးမှာနေတော့ကျွန်တော်ကအစိမ်းရောင်တက္ကသိုလ် နဲ့ ကျွန်တော်နေတဲ့ မြေလတ်မြို့မှာ၊အခုသူက ရန်ကုန်ရောက်တော့ကျွန်တော်ကအရှေ့ဘက်ကုန်းမြင့်တွေဆီ ခရီးဆန့်ခဲ့ရသည်။
သူကကျွန်တော့်ရဲ့မြေလတ်မြို့ဆီကိုတိုးဝင်ဖို့ကြိုးစားခဲ့သည်။ကျွန်တော်ကလည်းသူ့ရဲ့ ဧရာဝတီဘေးကမြို့လေးကိုနမ်းရှိုက်ဖို့ကြိုးစားခဲ့ပါသေးသည်။သို့သော် ကံတရားရဲ့စေစားချက်အတိုင်း ကျွန်တော်တို့ ဝေးနေဆဲပါ။ရင်ထဲမှာတော့ နီးလွန်းလျှက်၊ သူဟာကျွန်တော့်ရဲ့စိုးပိုင်ရှင်၊ အရိပ်လေး လိုဖြစ်မှန်းမသိဖြစ်လာခဲ့ တော့သည်။
ကျွန်တော်သူ့ဓာတ်ပုံလေးကိုရတော့ ကျွန်တော်ထင်ထားတာထက်လှပချောမောနေသောသူ့ကို အားနာမိသည်။အလှနတ်သမီးလေးတစ်ပါးလို ကျွန်တော့်စိတ်ထဲမှာထင်မြင်မိသည်။ အပျော်တွေကျွန်တော့်ရင်ထဲမှာ တိုးဝင်လာတော့သည်။ ခင်မင်မှုကနေသံယောဇဉ်တွယ်တာမိသည်။တွယ်တာမှုကနေမြတ်နိုးမှုထိရောက်လာတော့သည်။ အဲဒီမြတ်နိုးတာတဲ့အရာတစ်ခုကို ရယူပိုင်ဆိုင်လိုသည်မှာလူ့သဘာဝပင်မဟုတ်ပါလား။ကျွန်တော်တို့၏ချစ်ခင် တွယ်တာမှုတွေမြစ်ဖျားခံစီးဆင်းခဲ့တာမို့ ထာဝရတည်တံ့နိုင်ကြသည် မဟုတ်ပါလား။အရှေ့ဘက် ကုန်ပြင်မြင့်မှာ မိုးနှင်းတွေကျလိုက်တာ မှုန်ပျပျလေးနဲ့ ချစ်စရာကောင်းလှသည်။လွမ်းစရာကောင်းတဲ့ အဲဒီ မြို့လေးမှာ မိုးနှင်းတွေကျတာ နှစ်ခါကြုံခဲ့ပြီးနောက်၊ကျွန်တော် အပူပိုင်းဒေသတစ်ခုကို ရောက်သွား ပြန်သည်။ အခြေအနေအရ အနည်းငယ်တည်ငြိမ်လာတဲ့ ကျွန်တော့်ဘ၀ကို သာယာချမ်းမြေ့စရာ မိသားစုဘ၀အဖြစ် ပြောင်းလဲချင်လှပြီ။
ဒီလိုနဲ့ သူရဲ့အငွေ့အသက်ရှိရာ ကျွန်တော် ချဉ်းကပ်လာခဲ့မိသည်။ “စမိုင်းလ်”နာမည်လေးနဲ့တင် ချစ်စရာကောင်းနေပြီထင်တဲ့ သူဘ၀ထဲကို တိုးဝင်ဖို့ကြိုးစားခဲ့သည်။မျှော်လင့်ချက်တွေနဲ့ ခြေလှမ်းလှမ်းမိသည်။ ရန်ကုန်ရဲ့ “Smile Bakery” ဆိုင်လေးသည် ကျွန်တော် နဲ့ “စမိုင်းလ်”  အတွက် မေ့နိုင်စရာ မရှိတော့ပါ။ မိုးပြာရောင်အင်္ကျီ၊ကချင်ပုဆိုး ၀တ်ဆင်ထားတဲ့ ကျွန်တော် နှင့် ပြာလဲ့လဲ့တိုင်းရင်းသားဝတ်စုံလေး နဲ့ စမိုင်းလ် တို့သည် အဲဒီအချိန်က “Smile Bakery” ရဲ့အခန်းထဲမှာ တောက်ပနေပါလိမ့်မယ်။ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြသည်။၁နာရီ၊၂နာရီ၊၃နာရီ------အို နာရီပေါင်းများစွာ။သူတို့ တက္ကသိုလ်၊စာကြည့်တိုက်၊ ကင်တင်းတွေ နေရာအနှံ့ ကျွန်တော်တို့ အတူတူသွားခဲ့ကြသည်။သန့်ရှင်းသပ်ရပ်ကျော့ရှင်းသလောက် အသန့်အရှင်းကြိုက်တဲ့သူ့ကို ကျွန်တော် ပိုမိုတန်ဖိုးထားမိသည်။ဆယ်စုနှစ်တစ်ခု တည်ဆောက်ခဲ့ရတဲ့ ကျွန်တော့် မေတ္တာအိမ်လေးကို ကျွန်တော်တို့ ပနှက်ရိုက်ခဲ့ကြသည်။ငြိမ်းဆင်ခဲ့ကြသည်။
ကျွန်တော့်ဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို အခုနေပြန်တွေး အခုလွမ်းတမ်းတရသည်။ရှင်လိင်ပြန်သော နေ့ကို မမှတ်မိတော့ပါ။သူကြိုက်တာတွေ လိုက်ကြိုက်ရတာ၊သူအပြောတွေ နားထောင်ရတာကို ကျွန်တော်ဘ၀ အတွက် အဓိပ္ပာယ်ပြည့်စုံနေသည်။တစ်သက်လုံးသောက်ခဲ့သော စီးကရက်ကိုတောင် အဲဒီကာလတွေမှာ ကျွန်တော် ဥပက္ခာပြုနိုင်ခဲ့သည်။Shopping Mall တွေအနှံ့၊Coffee Shop တွေအနှံ့ တစ်နေ့မှာ ၂၄ နာရီရတာကိုပင် နည်းတယ် ထင်သည်။သူနေတာက သူဇာတိမြို့လေးလို “အိုးလုပ်သော မြို့”တဲ့။ဘယ်လောက် တိုက်ဆိုင်လှပပါသလဲ။ “ကမာ” ဆိုတာ မွန်လို “အိုး”၊ “ရွတ်” ဆိုတာ “ပြုလုပ်တာ”ပါတဲ့။ “လှည်းတန်း” ရဲ့ညနေ တွေသည် အမြဲချိုလွင်တောက်ပနေခဲ့သည်။အဲဒီတုန်းက လှည်းတန်းကို မွန်းကြပ်တယ်လို့ မခံစားမိပါ။ ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော မဟာရန်ကုန်သည် သူ့အချိုးကို ပြောင်းထားသလို ကျွန်တော် မျက်စိထဲ မြင်မြင်သမျှ လှနေခဲ့သည်။လူတိုင်းမှာ အစွဲအလမ်းတစ်ခုစီတော့ ရှိကြသည်။ကျွန်တော်က ယဉ်ကျေးမှုတွေ စုံတဲ့နေရာ၊ကျယ်ပြန့်ပွင့်လင်းတဲ့ လူအဖွဲ့အစည်းရှိရာ၊မြန်မာအငွေ့အသက်တွေ ဖြန့်ခင်းထားရာ မန္တလေးကိုတော့ ရင်ထဲမှ စွဲလမ်းမိတာပါ။
×××-----×××-----×××-----×××-----×××-----
(၃)
အခုနေ အာလာဒင်မီးခွက်စောင့် ဘီလူးနဲ့တွေ့လို့ လိုရာဆုတောင်းပါ ဆိုရင် “မန္တလေးမှာ ပြန်မွေးပေးပါ” လို့ ပြောမိမှာ အမှန်။မန္တလေးမှာ ကျွန်တော် ကြီးပြင်းခဲ့ရပေမယ့်၊တကယ်မွေးတာကတော့ အမေက ကျွန်တော်ကို မြေလတ်မြို့မှာ ပြန်မွေးခဲ့သည်။ကျွန်တော့် အစွဲအလမ်းတွေကို ပြန်တူးဆွ ပေးခဲ့တာက “ပြုံး”ပါပဲ။သူက ကျွန်တော် ကျွန်တော် လို့ မပြောတတ်သော မန်းသူပါ။ကျွန်တော် နဲ့ “ပြုံး” တို့ online မှာ အမြဲ available ပါ။ အမြင်တွေ ဖလှယ်ကြရင်း ကျွန်တော်က မယ်ဆယ်တန်း၊လိပ်ကန်၊                          ကျောက်တော်ကြီးဘုရား၊ စင်္ကြာသီဟဘုရား၊မန်းလေးတောင် နဲ့ ညဈေးတန်းတွေကို လွမ်းဆွတ်ရသည်။   “ပြုံး”ဟာ ခင်မင်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ပါ။သူနဲ့ စကားပြောရင်း ကာလအကြာကြီးသေနေတဲ့ ကျွန်တော့်ဘ၀သည် တစ်ခါ လန်းဆန်းခဲ့ရသည်။“ပြုံး”သည် ခင်မင်စရာကောင်းသည်။ယဉ်ကျေးသည်။ လိမ္မာသည်။ညီမလေးတစ်ယောက်လို ကျွန်တော့်ကို သတိတွေ ခဏခဏပေးသည်။ကျွန်တော့်ဂရုစိုက်မှုလေး တစ်ခုကိုတောင် ကျေးဇူးတွေ အခါခါတင်လောက်အောင်ကို ကျွန်တော့်အပေါ် အလေးအနက်ထားလွန်းသည်။ “ပြုံး”သည် “စမိုင်းလ်” မဟုတ်ပေမဲ့ “စမိုင်းလ်” ရော “ပြုံး”ပါ ကျွန်တော့်ရဲ့ ငြိတွယ်ရာ ဖြစ်ခဲ့ရသည်။“ပြုံး”ရဲ့ “ကိုကို”ဆိုတဲ့ အသံလေးက ကျွန်တော့်ရင်ထဲကို အနက်ရှိုင်းဆုံးထိ ထိုးဖောက်ဝင်ရောက်သွားသလို ခံစားရသည်။
------×××-----×××-----×××-----×××-----×××-----
(၄)
အနက်ရှိုင်းဆုံး ဘ၀အဓိပ္ပာယ်တွေ ဆက်လက်ဖို့ ကြိုးစားကြရင်း နားလည်မှုတွေ ကြိုးညှိခဲ့သည်။ မြတ်နိုးတတ်လွန်းပေမဲ့ ကျွန်တော့်ရဲ့ စိတ်မရှည်မှုတွေကြောင့် “စမိုင်းလ်” ရဲ့ စိတ်ကို နှောက်ယှက်စေမိသည် ထင်သည်။အဲဒီ အနှောက်အယှက်တွေကတစ်ဆင့် စာကြိုးစားနေရတဲ့ စမိုင်းလ်ကို စိတ်ဒဏ်ရာတွေ ပေးတယ် ထင့်။ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ကို IT နဲ့ Internet နည်းပညာတွေ သင်ပေးခဲ့သည်။ အစိမ်းရောင် တောအုပ်တွေထဲမှာသာ နစ်မြုပ်နေတဲ့ ကျွန်တော် သူ့ကို သိပ်ကျေးဇူးတင်သည်။ကျွန်တော်လည်း သူကို့ အရိပ်သဖွယ်နေပေးခဲ့သည်။အရိုးသားဆုံးဝန်ခံရရင် “ကို”လို့ခေါ်တဲ့“စမိုင်းလ်” ရဲ့ အသံချိုချိုလေးကိုမခွဲနိုင်ဘဲ စွဲလမ်းတပ်မက်ခဲ့ရသည်။ကျွန်တော်ကအနာဂါတ်ကို ပုံဖော်ရင်း“စမိုင်းလ်” ရဲ့ဘေးမှာလျှောက်ရပေမဲ့ သူ့ရင်ထဲကဆူးညှောင့်လေးတွေကို ကျွန်တော်ဖယ်ရှားဖို့တာဝန်ပျက်ကွက်ခဲ့ရသည်။
------×××-----×××-----×××-----×××-----×××-----
(၅)
တစ်နေ့တော့ကျွန်တော့်ရဲ့အတိတ်တွေ စုစည်းထုပ်ပိုးထားတဲ့ စာအုပ်လေးတစ်အုပ်“စမိုင်းလ်” အခန်းထဲ ကျန်ခဲ့မိတယ်။သူဘာတွေသိမြင်သွားလည်းကျွန်တော်မတွေးတတ်ပါ။ကျွန်တော်ဟာအိတ်သွန်ဖာမှောက် မပြောတတ်ပေမဲ့ ဖုံးကွယ်လိမ်ညာတတ်သူတော့ မဟုတ်ပါ။ကျွန်တော့်ဆီမှာရှိသော အတိတ်တို့သည် “စမိုင်းလ်”  နှင့် လွတ်ကင်းတာ များများစားစားမရှိခဲ့ပါ။ကံတရားရဲ့ လွဲချော်သောပစ်မှတ်အချို့ကလွဲရင်ပေါ့။ “စမိုင်းလ်” ရဲ့ အစိမ်းနုရောင်မျက်ဝန်းတို့သည် တဖြည်းဖြည်းပြောင်းလဲလာနေတာ ကျွန်တော်သတိထားမိသည်။ အစိမ်းရင့်ရောင်မျက်ဝန်းတို့ဆီမရောက်ခင် ကျွန်တော်တို့ညှိနှိုင်းတိုင်ပင်ဖို့မရသေးခင်အချိန် တာဝန်ဝတ္တရားအချို့က ကျွန်တော်ကိုစိုက်ခင်းတွေဆီပြန်ခေါ် သွားတော့သည်။ဒါလည်းပဲ ကံတရားရဲ့လွဲချော်သော ပစ်မှတ်တစ်ခုပေပဲလား။ ဖိစီးတဲ့အလုပ်တွေကြားမှာ ကျွန်တော်ပျောက်ကွယ်လုမတတ်၊ကျွန်တော့်Mail box ထဲက “စမိုင်းလ်”  ရဲ့စာသည် ကျွန်တော့်ကိုထိခိုက်စေခဲ့သည်။ သို့ပေမဲ့“စမိုင်းလ်” ကို ကျွန်တော်ဆက်သွယ်စရာ အစအနလေးတောင်မရှိခဲ့ပါ။ကဗျာဆရာမင်းထက်ငြိမ်းရေးဖွဲ့ထားသလို  ထိုနေ့က ကျွန်တော်တို့   ကိုယ်စီကိုယ်ငှ လိုင်းမကောင်းကြပါ။စာတိုလေးတစ်စောင်တောင်မပြန်နိုင်ခဲ့ပါ။
ဆယ်စုနှစ်တစ်ခုကျော် တည်ဆောက်ခဲ့ရသော ကျွန်တော်တို့၏ နားလည်မှု၊ သံယောစဉ်၊ ချစ်ခြင်း မေတ္တာတရားတို့သည် ဘယ်မှာအဆုံးသတ်မှာပါလိမ့်။(၄)လကျော်ကြာပြီးနောက်ကျွန်တော့်ရဲ့Mail box ထဲကို ဒုတိယVirus တစ်ကောင်ဝင်ရောက်လာပြန်သည်။ “Ko Kaung Htet………I have no longer with you ! ……..Smile” တဲ့။ကျွန်တော်တို့ တက္ကသိုလ်ဒုတိယနှစ်ကတည်းက ရေးခဲ့တဲ့အတိုင်း သူကအင်္ဂလိပ်လို   ရေးထားသည်။ကျွန်တော်ရေရွတ်စရာက လုံးဝ မသက်ဆိုင်တော့ပါ တဲ့။တစ်ကယ့်ကို ကျွန်တော်တို့ လုံးဝ မသက်ဆိုင်တော့ဘူးလား။အချိန်ကာလ(၄)လ(၅)လဆိုသည်မှာ အခြားသူအတွက်ကတော့ လုပ်စရာ Schedules တွေများနိုင်ပေမဲ့ ကျွန်တော့်လို စိုက်ပျိုးရေးသမားအတွက်ကတော့သီးနှံတစ်ခုခုထဲ ခေါင်းတိုးဝင်ဖို့ လိုအပ်သော အချိန်ကာလတစ်ခုမျှသာ။ကျွန်တော်ခေါင်းမဖော်နိုင်ခဲ့ပါ၊အစိမ်းရောင်တွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ ရိတ်သိမ်းပြီးတော့ “စမိုင်းလ်” က ကျွန်တော့်ရင်ထဲကို အစိမ်းရင့်ရောင်တောအုပ် တစ်အုပ် ကြဲပက်သွားခဲ့သည်။ အခုတော့ လုံးဝ မသက်ဆိုင်တော့ပါ ------------တဲ့။
 ×××-----×××-----×××-----×××-----×××-----
(၆)
“စမိုင်းလ်” ကို ဆက်သွယ်စရာ Email ၊ Facebookများကို တိုးဝင်ခဲ့ပေမဲ့ “စမိုင်းလ်” သည် အမြဲ offline ဖြစ်နေခဲ့ပါသည်။သူရဲ့ Profile လည်းဝင်မရခဲ့ပါ။Messages လည်း ချန်ထားခဲ့လို့ မရပါ။နောက်ဆုံးအနေနဲ့ ကျေးဇူးတင်တာကတော့ ၂၀၁၀ ခုနှစ် ကျွန်တော့်မွေးနေ့ ကျွန်တော့် Facebook စာမျက်နှာမှာ “ကိုကောင်းထက် မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုတဲ့ စမိုင်းလ်ရဲ့ သတိရမှုလေးတစ်ခုသာ။
တေးရေးဆရာဝင်းမင်းထွေးရဲ့စကားလုံးလို “ကြိုတင်ကာ ဇာတ်ညွှန်းဖတ်မလာသူ------------ဘ၀ဟာ-------မင်းသားတစ်ယောက်ပါပဲ။” ဒီသံစဉ်စာသားလေးက ဇော်ဝင်းထွဋ်ရဲ့အသံရှရှလေးနဲ့ ကျွန်တော့် ရင်ထဲ ခဏခဏရောက်လာတတ်သည်။ကျွန်တော်ကို ကျွန်တော် ကျွန်တော့်ဘ၀ရဲ့မင်းသားလို့ ထင်မှတ်မှားခဲ့မိတာပါ။တစ်ကယ်တော့ကျွန်တော်ဟာ ကံကြမ္မာမင်းသားကို ပို့ရတဲ့ဇာတ်ပို့တစ်ယောက်မျှသာပဲ။
ကျွန်တော်ချစ်တဲ့ မန်းမြေကို ခြေချဖို့ ကြိုးစားရင်း ခရီးနှင်ရဦးမှာပါ။နောက်ထပ်တစ်ကြိမ် ဆောက်ထားတဲ့ အိမ်လေးမှာတော့ ဘယ်လိုစခန်းသွားရဦးမှာလဲ။ “စမိုင်းလ်” ကို သက်ဆိုင်သေး ပါသလား။“စမိုင်းလ်” က လုံးဝ မသက်ဆိုင်တော့ပါ ဆိုရင် ကျွန်တော်အနေဖြင့် အခုလို “လုံးဝ မသက်ဆိုင်တော့ပါ” လို့ “ပြုံး”ရဲ့ အပြုံးကို ကြည့်ရင်း ကျွန်တော် ပြောနိုင်အောင် ကြိုးစားရပါလိမ့်မယ်။   ။
လုံးဝ  မသက်ဆိုင်တော့ပါ။
မောင်နေပြာ

Sep 8, 2012

နှစ်ပတ်လည်




အိမ်ဝင်းထဲရောက်တယ်ဆိုရင်ပဲ ဧည့်သည်ဖြစ်သော ခွေးက အိမ်ရှင်မဟုတ်သော
သူကို ဟောင်သည်။ ဒီအိမ်ကိုငှားနေခဲ့တာ သင်္ကြန်တစ်ခါကျပြီး သီတင်းကျွတ်
တစ်ခါရောက်ခဲ့ပြီးပြီ။ခွေးသည် အလည်လာရင်း သူ့ရဲ့သမိုင်းပေးအလုပ်ကို
သခင်အားရ ကျွန်ပါးဝသည်။ခွေးမှာသခင်မရှိ။သူ့မှာလည်း သခင်မရှိ။သော့ဖွင့်ပြီး
သူ့ပေါ်ခိုစီးလာသော လွယ်အိတ်ကိုပစ်ချလိုက်သည်။တိုင်ကပ်နာရီကို
တစ်ချက်လှမ်းကြည့်လိုက်သည်။စားပွဲတင်ပန်းအိုးထဲမှပန်းသည်ဘာအရောင်မှန်း မသိတော့။ဘယ်နှစ်နာရီမှန်း သူမသိလိုက်။သိရန်လည်းမလို။သိဖို့လည်း
အကျိုးမရှိ။စားပွဲအောက်က ၀ီစကီပုလင်းကို ယူကာ အသင့်တွေ့သော
ခွက်ထဲသို့ နှစ်ပက်ခန့်   လောင်းထည့်လိုက်သည်။ရေရှာရင်း 
အိမ်အ၀င်သော့ခလောက်တွင် ချိတ်ထားသောစာကို သတိရမိသည်။
သူ့ဆီအရေးတကြီး စာပို့စရာမရှိ။အရက်သည် သွေးထဲမှာကောင်းစွာ အလုပ်
လုပ်ပြီး ရင်ထဲသို့ပူဆင်းသွားသည်။ စာအိတ်ပေါ်မှာ သူ့နာမည် “ကိုဇော်မင်း”လို့
ရေးထားသော လက်ရေးသော့သော့။

လူတွေကို ငြီးငွေ့အောင်မလုပ်ရဘူးလို့ ဇေယျာ ခဏခဏပြောလေ့ရှိသည်။
အဲဒီတုန်းကတောင်ကုန်းလေးနဲ့ ပနံတင့်သော တက္ကသိုလ်ပရ၀ဏ်မှာ။
ဈေးရောင်းရင်း ကျောင်းလာတက်သောဇေယျာ သဘောင်္တက်ရန်
 ကြိုးစားနေသော မင်းအောင်နှင့်တွေ့သည်။၎င်းသကောင့်သား 
မင်းအောင်တက်မည်ဆိုသော သင်္ဘောမှာ ရေမချရသေး။ဘယ်တော့မှလည်း
 ရေမချဖြစ်တော့ချေ။မလှပသော သူ့ရုပ်ကိုမှ အားမနာ၊သူသည်
မိန်းကလေးများကို စူးရှာသောမျက်လုံးများဖြင့်တရှိုက်မက်မက်
ကြည့်တတ်သည်။အခုဆို အနှီးမိန်းကလေးများသည် မိန်းမလတ်၊
မိန်းမကြီးတွေဖြစ်ကုန်ကြပြီ။သူသည်စီးကရက်ကိုတော့
တရှိုက်မက်မက်ရှုရှိုက်တုန်း။ ရှူရှိုက်စရာ မိန်းမကား မရှိသေး။
မိန်းမများ၏အလှကိုဖွဲ့ရာ“cute”ဟူသော စကားလုံးကို အမြင့်မား ဆုံးသုံးစွဲတတ်သူ၊ကွန်မြူနစ်ဗီယက်နမ်မြေမှ ပြန်ရောက်လာသော ပညာတတ်ညာဉ်အပြည့် နှင့်မင်းအောင်တစ်ယောက် ဒီဇာတ်လမ်းကိုစသည်။
ကျော်စိုးစကားများကိုသုံးရလျှင် ဒီကောင် ၀က်ထောလာသည်။
ဒါမျိုးတွေ ၀ါသနာပါသော ကိုတင့်ကအဆင်းမှာဘီးတပ်ပေးသည်။ သူတို့အားလုံးအတွက် တွေ့ဆုံမှုလေးသည်ဒီလိုအဆိုတင်သွင်းသူ၊
ထောက်ခံသူတွေနှင့်တကွ ရုပ်လုံးပေါ်လာတော့သည်။

 မြို့တော်တစ်ခုတည်းမှာနေထိုင်ရင်း၊ကိုတင့်မတွေ့အောင်ရှောင်ခဲ့သော
မောင်သုနှင့် မျက်နှာချင်းဆိုင်ရတော့ပေမည်။ကိုတင့် ကုမဏီအလုပ်တွေ
ဒီနေ့ပြီးအောင်ဖြတ်မှဖြစ်သည်။အိမ်မြှောင်တစ်ကောင်ကိုကြည့်ရင်း
စုပ်တစ်ချက်သပ်ကာလေးထပ်ရှိသော၊သူ မပိုင်သောတိုက်ခန်းဆီမှ
မောင်သုအမောတကော ပြေဆင်းလာသည်။“ကျွန်းကလေး”ကို
စတိုင်မပျက်ဘဲ အကုန်အကျနည်းနည်းနှင့် ဘယ်လိုရောက်အောင် သွားရမလဲ သူစဉ်းစားသည်။စဉ်းစားရတာတွေများလွန်းလို့ စဉ်းစားစရာတွေတောင်
ပြန်စဉ်းစားတတ်သော မောင်သုတစ်ယောက် ဘတ်စ်ကားခေါင်းခန်းကို
သတိရမိသည်။

ဘတ်စ်ကားခေါင်းခန်းမှာ စီးသူရယ်၊
ပွဲဖြစ်လို့ဘီယာဆိုင်ထိုင်တတ်သောနွားပွဲစားရယ်၊
ဝင်ကစွတ်ရယ်သည် သွေးသောက်ညီအစ်ကိုတွေပဲလို့ ဇေယျာပြောဖူးသည်။
အခုတော့ဇေယျာလည်း အိမ်ကမိန်းမ မပါလာတာကို ဘယ်လိုလိမ်ရမလဲ
အကြံထုတ်နေရသည်။သူသေလို့ အုတ်ဂူမှာ စာတမ်းတစ်ခုခုရေးကြေးဆိုရင် “စာတမ်းတွေကိုခဏခဏရွတ်တတ်သူ” လို့ရေးသင့်သည်။သူ့အနေဖြင့်ကတော့ စာတမ်းရေးဖို့မလိုပြီ။ဇေယျာသည်မအောင်မြင်သော ကဗျာဆရာ၊
ချစ်သူလှလှများနှင့် အကြိမ်ကြိမ်လွဲခဲ့ရသောမြှာပွေသူသာ။
ဒီနေရာမှာနေမျိုး နှင့်လုံးလုံးမတူပါ။

နေမျိုးသည် တစ်တောင့်တည်းသောကျည်ဖြင့် တစ်ချက်တည်း
မှန်အောင်ပစ်ခတ်နိုင်သူသာဖြစ်သည်။ခေါင်းအုန်းချင်းပေါင်းဖို့ အရင်းကြီးကြီး
ပေးခဲ့ရတယ်လို့ စွန်ရဲတစ်ကောင်တောင်ပံခတ်ဖူးသည်။အဲဒီအချိန်တုန်းက ကြက်မွေးဖို့ကြိုးစားနေသောမင်းအောင်ထံကြက်ငှက်တုပ်ကွေးလက်ဆောင်
ပေးဖို့ကြံစည်ဖူးသည်။တက္ကသိုလ်မြို့လေးမှာအာဂန္တုလုပ်နေသောဇော်မင်းနှင့်
ဆုံခဲ့ရတာလွန်ခဲ့သော(၃)နှစ်ခန့်က။ကံကောင်းသူဇော်မင်းတစ်ယောက်
တက္ကသိုလ်မြို့လေးမှာ တက္ကသိုလ်အငွေ့အသက်နှင့်မဝေး။မူယာမေနှင့်နီးနီးလေး။
မူယာမေ၊နေမျိုး၊ကျော်စိုးတို့သည် လ္ဘက်ရည်ဆိုင်စကားဝိုင်းတွေမှာ
အချိန်ကာလတွေကို အတူတူကြိတ်ဝါးဖူးသည်။နေမျိုးရဲ့ကျည်ကို
မရှောင်နိုင်သူသည်မူယာမေ၏သူငယ်ချင်းဖြစ်သည်။
ကျော်စိုးရော မူယာမေကိုပစ်ခတ်ဖို့ကြိုးစားခဲ့ပါသလား။
ကျော်စိုးသာသိပါလိမ့်မည်။အခုတော့ ကျော်စိုးနှင့်ကိုတင့်သည် အိမ်သူ
သက်ထားချင်း အနုအရင့်ပြိုင်နေကြပေပြီ။ကျော်စိုးရှိရာ ပင်လယ်ကမ်းစပ်ဆီသို့ 
ကိုတင့်သွားဖို့ ကြိုးစားသလိုဇေယျာလည်း မရောက်ခဲ့ပါ။

ဇေယျာရောက်ဖြစ်ခဲ့တာက အလုပ်ဝင်ချိန်မှတက္ကသိုလ်ဆီသို့။ကျောင်းသို့
အလွမ်းသင့်နေသောကျော်စိုး တစ်နှစ်ပြီးတစ်နှစ်နေရင်း လာသမျှ
သူငယ်ချင်းတွေကိုဝတ်မပျက်စေရ။လူတော်တွေကဒုတိယနှစ်မှာ ကျလေ့ရှိတယ်ပြောခဲ့တာ ဇေယျာပဲမဟုတ်လား။စာမေးပွဲတွေ
အကြောင်း မပြောကြေးဆိုပြီး ကျော်စိုးက ဇေယျာကို ရီဝေစေခဲ့သည်။
နောက်တော့လည်း ဇေယျာ ရှမ်းတောင်တန်းဆီသို့အပြန်ကျော်စိုးက 
ဘ၀ကို ပင်ပေါင်တစ်လုံးလို ဇတ်တောက်ဇတ်တောက် ခုန်စေခဲ့သည်။
------x--------x---------
(၂)
“သူငယ်ချင်းအားလုံးကိုတောင်းပန်းပါတယ်”
ပြောရင်းကျွန်းကလေးမှ“ဟာမိုနီ” ဆိုင်လေးထဲသို့ ၀င်လာသည်။
“ဟိုက်”
 “ဇလွန်ကဟာမိုနီကကျွန်းကလေးကိုဘောက်မဲ့ကြောင့်ရောက်နေရတာတုန်း။”
ဘာကိုမှအလေးအနက်မထားဟန်ဖြင့် ကျော်စိုးကဆိုသည်။
ဒါတွေကြောင့်ခက်တာလို့ ဇော်မင်းတွေးနေမိသည်။နေမျိုးကမျက်မှန်ပင့်ရင်း တစ်ချက်ဝင့်ကြည့်လိုက်သည်။ရုပ်ရှင်ထဲမှာဆို မိန်းကလေးများ သဘောကျသော စတိုင်နဲ့ပေါ့။အဆီအငေါ့မတည့်စွာဘဲ ကိုတင့်စဉ်းစားနေမိသည်။
နေမျိုး ဘာကြောင့်များ သမီးရည်းစား တစ်ကောင်တစ်မြီးမှ မထားခဲ့ဘူးတာလဲ။
သူ့ထက်တော့ နေမျိုး အိမ်ထောင်ကျ စောခဲ့သည်။ကျောင်းတုန်းက
စတိုင်ကျခဲ့သော ကိုတင့်သည် အရောင်မရှိတော့သော သူ့စတိုင်
ဘောင်းဘီအတွက် စိတ်စနိုးစနောင့် ဖြစ်နေသည်။သူ့မိန်းမ 
သူနာပြုဆရာမကသူငယ်ချင်းတွေနဲ့တွေ့ရင် အရက်တွေအများကြီး
မသောက်နဲ့လို့ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်လိုက်သည်။
ဇေယျှဖန်ခွက်၈လုံးသူရှေ့မှာထားပြီCommissionerကိုအညီအမျှထည့်သည်။
အားလုံးအတွက်တစ်ယောက်တစ်ခွက်၊မူယာမေ့အတွက်codeဘူး၁ဘူး။
အလကားနေရင်းကြီးကျယ်ချင် ကြီးကျယ်နေတတ်သောဇေယျာက
“အားလုံးcheerလိုက်ကြရအောင်”

မင်းသူကအရက်ခွက်ကိုမြှောက်ရင်း မနက်ကဓားထိထားသောမေးစေ့ကို
ဖန်ခွက်ဖြင့်ပွတ် နေ လိုက်သည်။အခြေအနေတွေကိုလှည့်စားတတ်သော
သူကရထားသောဘွဲ့ဖြင့်အသက်မမွေးဘဲနိုင်ငံရပ်ခြားသို့ သွားစီးပွားရှာသည်။
မျက်စိမလည်တတ်သောကံကြမ္မာကမလေးရှားကလား၊စင်္ကာပူကလားမသိ
သူကိုပဲခူးရောက်အောင်ပြန်ပို့လိုက်သည်။ဝေးကွာခဲ့သော(၅)နှစ်တာအတွက်
သူငယ်ချင်းတွေရဲ့ရုပ်သွင်ကိုကြည့်ချင်လို့ “ဟာမိုနီ” ကိုရောက်လာသည်။
ဟာမိုနီသည်ဟာမိုနီမဖြစ်။ဇေယျာကစီးကရက်တစ်လိပ်ကိုကောက်မီးညှိသည်။
မင်းအောင် ထံစီးကရက်ဘူးကိုလှမ်းပေးလိုက်သည်။ အဓိပ္ပာယ်မဲ့
ငေးငိုင်နေတာနဲ့စာရင် စီးကရက်တစ်လိပ်ကသက်တောင့် သက်တာဖြစ်စေသည်
ဟုမင်းသူထင်သည်။

“ကျွန်တော်စပြောမယ်”
ဟုအမြဲယဉ်ကျေးတတ်သော ကိုတင့်က စလာသည်။သူနာပြုဆရာမလေး နဲ့လွန်ခဲ့သော(၂)နှစ်ခန့်ကလက်ထပ်ဖြစ်ကြောင်း၊ အဲဒီအချိန်မှာမင်းအောင်၊
မင်းသူနှင့် မူယာမေတို့နိုင်ခြားရောက် နေတယ်လို့ပြောသွားသည်။တောထဲ
တစ်နေရာတွင်ရောက်နေသော ဇေယျာကိုလဲမမေ့မလျော့ပြောသည်။
အားလုံးကိုခွင့်လွှတ်သောမျက်နှာထားကသူ့ထံတွင်ပေါ်နေသည်။
သူ့မင်္ဂလာဆောင်ကိုမလာတဲ့ကိစ္စလို့ထင်သည်။
ဒါ ပေမဲ့သူထင်ထားသလိုအပြစ်တစ်ခုကျူးလွန်တယ်လို့ ဘယ်သူမှမထင်ပါ။ အပိုတွေပြောနေတာလို့ကျောင်းက တည်းကမတည့်သောမောင်သုက
စိတ်ထဲမှာပြောချလိုက်သည်။

မူယာမေသည်ဒီကြောင်တောင်တောင်နိုင်လှသော ယောင်္ကျားလေး(၈)ရောက်နဲ့မှ အပေါင်းအသင်း ဖြစ်မိသည်။ဒါကြောင့်ငါအပျိုကြီးဖြစ်တာလို့ဖြေတွေးတေွးသည်။
သူဘ၀င်မြင့်တာတော့မတွေးမိချေ။ကျောင်းတုန်းက သံယောစဉ်ရှိသော
 ဇေယျာကိုကြည့်မိတော့ စီးကရက်ငွေ့တွေကြားမျက်နှာကိုမှုန်ဝါးဝါးမြင်ရသည်။
 ဇေယျာကမူယာမေ၏လုံးသောနှာတံနှင့်ပြုံးသောနှုတ်ခမ်းကိုတပ်မက်ခဲ့ဖူးသည်။
အချတော့ဒါတွေအိပ်မက်ဖြစ် သွားပြီဟု ၀တ္ထုဆန်ဆန်သဘောထားလိုက်သည်။
မင်းသူသာသိရင်ဇေယျာကို “---ရူး”လို့ဆဲလိမ့်မည်။
မင်းသူ သည်လူမှုရေးစည်းကမ်းတွေကိုယုံကြည်လေးစားသူသာ။
မင်းသူသည်အားလုံး၏တိုင်ပင်အားထားရာတွေရှိခဲ့ဖူးသည်။
သူကအတွေးရှင်းသလိုအနေရှင်း သည်။
အနေရှုပ်သောမောင်သု၏အခြေအနေကိမူယာမေကစိုးရိမ်သည်။
စိုးရိမ်တော့လည်းဘာမှဖြစ်မလာပါ။

“နင် ယောင်္ကျားမရသေးဘူးလား”
လို့ကျော်စိုးကမေးသည်။မူယာမေအငိုက်မိသွားသည်။
ရှက်ဟန် ဆောင်တာလည်းဖြစ်နိုင်သည်။အသက်(၃၀)ကျော်မိန်းမ
တစ်ယောက်ရဲ့အရှက်လို့မင်းအောင်တွေးမိသည်
ငါ လည်းလူပျိုပဲလို့မင်းအောင်ဖာသာစိတ်ကူးလိုက်မိသည်။
“နင့်အလုပ်လား”မူယာမေကပြန်ပက်သည်။
“မရသေးရင်သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ရွေးလို့ပြောမလို့”
ကျော်စိုးက အလိုက် ကန်းစိုးမသိ ဆက်ပြောသည်။

ရင်ခုန်သွားသောဇေယျာက ကျော်စိုးကိုစိတ်ထဲမှကျိန်ဆဲလိုက်သည်။မင်းအောင်က ရွာနားမြက်ရွာသွားမလားဟူသောအထာဖြင့်ဗီယက်နမ်ယဉ်ကျေးမှုနှင့်လူမှုရေး
အကြောင်းအကျယ်တ၀င့်ပြောပြနေသည်။ငါမူယာမေဆီဖုန်းဆက်တာ
တစ်ယောက်ယောက်များသိနေသလားလို့ဇော်မင်းစိတ်ပူမိသည်။
ဇေယျာကိုကြည့်လိုက်တော့တောင်တောင်အီအီ။
နေမျိုးတစ်ယောက်ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့၊မင်းအောင်စကားမှာနစ်ဝင်နေသည်။

“မင်းဗီယက်နမ်ကိုနောက်တစ်ခေါက်ဘယ်တော့သွားမလဲ”
လို့နေမျိုးကမေးသည်။မင်းသူကိုသူ့ဆီအလည်လာဖို့မောင်သုအကြိမ်ကြိမ်မှာနေသည်။
မင်းသူကိုများတက္ကသိုလ်ပါမောက္ခချုပ်ထင်နေသလားမသိ။
လွတ်လပ်ပေါ့ပါးပြီးသန့်ရှင်းသပ်ရပ်စွာနေတတ်သောမင်းသူသည်
သူတို့တက္ကသိုလ်ပါမောက္ခတစ်ယောက်နှင့်အတော်တူသည်။
သားအဖဆိုယုံလောက်သည်။
အခုတော့အဲဒီ ဆရာတောင် တက္ကသိုလ်ပါမောက္ခချုပ်ဖြစ်နေလေပြီ။
လူအုပ်ထဲမှာကြာကြာနေလို့လားမသိငြီးစီစီဖြစ်လာသည်။မူယာမေက
ပန်ကာထဖွင့်သည်။သတိရခြင်းတွေက လည်းနာရီအနည်းငယ်တောင်မခံပါလား။ “မြစ်တစ်စင်းကဲ့သို့နှစ်ခါဆင်းလို့မရဘူး” ဆိုတာ အနောက်တိုင်းတွေးခေါ်ရှင်တစ်ယောက်ပြောခဲ့တာပဲ။တက္ကသိုလ်တုန်းက
အကြောင်းတွေ၊သုတေသနစာတမ်း တွေလုပ်ခဲ့တာတွေ၊ရေခြားမြေခြားနေခဲ့
တာတွေပြန်ဆင်ခြင်မိသည်။
မူယာမေသည်အတွေးထဲမှာမျောရင်း ကျွန်းကလေးအလှကိုအခုမှခံစားမိသည်။
Expressကားတစ်စီးအရှိန်ပြင်းပြင်းနဲ့ဖြတ်မောင်းသွားသည်။စတိုင်ကျသောအမျိုးသားကြီး
တစ်ယောက် နှင့်တူမအရွယ်မိန်းမချောလေးတစ်ယောကဆိုင်ထဲဝင်ထိုင်သည်။
နေမျိုးကဒီညကားဖြင့်ပြန်လာခဲ့မည့် အကြောင်းမိန်းမထံဖုန်းဆက်ဖို့
သတိရလာသည်။မင်းအောင်ရှေ့ကစီးကရက်ကဘူးခွံသာ ကျန်တော့သည်။
 ကျော်စိုးတစ်ယောက်ချင်းဆီလိုက်ကြည့်ပြီး စကားစဆွဲထုတ်နေသည်။
တချို့ကမသိချင်ယောင်ဆောင်နေသည်။ လေယာဉ်ပျံအကြောင်းပြောရမလား၊
မိုးကုတ်ကျောက်ဝိုင်းအကြောင်းပြောရမလား၊မွန်မလေးအကြောင်း စရမလား
 ဇော်မင်းဝေခွဲရပုံမရ။သူ့မိန်းမပြန်ရောက်မည့်အချိန်ကိုတင့်မှန်းဆမိသည်။
မင်းအောင်ကားနဲ့လူကြုံလိုက်လို့ရတာကို တွက်နေသည်။ အရက်ထပ်သောက်
ရအောင် မင်းအောင်ကိုဇေယျာဆွဲထားချင်သေးသည်။ဒီနေ့တော့ကျော်စိုး၊
မင်းအောင် အိမ်မှာအိပ်မှဖြစ်မည်။တပည့်တွေနှင့်လွှတ်ထားခဲ့သော်သူ့ဆိုင်ကို
ကျော်စိုးတစ်စက်ကလေးမှစိတ်မပူမိ။
“ဘာလိုလိုနဲ့တို့တွေဘွဲ့ရတာငါးနှစ်တင်းတင်းပြည့်ပြီ”

အားလုံးသိပြီးသားအကြောင်းရာကိုနေမျိုးကထပြောသည်။
“မင်းသူငါ့ကိုတက္ကစီငှားပေးဦး”မူယာမေကပြောသည်။ည(၉)နာရီလောက်ရှိပြီ။
ဖုန်းခေါ်သံနှင့် အတူဇော်မင်းကသူ့ခါးစမ်းနေသည်။နံရံမှာမယ်လိုဒီလား၊
သဥာဝင့်ကျော်လားမသိ တွန့်လိမ်ပြနေသော၂၀၀၈ ပြက္ခဒိန်တစ်ခု
ချိတ်ထားသည်။

“ငါမှဘွဲ့မရခဲ့တာ”
ကျော်စိုးပြောတော့အားလုံးထဖို့ပြင်နေကြပြီ။
ဘောက်ဆူးအဖြစ် ငွေ၂၀၀၀ကိုဇော်မင်းကစားပွဲထိုးထံကမ်းသည်။
မင်းသူကအပြုံးနှင့်နှုတ်ဆက်သည်။အသာအယာလေးလာပေးသော
ဘီလ်(bill)ကို မင်းအောင်က တစ်ချက်ဝှေ့ကြည့်သည်။

“Show Towerတစ်ခု”လို့တစ်ယောက်ယောက်ကတောင်းလိုက်သည်။
စားပွဲပေါ်မှာဖန်ခွက်၊ပန်းကန်ပြားနှင့်စီးကရက်ပြာခွက်တစ်ချို့ပြန့်ကျဲနေ သည်။
သူ့အခန်းကို အခုမှကျရောက်လာသလို ဟန်မျိုးဖြင့်စားပွဲထိုးလေးက
လိုက်သိမ်း လို- - - - - - - - - - - - - - - ။
 ဆိုင်လေးသည်ဘာမှမဖြစ်ခဲ့သည့်အတိုင်းပြန်လည်တိတ်ဆိတ်လို့။

မောင်နေပြာ

August\2008
သူငယ်ချင်းအားလုံးကို ချစ်ခင်လျှက်၊
တစ်စုံတစ်ရာထိခိုက်နစ်နာစေလိုသောစေတနာမပါပါ။