Apr 26, 2013

အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ

(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။)

အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။

ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။
အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။
အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။
အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။
မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။
ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။
အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇဝတ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။

ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ

တကယ့်ဘဝထဲမှာ လူူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။
လက်တွေ့ဘဝနဲ့ အွန်လိုင်းဘဝကြားထဲမှာ ဇဝေဇဝါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။  အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။
တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။
ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။

ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။

အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။
ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ဝင်ပြောသင့်ပါတယ်။

ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။  

အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။
နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။

ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ

အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။
အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။

ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။

အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အဝတ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။
အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။
ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။
နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။
တို့မီး၊ ရှိူ့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။
အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။

ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။

ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ဝင်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဉာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။
ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။
ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။

ဥပဒေသ (၇) ဝင်ရောက်ဖြန်ဖြေပါ။

တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။
ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ဝိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ဝင်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။
ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊

လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။

တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။

ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။

လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

Credict to--https://www.facebook.com/notes/thanda-win/