ကျီးအကြောင်းစဉ်းစားမိတော့ပထမဆုံးမှတ်မိတာကဆရာကန်တော့ပွဲတစ်ခုကို။အဲဒီတုန်းက အခြေခံမူလတန်းပညာ ပြီးဆုံးစအချိန်။ရှည်လျားသော ကျောင်းဆောင်ကြီးထဲမှာ ကျောင်းတော်ကြီးဆီသို့ပြောင်းသွားပြီဖြစ်သော ကျောင်းသားလူငယ်များ။သူတို့မျက်နှာတွေက အားမာန်တွေအပြည်၊့ဆရာအိုကတော့ သူမျက်နှာပေါ်မှအရေးအကြောင်းတွေက နှစ်ကာလများစွာ ဖြတ်သန်းခဲ့ပုံကို ဖော်ပြသလို။ဒါကိုပင် အတွေ့အကြုံ ခေါ်သလား။ဆရာကြီးသြဝါဒစချွေသည်။အမှတ်သားမိဆုံးက“ဇရက်လိုသတိကောင်းပြီးကျီးလိုအမျိုးချစ်ဖို့”တဲ့။ ကျီးတွေဟာ အမျိုးထိရင် တကျီကျီတအာအာနဲ့ ဝိုင်းအာတတ်ကျသတဲ့။ဒါကြောင့်မို့ ရပ်ကွက်ထဲမှာတောင် နှုတ်သီးကောင်းလျှာပါးတတ်တဲ့ လူမျိုးတွေတွေ့ရင် ကျီးမျိုးလို တင်စားတတ်ကြသည်။
အတွေးဆန့်ထုတ်ကြည့်လိုက်တော့ ဝိုင်းအာတတ်တာတစ်ခုတည်းပင် ကျီးမျိုးလို့ခေါ်တာမဟုတ်ပါဘူး။ကြာလေကြာလေအရုပ်ဆိုးလာတတ်သူမျိုးကိုလည်းကျီးမျိုးလို့ ခေါ်တတ်ကြသေးသည်။ကျီးတွေအကြောင်း ဠီကာချဲ့ကြည့်မိသည်။လူမှုအသိုင်းအဝိုင်းနှင့်လက်ပွန်းတတီးရှိတတ်တဲ့ တိရိစ္ဆာန်တွေထဲမှာခွေး၊ကြောင်၊နွား၊ကြက်၊ငှက်တွေအပြင်ကျီးတွေလည်းပါတာကို။ကျီးနဲ့ပက်သက်ပြီးကျွန်တောမှာဟာသတစ်ပုဒ်ရှိသည်။ကျွန်တော်ကအသားမဲမဲ နှင့် ရေချိုးတိုင်း“ကျီးရေချိုးလို့အသားမဖြူ”လို့ အော်ကာဟစ်ကာရေချိုးတာကို တွေ့တဲ့မြင်တဲ့သူတိုင်း ပြုံးမိတတ်ကြသည်။ဒီစကားဘယ်ကရလာမှန်းတောင် ကိုယ့်ကိုကိုယ် မသိပါဘူး။အသံက တအာအာ၊ အသားအရောင်က မဲနက်နက်အပြင် အသားစ၊ဟင်းစတွေအခြောက်လှန်ထားတဲ့ စားကြွင်းစားကျန်တွေကို ရဲရဲတင်းတင်းဝင်စားတတ်တဲ့ကျီးတွေကိုရွံကြာက်ကြီး ဖြစ်နေမိသည်။ကျီးတွေမှာ နှစ်လိုဖွယ်ကောင်းတာဘာများရှိသလဲလို့စစ်ကြောမိသည်။ကျီးတွေနဲ့ ပက်သက်တဲ့စကားပုံတွေကလည်းကောင်းတာမရှိသလောက်ပဲ။“ကျီးလန့်စာစား”ဆိုတဲ့စကားဆိုရင်ကြားရတာနဲ့တင်အတော်အော့နှုလုံးနာစရာကောင်းလှသည်။ခေတ်ဆိုး၊ ခေတ်ပျက်၊ အခြေအနေဆိုးတွေ ဟာ ကျွန်တော်တို့ လိုလား နှစ်သက်အပ်တဲ့ အရာတွေမှ မဟုတ်တာပဲ။
“ကျီးကန်းတောင်းမှောက်”ဆိုတဲ့စကားကရော။တစ်ယောက်ယောက်ရဲ့စိတ်အခြေအနေကိုစကားတင်းဆိုရာမှာသုံးတာမဟုတ်လား။ကျီးတွေနဲ့ပက်သက်ပြီးနောက်ထပ်စကားပုံဆိုးတွေ၊ဆိုရိုးစကားတွေကို ရေတွက်မကြည့်မိတော့ပါဘူး။ဘာပဲဖြစ်ဖြစ်လေကျီးတွေဟာကျွန်တော်တို့နဲ့ တလွှာတည်းနေတဲ့၊ နစ္စဓူ၀ တွေ့မြင်နေတဲ့ ငှက်ကလေးတွေ မဟုတ်လားတလောက ကြက်ငှက်တုတ်ကွေးတွေ ဖြစ်တော့ သူ့ဆိုင်နား လာနေ ကျ ကျီးတွေအဲဒီ(Bird Flu)ကြောင့် တစ်ကောင်ပြီးတစ်ကောင် သေကုန်ကြတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိတ်ဆွေတစ်ယောက်က ပြောပြတော့ စိတ်မကောင်းဖြစ်မိသေးသည်။အော်သူတို့လည်း Globalization နဲ့ မကင်းပါလားလို့ မဆီမဆိုင်အတွေးရောက်မိသည်။ကျွန်တော်အိမ်ခေါင်းရင်းကကုက္ကိုပင်ကြီးမှာကျီးတွေအကောင်၅၀၊၁၀၀အုပ်စုဖွဲ့လာနေကြသည်။ဆွမ်းတော်တင်အကျတွေစွန့်ကျဲရင်းနဲ့ကျီးတွေတစ်စတစ်စယဉ်ပါးလာကြသည်။တစ်နေ့တော့ကျီးစာကျွေးရင်း သူတို့အစာစားတာကို တမေ့တမော ငေးကြည့်မိသည်။ကျီးတစ်ကောင်က အစာကို အကုန်မစားဘဲပါလာတဲ့ပဲပြုတ်စေ့ လေး၊ငါး၊ခြောက်စေ့ကိုသူ့ခြေထောက်ကလေး နဲ့ အသာယှက်ပြီး မြေကြိးထဲမှာဖုန်းထားလိုက်သည်။ကျွန်တော်စိတ်ဝင်စားသွားမိသည်။နောက်နေ့သေချာကြည့်မိတော့အဲဒီအစာပြန်ဖော်စားနေတာတအံ့တသြတွေ့လိုက်ရသည်။ကျီးတစ်ကောင်ဟာ ဒီလိုအသိတရားမျိုး နဲ့ နေ့ဖို့ညစာစုဆောင်းတတ်လိမ့်မယ်လို့ ကျွန်တော် တခါမှ တွေးမကြည့်မိဘူး။
ကျီးတွေဟာအလိုကြီးပြီးအရနည်းသူတွေပါ။တစ်ခါကကျီးတစ်ကောင်နှင့်ငုံး တစ်ကောင်ဟာ တောအုပ်တစ်ခုမှာ နေကြသတဲ့။သူတို့နှစ်ဦး ဆုံကြတဲ့ တစ်နေ့တော့ ဆူဖြိုးလှပနေတဲ့ငုံးကလေးကိုကြည့်ပြီးကျီးကမေးသတဲ့။ဘာတွေများစားသောက်လို့ ဝဖြိုးနေသလဲပေါ့။သူမှာတော့အရပ်တကာလှည့်ပြီး ကောင်းနိုးရာရာတွေစား၊လူရပ်ဌာ နားချဉ်းကပ်ကာစားကြွင်းစားကျန်တွေဝင်ရောက်စားသောက်တာတောင် ကြုံလီဖျော့တော့ နေပါသတဲ့။ငုံးလေးက မြက်သီးဆံခြောက်ကိုပဲစားပြီးကိုယ့်ရိပ်မြုံမှာ နေပြီးနားအေးပါးအေးနေလို့ ချမ်းသာတာပါတဲ့။မင်းကတော့ ပင်ပန်းဆင်းရဲစွာနဲ့ တဏှာရမ္မက် နောက်လိုက်ပြီးကျီးလန့်စာစား နေရလို့မတင့်တယ်တာပါလို့ ရှင်းပြလိုက်သတဲ့။
ဒီဘုရားဟောဇာတ်လေးက ကျွန်တော်လို့ လူသားများ ကျီးလိုမနေဘဲ ငုံးလေးလို သင့်တော်တဲ့အာဟာရနဲ့ အနေအထိုင် မျှတဖို့ တွေးချိန်ချင့် စရာလေးပဲ ဖြစ်ပါသည်။ဘုရားဟောပါဠိတော်အင်္ဂုတ္တရိုနိကာယ်၊ဒသမနိပါတ်ကာကသုတ်မှာ ကျီးတို့ရဲ့အကျင့်ယုတ်(၁၀)ပါးကို ဟောတော်မူပါသည်။အကျင့်ယုတ်(၁၀)ပါးက
၁။သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်ခြင်း
၂။ရဲတင်းခြင်း
၃။တဏှာကြီးခြင်း
၄။အစားကြီးခြင်း
၅။ကြမ်းကြုတ်ရက်စက်ခြင်း
၆။သနားညှာတာမှုကင်းခြင်း
၇။အားနည်းခြင်း
၈။မြည်တွန် တတ်ခြင်း
၉။သတိမေ့တတ်ခြင်း နှင့်
၁၀။အစာစုဆောင်းတတ်ခြင်း
တို့ဖြစ်ပါသည်။
ကျီးတွေဟာသူတစ်ပါးရဲ့ဂုဏ်ကျေးဇူးတင်မကမိမိဂုဏ်ကျေးဇူးကိုမိမိဖာသာ လည်းချေဖျက်တတ်သည်။ မလှပတဲ့၊မတင့်တယ်တဲ့ ဒီလိုဘဝကိုလည်း သူတို့ပိုင်ဆိုင်ချင်ပုံ မရပါဘူး။ “ဒေါင်းယောင်ဆောင်သောကျီး” ဆိုတာ ကျီးတွေရဲ့သဘာဝကို လှစ်ဟပ်ပြတဲ့ စကားပုံလို့ ထင်မိပါသည်။ဘာပဲဖြစ်ဖြစ်လေကျီးတွေဟာကျွန်တော်တို့နှင့် ကင်းကွာလို့ မရပါဘူး။ ခရီးအကွာအဝေး အတိုင်းအတာမှာ မျဉ်းဖြောင့်အတိုင်းသာဆိုရင် “Crow-fly” လို့ ပြောလေ့ရှိသည်။ “ကျီးပျံတိုင်းတာချက်အရ” လို့ ဆီလျှော်အောင် ဘာသာပြန်ရမည် ထင်သည်။
“ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကိုကျီးရိုသေ” ဆိုတဲ့စကားက ကျီးတွေကိုသက်သာရာရစေမယ်ထင်ပါသည်။ကျွန်တော်တို့လှုအဖွဲ့အစည်းမှာကျီးကိုဘုတ်ရိုသေ၊ဘုတ်ကိုကျီးရိုသေနေလို့သာနေပျော်စရာကောင်းနေတာပါ။ဘယ်သူတွေဘာပဲအပြစ်တင်တင်၊တစ်ချို့က“ရွှေကျီး”လို့တောင်တင်စားတတ်ကြသည်။အညာဒေသမှာ“ရွှေကျီး”ဆိုတဲ့အမည်နှင့်မုန့်ကျွတ်တစ်မျိုး နာမည်ကျော်ကြားလူကြိုက်များလှသည်။ဆရာကြီးမင်းသိင်္ခက ကျီးစာကျွေးနည်းဆိုတာကို စာတစ်စောင် ပေတစ်ဖွဲ့ရေးဖူးပါသည်။ကျီးတွေကို သေသေချာချာအစာကျွေးတတ်ရင်ဘဝလမ်းညွှန်တွေရရှိမှာပါတဲ့။ဒီအတိတ်ကောက်နိမိတ်မှာကျီးစာကျွေးနည်း နှင့်ကျီးနိမိတ်ဟာနာမည် ကြီးလှပါသည်။ကျီးတွေဟာ ဘယ်လို သဘာဝတွေ၊အမူအကျင့်တွေ ရှိတယ်ဆိုတာဒီထက်ပိုပြီးသိဖို့ဆိုရင် ကျွန်တော်လည်း ငှက်ဗေဒလေ့လာသူတစ်ယောက်မဟုတ်လို့ တိတိပပ မသိပါဘူး။
မျက်နှာဝိုင်းလေးနဲ့အဆိုတော်ကဗျာဘွဲ့မှုးက“အရင်ကဆိုအိမ်ရှေ့မှာရွှေကျီးတွေသာတိုင်လည်း……….ဧည့်ခန်းကို လာတတ်တဲ့ ဧည့်သည်လား……..”လို့ကျီးတွေကိုဧည့်ခေါ်လာဘ်ကောင်အဖြစ်ချစ်သူကို မျှော်ရင်းသီဆိုထားပါသည်။အိမ်သာမှဧည့်လာတတ်တယ်လို့ကျွန်တော်တို့ရိုးသားစွာယုံကြည်ထားသည်မဟုတ်ပါလား။ကျွန်တော်စာရေးနေစဉ်မှာပဲ အိမ်ရှေ့မှာ ကျီးသာနေသံတွေ ကြားနေရပါသည်။ဒီလိုဆိုရင်ရောကဗျာဘွဲ့မှုးလိုသာနေတဲ့ကိုရွှေကျီးကိုကြိုဆိုလက်ခံမည့်ဧည့်ခေါ်လာဘ်ကောင်အဖြစ် ထင်မြင်မိပါ့မလား ဆိုတာကတော့…………………။
မောင်နေပြာ