Sep 8, 2012

နှစ်ပတ်လည်




အိမ်ဝင်းထဲရောက်တယ်ဆိုရင်ပဲ ဧည့်သည်ဖြစ်သော ခွေးက အိမ်ရှင်မဟုတ်သော
သူကို ဟောင်သည်။ ဒီအိမ်ကိုငှားနေခဲ့တာ သင်္ကြန်တစ်ခါကျပြီး သီတင်းကျွတ်
တစ်ခါရောက်ခဲ့ပြီးပြီ။ခွေးသည် အလည်လာရင်း သူ့ရဲ့သမိုင်းပေးအလုပ်ကို
သခင်အားရ ကျွန်ပါးဝသည်။ခွေးမှာသခင်မရှိ။သူ့မှာလည်း သခင်မရှိ။သော့ဖွင့်ပြီး
သူ့ပေါ်ခိုစီးလာသော လွယ်အိတ်ကိုပစ်ချလိုက်သည်။တိုင်ကပ်နာရီကို
တစ်ချက်လှမ်းကြည့်လိုက်သည်။စားပွဲတင်ပန်းအိုးထဲမှပန်းသည်ဘာအရောင်မှန်း မသိတော့။ဘယ်နှစ်နာရီမှန်း သူမသိလိုက်။သိရန်လည်းမလို။သိဖို့လည်း
အကျိုးမရှိ။စားပွဲအောက်က ၀ီစကီပုလင်းကို ယူကာ အသင့်တွေ့သော
ခွက်ထဲသို့ နှစ်ပက်ခန့်   လောင်းထည့်လိုက်သည်။ရေရှာရင်း 
အိမ်အ၀င်သော့ခလောက်တွင် ချိတ်ထားသောစာကို သတိရမိသည်။
သူ့ဆီအရေးတကြီး စာပို့စရာမရှိ။အရက်သည် သွေးထဲမှာကောင်းစွာ အလုပ်
လုပ်ပြီး ရင်ထဲသို့ပူဆင်းသွားသည်။ စာအိတ်ပေါ်မှာ သူ့နာမည် “ကိုဇော်မင်း”လို့
ရေးထားသော လက်ရေးသော့သော့။

လူတွေကို ငြီးငွေ့အောင်မလုပ်ရဘူးလို့ ဇေယျာ ခဏခဏပြောလေ့ရှိသည်။
အဲဒီတုန်းကတောင်ကုန်းလေးနဲ့ ပနံတင့်သော တက္ကသိုလ်ပရ၀ဏ်မှာ။
ဈေးရောင်းရင်း ကျောင်းလာတက်သောဇေယျာ သဘောင်္တက်ရန်
 ကြိုးစားနေသော မင်းအောင်နှင့်တွေ့သည်။၎င်းသကောင့်သား 
မင်းအောင်တက်မည်ဆိုသော သင်္ဘောမှာ ရေမချရသေး။ဘယ်တော့မှလည်း
 ရေမချဖြစ်တော့ချေ။မလှပသော သူ့ရုပ်ကိုမှ အားမနာ၊သူသည်
မိန်းကလေးများကို စူးရှာသောမျက်လုံးများဖြင့်တရှိုက်မက်မက်
ကြည့်တတ်သည်။အခုဆို အနှီးမိန်းကလေးများသည် မိန်းမလတ်၊
မိန်းမကြီးတွေဖြစ်ကုန်ကြပြီ။သူသည်စီးကရက်ကိုတော့
တရှိုက်မက်မက်ရှုရှိုက်တုန်း။ ရှူရှိုက်စရာ မိန်းမကား မရှိသေး။
မိန်းမများ၏အလှကိုဖွဲ့ရာ“cute”ဟူသော စကားလုံးကို အမြင့်မား ဆုံးသုံးစွဲတတ်သူ၊ကွန်မြူနစ်ဗီယက်နမ်မြေမှ ပြန်ရောက်လာသော ပညာတတ်ညာဉ်အပြည့် နှင့်မင်းအောင်တစ်ယောက် ဒီဇာတ်လမ်းကိုစသည်။
ကျော်စိုးစကားများကိုသုံးရလျှင် ဒီကောင် ၀က်ထောလာသည်။
ဒါမျိုးတွေ ၀ါသနာပါသော ကိုတင့်ကအဆင်းမှာဘီးတပ်ပေးသည်။ သူတို့အားလုံးအတွက် တွေ့ဆုံမှုလေးသည်ဒီလိုအဆိုတင်သွင်းသူ၊
ထောက်ခံသူတွေနှင့်တကွ ရုပ်လုံးပေါ်လာတော့သည်။

 မြို့တော်တစ်ခုတည်းမှာနေထိုင်ရင်း၊ကိုတင့်မတွေ့အောင်ရှောင်ခဲ့သော
မောင်သုနှင့် မျက်နှာချင်းဆိုင်ရတော့ပေမည်။ကိုတင့် ကုမဏီအလုပ်တွေ
ဒီနေ့ပြီးအောင်ဖြတ်မှဖြစ်သည်။အိမ်မြှောင်တစ်ကောင်ကိုကြည့်ရင်း
စုပ်တစ်ချက်သပ်ကာလေးထပ်ရှိသော၊သူ မပိုင်သောတိုက်ခန်းဆီမှ
မောင်သုအမောတကော ပြေဆင်းလာသည်။“ကျွန်းကလေး”ကို
စတိုင်မပျက်ဘဲ အကုန်အကျနည်းနည်းနှင့် ဘယ်လိုရောက်အောင် သွားရမလဲ သူစဉ်းစားသည်။စဉ်းစားရတာတွေများလွန်းလို့ စဉ်းစားစရာတွေတောင်
ပြန်စဉ်းစားတတ်သော မောင်သုတစ်ယောက် ဘတ်စ်ကားခေါင်းခန်းကို
သတိရမိသည်။

ဘတ်စ်ကားခေါင်းခန်းမှာ စီးသူရယ်၊
ပွဲဖြစ်လို့ဘီယာဆိုင်ထိုင်တတ်သောနွားပွဲစားရယ်၊
ဝင်ကစွတ်ရယ်သည် သွေးသောက်ညီအစ်ကိုတွေပဲလို့ ဇေယျာပြောဖူးသည်။
အခုတော့ဇေယျာလည်း အိမ်ကမိန်းမ မပါလာတာကို ဘယ်လိုလိမ်ရမလဲ
အကြံထုတ်နေရသည်။သူသေလို့ အုတ်ဂူမှာ စာတမ်းတစ်ခုခုရေးကြေးဆိုရင် “စာတမ်းတွေကိုခဏခဏရွတ်တတ်သူ” လို့ရေးသင့်သည်။သူ့အနေဖြင့်ကတော့ စာတမ်းရေးဖို့မလိုပြီ။ဇေယျာသည်မအောင်မြင်သော ကဗျာဆရာ၊
ချစ်သူလှလှများနှင့် အကြိမ်ကြိမ်လွဲခဲ့ရသောမြှာပွေသူသာ။
ဒီနေရာမှာနေမျိုး နှင့်လုံးလုံးမတူပါ။

နေမျိုးသည် တစ်တောင့်တည်းသောကျည်ဖြင့် တစ်ချက်တည်း
မှန်အောင်ပစ်ခတ်နိုင်သူသာဖြစ်သည်။ခေါင်းအုန်းချင်းပေါင်းဖို့ အရင်းကြီးကြီး
ပေးခဲ့ရတယ်လို့ စွန်ရဲတစ်ကောင်တောင်ပံခတ်ဖူးသည်။အဲဒီအချိန်တုန်းက ကြက်မွေးဖို့ကြိုးစားနေသောမင်းအောင်ထံကြက်ငှက်တုပ်ကွေးလက်ဆောင်
ပေးဖို့ကြံစည်ဖူးသည်။တက္ကသိုလ်မြို့လေးမှာအာဂန္တုလုပ်နေသောဇော်မင်းနှင့်
ဆုံခဲ့ရတာလွန်ခဲ့သော(၃)နှစ်ခန့်က။ကံကောင်းသူဇော်မင်းတစ်ယောက်
တက္ကသိုလ်မြို့လေးမှာ တက္ကသိုလ်အငွေ့အသက်နှင့်မဝေး။မူယာမေနှင့်နီးနီးလေး။
မူယာမေ၊နေမျိုး၊ကျော်စိုးတို့သည် လ္ဘက်ရည်ဆိုင်စကားဝိုင်းတွေမှာ
အချိန်ကာလတွေကို အတူတူကြိတ်ဝါးဖူးသည်။နေမျိုးရဲ့ကျည်ကို
မရှောင်နိုင်သူသည်မူယာမေ၏သူငယ်ချင်းဖြစ်သည်။
ကျော်စိုးရော မူယာမေကိုပစ်ခတ်ဖို့ကြိုးစားခဲ့ပါသလား။
ကျော်စိုးသာသိပါလိမ့်မည်။အခုတော့ ကျော်စိုးနှင့်ကိုတင့်သည် အိမ်သူ
သက်ထားချင်း အနုအရင့်ပြိုင်နေကြပေပြီ။ကျော်စိုးရှိရာ ပင်လယ်ကမ်းစပ်ဆီသို့ 
ကိုတင့်သွားဖို့ ကြိုးစားသလိုဇေယျာလည်း မရောက်ခဲ့ပါ။

ဇေယျာရောက်ဖြစ်ခဲ့တာက အလုပ်ဝင်ချိန်မှတက္ကသိုလ်ဆီသို့။ကျောင်းသို့
အလွမ်းသင့်နေသောကျော်စိုး တစ်နှစ်ပြီးတစ်နှစ်နေရင်း လာသမျှ
သူငယ်ချင်းတွေကိုဝတ်မပျက်စေရ။လူတော်တွေကဒုတိယနှစ်မှာ ကျလေ့ရှိတယ်ပြောခဲ့တာ ဇေယျာပဲမဟုတ်လား။စာမေးပွဲတွေ
အကြောင်း မပြောကြေးဆိုပြီး ကျော်စိုးက ဇေယျာကို ရီဝေစေခဲ့သည်။
နောက်တော့လည်း ဇေယျာ ရှမ်းတောင်တန်းဆီသို့အပြန်ကျော်စိုးက 
ဘ၀ကို ပင်ပေါင်တစ်လုံးလို ဇတ်တောက်ဇတ်တောက် ခုန်စေခဲ့သည်။
------x--------x---------
(၂)
“သူငယ်ချင်းအားလုံးကိုတောင်းပန်းပါတယ်”
ပြောရင်းကျွန်းကလေးမှ“ဟာမိုနီ” ဆိုင်လေးထဲသို့ ၀င်လာသည်။
“ဟိုက်”
 “ဇလွန်ကဟာမိုနီကကျွန်းကလေးကိုဘောက်မဲ့ကြောင့်ရောက်နေရတာတုန်း။”
ဘာကိုမှအလေးအနက်မထားဟန်ဖြင့် ကျော်စိုးကဆိုသည်။
ဒါတွေကြောင့်ခက်တာလို့ ဇော်မင်းတွေးနေမိသည်။နေမျိုးကမျက်မှန်ပင့်ရင်း တစ်ချက်ဝင့်ကြည့်လိုက်သည်။ရုပ်ရှင်ထဲမှာဆို မိန်းကလေးများ သဘောကျသော စတိုင်နဲ့ပေါ့။အဆီအငေါ့မတည့်စွာဘဲ ကိုတင့်စဉ်းစားနေမိသည်။
နေမျိုး ဘာကြောင့်များ သမီးရည်းစား တစ်ကောင်တစ်မြီးမှ မထားခဲ့ဘူးတာလဲ။
သူ့ထက်တော့ နေမျိုး အိမ်ထောင်ကျ စောခဲ့သည်။ကျောင်းတုန်းက
စတိုင်ကျခဲ့သော ကိုတင့်သည် အရောင်မရှိတော့သော သူ့စတိုင်
ဘောင်းဘီအတွက် စိတ်စနိုးစနောင့် ဖြစ်နေသည်။သူ့မိန်းမ 
သူနာပြုဆရာမကသူငယ်ချင်းတွေနဲ့တွေ့ရင် အရက်တွေအများကြီး
မသောက်နဲ့လို့ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်လိုက်သည်။
ဇေယျှဖန်ခွက်၈လုံးသူရှေ့မှာထားပြီCommissionerကိုအညီအမျှထည့်သည်။
အားလုံးအတွက်တစ်ယောက်တစ်ခွက်၊မူယာမေ့အတွက်codeဘူး၁ဘူး။
အလကားနေရင်းကြီးကျယ်ချင် ကြီးကျယ်နေတတ်သောဇေယျာက
“အားလုံးcheerလိုက်ကြရအောင်”

မင်းသူကအရက်ခွက်ကိုမြှောက်ရင်း မနက်ကဓားထိထားသောမေးစေ့ကို
ဖန်ခွက်ဖြင့်ပွတ် နေ လိုက်သည်။အခြေအနေတွေကိုလှည့်စားတတ်သော
သူကရထားသောဘွဲ့ဖြင့်အသက်မမွေးဘဲနိုင်ငံရပ်ခြားသို့ သွားစီးပွားရှာသည်။
မျက်စိမလည်တတ်သောကံကြမ္မာကမလေးရှားကလား၊စင်္ကာပူကလားမသိ
သူကိုပဲခူးရောက်အောင်ပြန်ပို့လိုက်သည်။ဝေးကွာခဲ့သော(၅)နှစ်တာအတွက်
သူငယ်ချင်းတွေရဲ့ရုပ်သွင်ကိုကြည့်ချင်လို့ “ဟာမိုနီ” ကိုရောက်လာသည်။
ဟာမိုနီသည်ဟာမိုနီမဖြစ်။ဇေယျာကစီးကရက်တစ်လိပ်ကိုကောက်မီးညှိသည်။
မင်းအောင် ထံစီးကရက်ဘူးကိုလှမ်းပေးလိုက်သည်။ အဓိပ္ပာယ်မဲ့
ငေးငိုင်နေတာနဲ့စာရင် စီးကရက်တစ်လိပ်ကသက်တောင့် သက်တာဖြစ်စေသည်
ဟုမင်းသူထင်သည်။

“ကျွန်တော်စပြောမယ်”
ဟုအမြဲယဉ်ကျေးတတ်သော ကိုတင့်က စလာသည်။သူနာပြုဆရာမလေး နဲ့လွန်ခဲ့သော(၂)နှစ်ခန့်ကလက်ထပ်ဖြစ်ကြောင်း၊ အဲဒီအချိန်မှာမင်းအောင်၊
မင်းသူနှင့် မူယာမေတို့နိုင်ခြားရောက် နေတယ်လို့ပြောသွားသည်။တောထဲ
တစ်နေရာတွင်ရောက်နေသော ဇေယျာကိုလဲမမေ့မလျော့ပြောသည်။
အားလုံးကိုခွင့်လွှတ်သောမျက်နှာထားကသူ့ထံတွင်ပေါ်နေသည်။
သူ့မင်္ဂလာဆောင်ကိုမလာတဲ့ကိစ္စလို့ထင်သည်။
ဒါ ပေမဲ့သူထင်ထားသလိုအပြစ်တစ်ခုကျူးလွန်တယ်လို့ ဘယ်သူမှမထင်ပါ။ အပိုတွေပြောနေတာလို့ကျောင်းက တည်းကမတည့်သောမောင်သုက
စိတ်ထဲမှာပြောချလိုက်သည်။

မူယာမေသည်ဒီကြောင်တောင်တောင်နိုင်လှသော ယောင်္ကျားလေး(၈)ရောက်နဲ့မှ အပေါင်းအသင်း ဖြစ်မိသည်။ဒါကြောင့်ငါအပျိုကြီးဖြစ်တာလို့ဖြေတွေးတေွးသည်။
သူဘ၀င်မြင့်တာတော့မတွေးမိချေ။ကျောင်းတုန်းက သံယောစဉ်ရှိသော
 ဇေယျာကိုကြည့်မိတော့ စီးကရက်ငွေ့တွေကြားမျက်နှာကိုမှုန်ဝါးဝါးမြင်ရသည်။
 ဇေယျာကမူယာမေ၏လုံးသောနှာတံနှင့်ပြုံးသောနှုတ်ခမ်းကိုတပ်မက်ခဲ့ဖူးသည်။
အချတော့ဒါတွေအိပ်မက်ဖြစ် သွားပြီဟု ၀တ္ထုဆန်ဆန်သဘောထားလိုက်သည်။
မင်းသူသာသိရင်ဇေယျာကို “---ရူး”လို့ဆဲလိမ့်မည်။
မင်းသူ သည်လူမှုရေးစည်းကမ်းတွေကိုယုံကြည်လေးစားသူသာ။
မင်းသူသည်အားလုံး၏တိုင်ပင်အားထားရာတွေရှိခဲ့ဖူးသည်။
သူကအတွေးရှင်းသလိုအနေရှင်း သည်။
အနေရှုပ်သောမောင်သု၏အခြေအနေကိမူယာမေကစိုးရိမ်သည်။
စိုးရိမ်တော့လည်းဘာမှဖြစ်မလာပါ။

“နင် ယောင်္ကျားမရသေးဘူးလား”
လို့ကျော်စိုးကမေးသည်။မူယာမေအငိုက်မိသွားသည်။
ရှက်ဟန် ဆောင်တာလည်းဖြစ်နိုင်သည်။အသက်(၃၀)ကျော်မိန်းမ
တစ်ယောက်ရဲ့အရှက်လို့မင်းအောင်တွေးမိသည်
ငါ လည်းလူပျိုပဲလို့မင်းအောင်ဖာသာစိတ်ကူးလိုက်မိသည်။
“နင့်အလုပ်လား”မူယာမေကပြန်ပက်သည်။
“မရသေးရင်သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ရွေးလို့ပြောမလို့”
ကျော်စိုးက အလိုက် ကန်းစိုးမသိ ဆက်ပြောသည်။

ရင်ခုန်သွားသောဇေယျာက ကျော်စိုးကိုစိတ်ထဲမှကျိန်ဆဲလိုက်သည်။မင်းအောင်က ရွာနားမြက်ရွာသွားမလားဟူသောအထာဖြင့်ဗီယက်နမ်ယဉ်ကျေးမှုနှင့်လူမှုရေး
အကြောင်းအကျယ်တ၀င့်ပြောပြနေသည်။ငါမူယာမေဆီဖုန်းဆက်တာ
တစ်ယောက်ယောက်များသိနေသလားလို့ဇော်မင်းစိတ်ပူမိသည်။
ဇေယျာကိုကြည့်လိုက်တော့တောင်တောင်အီအီ။
နေမျိုးတစ်ယောက်ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့၊မင်းအောင်စကားမှာနစ်ဝင်နေသည်။

“မင်းဗီယက်နမ်ကိုနောက်တစ်ခေါက်ဘယ်တော့သွားမလဲ”
လို့နေမျိုးကမေးသည်။မင်းသူကိုသူ့ဆီအလည်လာဖို့မောင်သုအကြိမ်ကြိမ်မှာနေသည်။
မင်းသူကိုများတက္ကသိုလ်ပါမောက္ခချုပ်ထင်နေသလားမသိ။
လွတ်လပ်ပေါ့ပါးပြီးသန့်ရှင်းသပ်ရပ်စွာနေတတ်သောမင်းသူသည်
သူတို့တက္ကသိုလ်ပါမောက္ခတစ်ယောက်နှင့်အတော်တူသည်။
သားအဖဆိုယုံလောက်သည်။
အခုတော့အဲဒီ ဆရာတောင် တက္ကသိုလ်ပါမောက္ခချုပ်ဖြစ်နေလေပြီ။
လူအုပ်ထဲမှာကြာကြာနေလို့လားမသိငြီးစီစီဖြစ်လာသည်။မူယာမေက
ပန်ကာထဖွင့်သည်။သတိရခြင်းတွေက လည်းနာရီအနည်းငယ်တောင်မခံပါလား။ “မြစ်တစ်စင်းကဲ့သို့နှစ်ခါဆင်းလို့မရဘူး” ဆိုတာ အနောက်တိုင်းတွေးခေါ်ရှင်တစ်ယောက်ပြောခဲ့တာပဲ။တက္ကသိုလ်တုန်းက
အကြောင်းတွေ၊သုတေသနစာတမ်း တွေလုပ်ခဲ့တာတွေ၊ရေခြားမြေခြားနေခဲ့
တာတွေပြန်ဆင်ခြင်မိသည်။
မူယာမေသည်အတွေးထဲမှာမျောရင်း ကျွန်းကလေးအလှကိုအခုမှခံစားမိသည်။
Expressကားတစ်စီးအရှိန်ပြင်းပြင်းနဲ့ဖြတ်မောင်းသွားသည်။စတိုင်ကျသောအမျိုးသားကြီး
တစ်ယောက် နှင့်တူမအရွယ်မိန်းမချောလေးတစ်ယောကဆိုင်ထဲဝင်ထိုင်သည်။
နေမျိုးကဒီညကားဖြင့်ပြန်လာခဲ့မည့် အကြောင်းမိန်းမထံဖုန်းဆက်ဖို့
သတိရလာသည်။မင်းအောင်ရှေ့ကစီးကရက်ကဘူးခွံသာ ကျန်တော့သည်။
 ကျော်စိုးတစ်ယောက်ချင်းဆီလိုက်ကြည့်ပြီး စကားစဆွဲထုတ်နေသည်။
တချို့ကမသိချင်ယောင်ဆောင်နေသည်။ လေယာဉ်ပျံအကြောင်းပြောရမလား၊
မိုးကုတ်ကျောက်ဝိုင်းအကြောင်းပြောရမလား၊မွန်မလေးအကြောင်း စရမလား
 ဇော်မင်းဝေခွဲရပုံမရ။သူ့မိန်းမပြန်ရောက်မည့်အချိန်ကိုတင့်မှန်းဆမိသည်။
မင်းအောင်ကားနဲ့လူကြုံလိုက်လို့ရတာကို တွက်နေသည်။ အရက်ထပ်သောက်
ရအောင် မင်းအောင်ကိုဇေယျာဆွဲထားချင်သေးသည်။ဒီနေ့တော့ကျော်စိုး၊
မင်းအောင် အိမ်မှာအိပ်မှဖြစ်မည်။တပည့်တွေနှင့်လွှတ်ထားခဲ့သော်သူ့ဆိုင်ကို
ကျော်စိုးတစ်စက်ကလေးမှစိတ်မပူမိ။
“ဘာလိုလိုနဲ့တို့တွေဘွဲ့ရတာငါးနှစ်တင်းတင်းပြည့်ပြီ”

အားလုံးသိပြီးသားအကြောင်းရာကိုနေမျိုးကထပြောသည်။
“မင်းသူငါ့ကိုတက္ကစီငှားပေးဦး”မူယာမေကပြောသည်။ည(၉)နာရီလောက်ရှိပြီ။
ဖုန်းခေါ်သံနှင့် အတူဇော်မင်းကသူ့ခါးစမ်းနေသည်။နံရံမှာမယ်လိုဒီလား၊
သဥာဝင့်ကျော်လားမသိ တွန့်လိမ်ပြနေသော၂၀၀၈ ပြက္ခဒိန်တစ်ခု
ချိတ်ထားသည်။

“ငါမှဘွဲ့မရခဲ့တာ”
ကျော်စိုးပြောတော့အားလုံးထဖို့ပြင်နေကြပြီ။
ဘောက်ဆူးအဖြစ် ငွေ၂၀၀၀ကိုဇော်မင်းကစားပွဲထိုးထံကမ်းသည်။
မင်းသူကအပြုံးနှင့်နှုတ်ဆက်သည်။အသာအယာလေးလာပေးသော
ဘီလ်(bill)ကို မင်းအောင်က တစ်ချက်ဝှေ့ကြည့်သည်။

“Show Towerတစ်ခု”လို့တစ်ယောက်ယောက်ကတောင်းလိုက်သည်။
စားပွဲပေါ်မှာဖန်ခွက်၊ပန်းကန်ပြားနှင့်စီးကရက်ပြာခွက်တစ်ချို့ပြန့်ကျဲနေ သည်။
သူ့အခန်းကို အခုမှကျရောက်လာသလို ဟန်မျိုးဖြင့်စားပွဲထိုးလေးက
လိုက်သိမ်း လို- - - - - - - - - - - - - - - ။
 ဆိုင်လေးသည်ဘာမှမဖြစ်ခဲ့သည့်အတိုင်းပြန်လည်တိတ်ဆိတ်လို့။

မောင်နေပြာ

August\2008
သူငယ်ချင်းအားလုံးကို ချစ်ခင်လျှက်၊
တစ်စုံတစ်ရာထိခိုက်နစ်နာစေလိုသောစေတနာမပါပါ။