Oct 8, 2012

အိမ်အပြန်


       " ဒီနေ့ဟာ ပျော်ရွှင်စရာလည်း ကောင်း၊ ၀မ်းနည်းစရာလည်း ကောင်းသော နေ့ပါ။
             ဘ၀ရဲ့ အတွေးအမြင် ပိုမို သိမြင်နားလည်းလာသော နေ့တစ်နေ့လည်း ဖြစ်ပါသည်။"

 ပြီးခဲ့သော သတင်းပတ်အနည်းငယ်က သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရသည်။
မျက်စိတစ်ဖျတ် လျှပ်တပျက် အတွင်းမှာပဲ ဖြစ်လိုက်တာပါ။ဖြစ်ဖို့ကံပါလာ လို့လား။ ကျွန်တော်တို့ရဲ့ ပေါ့ဆမှုလား။ကျွန်တော် တစ်ချိန်လုံး တွေးနေမိသည်။

အဲဒီတစ်ညလုံးလမင်းရဲ့ငွေရောင်လက်တံတွေကပင်လယ်ကိုနူညံ့စွာ စွဲတင်နေခဲ့သည်။ မနက်မိုးလင်းတော့ ရေတက်နေပြီ။ဒီရေက ချောင်းငယ်မြောင်းငယ်တွေအထိ စီးဝင်နေပြီ။ရွံနွံပျော့ပျော့တွေပေါ်ကအစိမ်းရောင်၊ပယင်းရောင် မြက်ဖုံးလွင်ပြင်မှာလည်း
 ရေတွေအပြည့်။ကျွန်တော်တို့ ဂျော်ဂျီယာ ကမ်းရိုးတန်းအောက်ပိုင်း   မှာတော့ ဒီရေတက်ကို 
“တောကြက်ဒီရေ”လို့ ခေါ်လေ့ရှိသည်။ ကမ်းတက် တောကြက်တွေ ပျော်မြူးလေ့ရှိလို့ပဲ ဖြစ်သည်။
ဒီလို ရွန်းလဲ့တောက်ပသော အောက်တိုဘာ နံနက်ခင်းမှာ၊အရှေ့ဘက်ကတိုက်ခတ်လာသော  ပင်လယ်လေနွေးနွေး နဲ့အတူ ဂျင် ကို တောကြက်ပစ်ဖို့ ခေါ်ခဲ့သည်။
“မနက် ၇နာရီအရောက်နော်၊ဒီရေ ကောင်းကောင်းတက်ရင် တို့တွေ စလို့ ရပြီ။” 
ကျွန်တော် သူကို မှာခဲ့သည်။

ငယ်ဘ၀လေးတွေက တကယ်ကို လွမ်းမောစရာပါပဲ။ဒီကမ်းရိုးတန်းကျွန်းလေးတွေပေါ်မှာ
 ကြီးပြင်းခဲ့တာမို့ ကျွန်တော်နဲ့ ဂျင် ဟာ ခွဲခွာလို့ မရစကောင်းပါဘူး။ဖိနပ်မပါ ဦးထုပ်မပါ
 ခေါင်းမွှေးစုတ်ဖွားနဲ့ ငါးတွေ အတူဖမ်းခဲ့ကြ၊ရေအတူကူးခဲ့ ကြတာ။ပုဇွန်းကျော့ခဲ့ကြတာ။ လိပ်ဥရှာ၊ဂဏန်းနိုက်ပြီး ရောင်းခဲ့ကြတာလေ။နွေရက်ကာလတွေက လည်ဆွဲပေါ်က ပုတီစေ့တွေလို လျောခနဲ လျောခနဲ ကုန်းဆုံးသွားခဲ့သည်။နောက် ကျောင်းတက်တော့ တစ်ယောက်တစ်ကျောင်းဆီ၊ အလုပ်က တစ်ယောက်တစ်နေရာ ၊နှစ်ပေါင်းများစွာ ကွဲကွာပြီးမှ တစ်ရက်တော့ ရုတ်တရက် ဆိုသလို သူ ပြန်ရောက်လာသည်။သူ့နှလုံးရောဂါက နားနားနေနေ အနားယူဖို့ လိုပြီလေ။သက်တောင့်သက်သာ ဖြစ်မည့် အလုပ်မျိုးပေါ့။ဒီဆားငန်ရေတွေနဲ့ ဝေးနေရတာ 
သူမပျော်ဘူးလို့ သူက ပြောနေသေးသည်။

တစ်နှစ် တစ်ခါ နှစ်ခါလောက် ကျွန်တော်လှေငယ်လေးနဲ့အပြင်ထွက်ဖို့သူကို ခေါ်လေ့ရှိသည်။
လေထန်တဲ့ ချောင်းတစ်လျှောက် လှိုင်းစီးကြသည်။လှိုင်းပုတ်တဲ့ ကမ်းခြေတစ်လျှောက်လမ်းလျှောက်ထွက်ကြသည်။အချိန်တွေ ဖြုန်းရင်းနဲ့ပေါ့။ကလေးတွေလို
ပန်ဖြစ်သွားကြသည်။အသက်တွေ မငယ်တော့ပေမဲ့ အပြောင်အပျက်တွေတောင် ပြောမိကြသည်။ အရာအားလုံးဟာ လက်ခံ နားလည်းပြီးသားလိုပါပဲ။တစ်ခါတစ်ရံ ငယ်ဘ၀အတွေ့အကြုံတွေ
 ပြန်ပြောရတာ လေးလေးပင်ပင်နဲ့ ခံတွင်းတွေ့လှသည်။

ဒီမနက် လှေဆိပ်ဘက်ကို ကျွန်တော် နည်းနည်းနောက်ကျမှ ရောက်သည်။
ကျွန်တော်ဘက်က ပျက်ကွက်မှုပါ။ကျွန်တော် အလုပ်တွေ များနေချိန်မှာ အခုလို
 တောကြက်ပစ်ထွက်ဖို့ မကောင်းပါဘူး။နေ့လည်ပိုင်းလောက်ကျ ပြန်လာမှာပဲလေလို့ စိတ်ကို ဖြေတွေးတွေးလိုက်ရသည်။ဂျင် ကိုလည်း တောကြက်ပစ်သွားဖို့ ကတိပေးထားပြီးပြီလေ။

သူကကြိုရောက်နေပြီး၊ နီဂရိုးအဘိုးကြီး အင်ဒရူးနဲ့ စကားလက်ဆုံကျလို့။အဘိုးကြီးက 
အသက်(၈၀)အရွယ် ဆိပ်ကမ်းအလုပ်သမားကြီးပါ။အင်ဒရူးလောက် ငါးဖမ်းပိုက်ကိုင်ကျွမ်းတာ ကျွန်တော်မတွေ့ဖူးဘူး။ကျွန်တော်ကို မြင်တော့ ဂျင်က ငါးဖမ်းဦးထုပ်စုတ်လေးကို မြှောက်ကာ ပြုံးပြသည်။နှစ်ကာလတွေက အကြောင်းအရာ တော်တော်များများကို ပြောင်းပစ်လိုက်ပေမဲ့ သူ့အပြုံး နဲ့ သူ့မျက်လုံးတွေက အမပြောင်းလဲသေးဘူးလို့ တွေးနေမိသည်။သူက ကျွန်တော် သေနတ်လေးကို ကြည့်ပြီး
“ဒီနေ့ သေနတ်တစ်လက်တည်းလား”
“ဟုတ်တယ်။ဒီနေ့ ငါနောက်ကထိုင်ပြီး မင်းလွတ်သွားတဲ့ အကောင်တွေကို စောင့်ကြည့်ပေးမယ်လေ။”

ဂျင်ကိုပဲ သေနတ်ပစ်စေချင်သည်။တက်ကိုင်သမားတစ်ယောက်အတွက် တောကြက်ပစ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။အင်ဂျင်ထိန်းရတာ သိပ်မလွယ်လှဘူး။တစ်ခါတစ်ရံ ၀ါးထိုးရသည်။ဆွဲရသည်။လှေလှော်ရသေးသည်။ ရေဆန်ဆို ပိုခက်သည် ။မြက်တွေပေါတဲ့ နေရာဆို တော်တော်ခက်ခက်ခဲခဲ ရွှေ့ရသည်။ဂျင်အတွက်တော့ သိပ်အားစိုက်ရတဲ့     အလုပ်တွေ မဟုတ်ပါဘူး။အရင်က ဂျင်က တက်ကိုင်၊ကျွန်တော်က ပစ်ပေါ့။ကျွန်တော်တို့ 
ငယ်ငယ်တုန်းကဆို လူကောင်ပိုကြီးတဲ့ဂျင်ကပဲ တက်ကိုင်၊ စောက်ရှောက်ခဲ့တာပါ။
ကျွန်တော်ကို သူက အမြဲ သီးစားပေးခဲ့တာပါ။အခုတော့အခြေအနေတွေက ပြောင်းလဲကုန်ပြီလေ။

လှေပေါ်တက်တော့ အင်ဒရူးက ထိန်းထားပေးသည်။ကျွန်တော် တောကြက်ပစ်ချင်တဲ့ နေရာက ဒီကနေ အောက်ဘက် ၅ မိုင် ၆မိုင် လောက် ဝေးသည်။ဒီရေတော စပ်စပ်က မြက်ရိုင်းရှည်တွေကြား ငှက်တွေ တွေ့ရတတ်သည်။ဒီရေ ကောင်းကောင်းတက်လို့ ရေပြည့်တယ်ဆိုရင် ၁၅ မိနစ်လောက်နဲ့ မောင်းလို့ရပါသည်။

ဂျင်က လက်ပျင်းနည်းနည်းကိုင်းကာ လှေဦးကို မျက်နှာမူထိုင်လိုက်လာသည်။
ဒီကမ်းခြေတစ်လျှောက် တူပုံသဏာန် ဦးခေါင်းနဲ့ ငါးမန်းကြီးကို သောင်ပြင်ပေါ်ဆွဲတင်ခဲ့ကြတာ၊
 ဒေသခံအိန္ဒိယလူနီတွေရဲ့ အရိုးစုတွေ တွေ့ခဲ့တဲ့ကမ်းပါးစောက်၊ ၀န်လယ်ငှက် အသိုက်တွေ့ခဲ့တဲ့ 
ထင်းရူးပင်စတဲ့ အတိတ်က သတိရစရာတွေ သူတွေးနေမယ်ဆိုတာ ကျွန်တော် သိပါသည်။ 
ဒါဟာ မှန်ဘီလူးကို ပြောင်းပြန်ကြည့်တာနဲ့ တော်တော်တူပါသည်။အရာရာတိုင်းဟာ ဝေးကွာနေမယ်။   သေးငယ်နေမယ်။ဒါပေမဲ့ ရှင်းလင်းပြတ်သားနေပါသေးသည်။ကျွန်တော်တို့ကိုယ်တိုင် အသက်အရွယ် အတော်အတန် ရလာတော့ ပြောင်းလဲခဲ့ပါပြီ။ပယ်လယ် နဲ့ ကောင်းကင် ရဲ့ရွှေ့လျှားပုံကတော့ မပြောင်းလဲသေးပါဘူး။နောက်ပြီး ဒီရေရဲ့ ရစ်သမ်၊ကွေ့ဝိုက်စီးဆင်းနေသော ငြိမ်သက်မှု၊မာနတရား နှင့် လွတ်လပ်ပျော်ရွှင်မှုတွေဟာ မပြောင်းလဲသေးပါဘူး။ဒါတွေ အတွက် ကျွန်တော်တို့ကျေးဇူးတင်နေပါသည်။

ကျွန်တော်တို့ ရှာနေတဲ့ အစိမ်းရောင် မြက်ပင်ရှည်တွေ ဖုံးလွှမ်းနေတဲ့ ကျွန်းစုသေးသေး
 လေးတွေဆီ နောက်ဆုံးတော့ ရောက်ခဲ့ပါပြီ။နုတ်သီးရှည်ငှက်တွေ လန့်ပျံကုန်ကြသည်။   ကောင်းကင်ကျယ်ကျယ်အောက်မှာ သေနတ်သံတိုးတိုးလေး ခပ်ဝပ်ဝပ် မြည်သွားသည်။
ဂျင်က တစ်မနက်လုံး ပစ်နေခဲ့သည်။မပစ်တာ ကြာနေပေမဲ့ တစ်ချက်လေးတောင် မလွဲဘူး။
သူပစ်ပြီးတိုင်း ကျွန်တော် ကို တစ်လှည့်ပစ်ဖို့ ပြောတတ်သည်။သူကိုပဲ ပစ်စေခဲ့ပါသည်။
ကျွန်တော်က အချိန်မရွေး လာပစ်နိုင်ပါတယ်လို့ ပြောပြလိုက်သည်။

နေပူလာပြီ။လှေကို ထိန်းရတာလည်း ခက်ခက်ခဲခဲပါပဲ။ဆားငန်ရေပါဝင်သော ရာသီဥတုရဲ့      အေးမြမှုကြောင့်ငှက် တစ်ကောင် ရဖို့တောင် အကြိမ်ကြိမ် ကြိုးစားရသည်။နောက်ဆုံး 
ပင်ပန်းလာလို့ နားလိုက်သည်။ဒီရေလည်း ကျလာပြီ။မြက်ခင်းစိမ်းစိမ်းတွေလည်း ပြန်ပေါ်လာသည်။ ကျွန်တော်တို့ ပြန်ဖို့ အချိန်တန်ပြီလေ။ခေါင်းပေါ်ကနေ ဇင်ယော်တစ်ကောင်ခပ်တိုးတိုးအော်မြည်သွားသည်။ ငယ်ငယ်က တစ်ယောက်နဲ့တစ်ယောက် လေချွန်အချက်ပေးတာ သွားသတိရသည်။
“ငါတို့ ဒီနေ့ ကံကောင်းတယ်ဟေ့” လို့ ကျွန်တော် ပြောလိုက်တော့
“ကံအကောင်းဆုံးနေ့ထဲက တစ်နေ့ပဲ” လို့ သူကထောက်ခံသည်။

“ပြန်ဖို့ အသင့်ဖြစ်ပြီလား” လို့ ကျွန်တော်မေးတော့ “မဖြစ်သေးဘူး။မင်း သေနတ်တစ်ချက်တောင် မပစ်ရသေးဘဲနဲ့”လို့ ဂျင်ကပြောပြီး ရွှံနွံမြက်ဖုတ်တစ်ခုကို လက်ညှိုးထိုးပြသည်။ “ဟိုမှာ ငှက်တစ်ကောင် ရေကူးနေတာ မြင်လိုက်သလိုပဲ။ငါကို လှော်တက်ပေး။သေနတ် မင်းယူပြီး ပစ်ကြည့်။မင်းတစ်ချက်လေးမှ မပစ်လိုက်ရရင် ငါ စိတ်မကောင်းမဘူး။”

သာသာယာယာ ဒီလို မနက်ခင်းလေးမှာ သူကို စိတ်ချမ်းသာစေချင်သည်လေ။ ဒါကြောင့်   သူကို လှော်တက်ပေးပြီး “လှေကို ဖြေးဖြး လုပ်ထားပေး” လို့ ပြောလိုက်သည်။
ကျွန်တော်တို့ တလက်လက် တောက်ပနေတဲ့ ရေပြင်ကိုဖြတ်ကျော်ခဲ့သည်။ကျွန်တော် အသာစောင့်ကြည့်ပြီး သေနတ်ကို အသင့်ပြင်ထားလိုက်သည်။ဒါပေမဲ့ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ “အဲဒီငှက် ရှေ့ဆက်သွားပြီ ထင်တယ်” ပြောပြီး ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့
“ဂျင်”

သူက ရှေ့ကိုငိုက်ကျပြီး ပုံပုံလေးခွေကျနေပြီ။ ဦးထုတ်ကတော့ 
 လှေဝမ်းဗိုက်ထဲ ပြုတ်ကျလို့။ညာလက်တစ်ဖက်က လှော်တက်ကို ကိုင်ထားတုန်း။ လက်ကောက်ဝတ်ကို သွေးတိုးသေးလား စမ်းကြည့်လိုက်တော့ ကျွန်တော် စိုးရိမ်သွား သည်။   သွေးမတိုးတော့ပေ။ပတ်ဝန်ကျင်တစ်ခုလုံးတိတ်ဆိတ်လို့။အန္တာရယ် အငွေ့အသက် 
ခံစားလိုက်ရသည်။ဂျင် နဲ့ အဝေးကြီးတစ်နေရာကို ရောက်သွားပြီး 
ချက်ချင်းပြန်ရောက်လာသလို ကျွန်တော် မောဟိုက်ပင်ပန်းသွားသည်။

မျက်စိတစ်ဖျတ် လျှပ်တပျက်အတွင်းမှာ ဖြစ်ပျက်သွားတာပါ။အခုတော့ 
အရာရာဟာ ပြောင်းလဲသွားပါပြီ။ ထူးဆန်းနေ တာက ကျွန်တော် ကြောက်ရွှံ့မှုတွေ၊
တစ်ယောက်တည်းပါလားဆိုတဲ့ အသိတွေ၊   သူကို ဆုံးရှုံးရပြီဆိုတဲ့ အသိတွေ မခံစားရသေးပါဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားက ခင်မင်နားလည်မှုတွေ ခိုင်မာလွန်းလို့ 
ချက်ချင်းကြီး ပျက်စီးမသွားသေးတဲ့ သဘောပါ။
ဂျင် ကျွန်တော်ကို ပြောခဲ့တာတွေ ပြန်ကြားယောင်နေမိသလိုပါပဲ
“တောကြက် ပစ်ထွက်ရတာ ရင်ခုန်လှုပ်ရှားစရာ ကောင်းတယ်။ငါမှာ နှုလုံးရောဂါ ရှိပေမဲ့ မင်း ရင်ထဲထားမနေပါနဲ့။တို့တွေ အတူတူ ပျော်ပျော်ပါးပါး သွားကြမယ်။အမှတ်တရ နေ့လေးတစ်နေ့ ဖြစ်မှာပါ။အတူတူ ပြန်လာကြတာပေါ့။”

သေနတ်မောင်းဖြုတ် လုံခြုံးရေးခလုပ်ပိတ်ပြီး၊ ဂျင့်ခေါင်းအောက်ကို ထိုင်ခုံကူရှင်လေးတစ်ခု 
သာသာယာယာ ခုပေးလိုက်သည်။ခဏကြာတော့ အင်ဂျင်စက်နိုးပြီး သခင့်အလိုကိုသိတဲ့အလား ညှို့ကလွှတ်လိုက်သောမြှားလို တဟုန်တိုးပြေးထွက်ခဲ့တော့သည်။ဘယ်လက်က စတီယာကိုထိန်းရင်း၊
ညာလက်က သူ့လက်ကောက်ဝတ်ကို တစ်ချက်တစ်လေလောက်များ သွေးတိုးဦးမလားဆိုတဲ့
 မျှော်လင့်ချက်နဲ့ ကိုင်ထားမိသည်။ရေလက်ကြားကို သတိထားပြီး ဖြတ်ကျော်ရမှာပါ။ သူကိုလည်း 
မကြာခဏငုံ့ကြည့်မိပါသည်။ ဂျင်ပုံက အိပ်နေတဲ့အတိုင်းပါပဲ။စောစောက တောက်ပခဲ့တဲ့
 နေမင်းကြီးရဲ့အရောင်ကမှေးမှိန်ဖျော့တော့လာပါပြီ။ ကနုကမာတွေ ပြန့်ကြဲနေတဲ့ သဲသောင်ပြင်နဲ့အတူ၊မြင်းခွာပုံ ချောင်းကွေ့ချောင်းကောက်တစ်လျှောက် လှေကို
အပြင်းမောင်းနှင်းလာတော့ ဗျိုင်းကြီးတွေတောင် ထိတ်လန့်တကြား ထပျံကုန်ကြသည်။
ဆိပ်ကမ်းကိုရောက် အနီးဆုံးတယ်လီဖုန်းရှိရာကို ရောက်ဖို့ 
ကျွန်တော် အချိန်ဘယ်လောက်တောင် စောင့်ရဦးမလဲ။

အတိတ် နဲ့ ပစ္စုပ္ပန် ဆိုတာ အချိန်ရဲ့ လှည့်စားမှုသာပါပဲ။အခုလည်း ကျွန်တော်တို့ဟာ ပြေးလွှားနေတဲ့ လှေပေါ်မှာပါ။ ကျွန်တော်တို့ဟာ ဒီလိုသာယာလှပတဲ့
အောက်တိုဘာ နံနက်ခင်းနေရောင်ခြည်အောက်မှာ ၀ါးရွက်တိုင်၊၀ါးလှော်တက်တွေ နဲ့ အစိမ်းရောင်လှောင်းလှေထဲက အပူအပင်ကင်းတဲ့ ငယ်ဘ၀ ကလေးလေးတွေ မဟုတ်တော့ ပါဘူး။
ပ၀ါစတစ်စလို တစ်ဆက်တစ်စပ်တည်းဆိုပေမဲ့အစွန်းတစ်ဖက်စီကို ရောက်နေပါပြီ။
ကျွန်တော် မယုံနိုင်သေးပါဘူး။ ထိတ်လန့်နေဆဲပါပဲ။ဒါပေမဲ့ တစ်ဖက်ကလည်း လက်ခံနေရပါပြီ။

ပူဆွေးဝမ်းနည်းနေဖို့တော့ မလိုပါဘူး။ဒါဟာ ဂျင့်ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ဆရာဝန်တွေ မလို၊
 ဆေးရုံတွေ မလို၊ ကြောက်ရွှံမှုတွေ မလို၊နာကျင်မှုတွေ မလို၊အပေါင်းအဖော်တွေ နဲ့ 
အာသာဆန္ဒတွေ နဲ့သာ ဘ၀ကို ရုတ်တရက် မြန်မြန်ဆန်ဆန် ကျော်ဖြတ်သွားချင်ခဲ့တာပါ။

ဘ၀ နှင့် သေခြင်းတရား ဆိုတာ ခေါင်းပန်းလှန်သလို ဖျက်ကနဲ ရောက်လာတတ်တာမျိုးပါ။
ဖျက်ကနဲ တန်ဖိုးတွေ ပြောင်လဲသွားတတ်ပါသည်။အခုတော့ ဘ၀ကို ပိုမိုပြီး   ပြတ်ပြတ်ထင်ထင် မြင်သွားတတ်ပါသည်။ဘ၀နေထိုင်မှု တန်ဖိုး အစစ်အမှန်ဟာ
 ငွေကြေးဥစ္စာ၊ရာထူးသြဇာအာဏာ နဲ့ ဂုဏ်ပကာသနတွေ မဟုတ်ပါဘူး။ သတိသပ္ပဇဉ်ပါပဲ။ သတိတရားလက်ကိုင်ထားတာဟာ ဘ၀ရဲ့ အကြီးမားဆုံးလက်ဆောင်ပါပဲ။မိမိရဲ့ အခြေအနေကို 
သိလျှက်နဲ့ သတိတရားကပ်ပြီး အာသာဆာန္ဒရှိတဲ့ အလုပ်ကိုလုပ်လိုက်ရတာကို မှားတယ်လို့ မထင်ပါဘူး။
မိမိ ခုံမင်မြတ်နိုးတဲ့ အရာကို ပြင်းပြင်းပျပျ ရှဖွေရတာကိုက ဘ၀ရဲ့ ချိုမြိန်သောပျားရည်စက်တွေပါပဲ။
ဘ၀ နဲ့ ဆန္ဒ ထပ်တူကျဖို့ လူတိုင်းမှာ အချိန် နှင့်တကွ ကန့်သန့်ချက်တွေ များလွန်းတယ် မဟုတ်ပါလား။

ဆိပ်ကမ်းကို နီးလာပါပြီ။ဂျင် ရဲ့ မျက်နှာ ဖျော့တော့တော့လေးကို တစ်ချက်ငုံကြည့်လိုက်မိသည်။အထီကျန်ဆန်သလို ခံစားရမိသည်။ရေဆန်ကို ဝှေ့ဝိုက်ကာ လှေကို ကမ်းကပ်လိုက်သည်။ဂျင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲပါ။ ဒါပေမဲ့ ဂျင်ကတော့ သွားရှာပြီ။    “ဘယ်ကိုလဲ” ကျွန်တော် ကြောက်လန့်တကြားမေးလိုက်မိသည်။ 
“ဘယ်ဆီကို သွားတာလဲ”  ဘာအဖြေမှ ကျွန်တော် မရပါ။

အင်ဂျင်စက်ကို သတ်လိုက်ပြီး ကြိုးစကို အင်ဒရူးဆီ ပစ်ပေးလိုက်သည်။လူကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်က ကျွန်တော်ဆီ တဖြည်းဖြည်းရွှေ့လာသည်။သူမျက်ဝန်း မှိုင်းမှိုင်းမှာတော့ သနားကြင်နာမှုတွေ၊ နားလည်မှုတွေ နဲ့။သူ့ ဦးထုတ်လေးကို အသာကြွပြီး “သူ သွားရှာပြီ” လို့ နူညံ့ကြေကွဲစွာ ရေရွတ်နေသည်။     နောက် “သူ အိပ်ပြန်သွားပြီ” တဲ့။

ဟိုးရေပြင်ရဲ့ အဆုံး ရွှံ့နွံ့ နဲ့ ကောင်းကင်ဆုံရာ မိုးကုတ်စက်ဝိုင်းဆီ ကျွန်တော် ငေးမျှော်ကြည့်မိသည်။
ပထမဆုံအကြိမ် လည်ချောင်းထဲမှာ ဆိုတစ်တစ်ဖြစ်ကာမျက်ရည်တွေ ၀ဲတက်လာသည်။
“ဟုတ်တယ်” “ဒါ အမှန်ပဲ သူအိမ်ပြန်သွားပြီ”

Trs:မောင်နေပြာ
Ref;Gone Home by Authur Gordon in Reader Digest,May,1969.