Aug 30, 2012

ကျွန်တော့်ဇာတ်လမ်း




အရုပ်ဆိုင်ထဲမှာ ဘတ္ထရီကားလေးကို ကျွန်တော်တို့ ညီအစ်ကိုမြင်မြင်ချင်း
ဆင်းရဲတဲ့ ကျွန်တော်တို့မိဘတွေ ၀ယ်ပေးနိုင်ပါ့မလားလို့ တွေးမိသည်။

အညာနေဟာ ထန်းတစ်ဖျားလောက်မှာ ပူပြင်းတောက်ပနေပြီး
ကမ္ဘာမြေအောက်က ငရဲကျွတ်ကျွတ်ဆူ ပွက်ထနေတယ်လို့တောင် ထင်ရသည်။
တံလျှပ်တွေက မိုးကုတ်စက်ဝိုင်းဆီမှာ အလျှံတညီးညီး။

ယာတောတွေကိုကြည့်ရင်း အဖေကမသိမသာ သက်ပြင်းချလို့။
ပူပြင်းတဲ့နေရောင်အောက်မှာ ၀ါတွေက ဖူးလို့၊ပွင့်လို့။
ဒီဝါတွေဆွတ်နိုင်ဖို့ အဖေတော်တော်အပင်ပန်းခံ ကုန်းရုန်းလုပ်ခဲ့ရသည်။
ခုတော့ ဒီထက်ပိုပြီး ဘာမှထပ်မလုပ်နိုင်တော့သလိုမျိုးပါပဲ။

အဖေတို့၊အမေတို့ဟာ မန္တလေးနဲ့မိုင်(၆၀)ခန့်ဝေးတဲ့ မြင်းခြံခရိုင်ထဲကပါ။
ကျွန်တော် နဲ့ ကျွန်တော့်အစ်ကို ကိုကျော်ဇင်တို့ အမေ အထက်တန်းပြဆရာမအဖြစ်
အလုပ်လုပ်ရာ မြင်းခြံအနီး ရွာလေးတစ်ရွာမှာ
ကျေးလက်ကလေးငယ်များအဖြစ် ကြီးပြင်းခဲ့ရသည်။

အဖေလည်း ပညာရေးဘွဲ့ရခဲ့ပေမဲ့ အလုပ်အကိုင်ရှာဖွှေဖို့ မရခဲ့ပါဘူး။
ဒါ့ကြောင့်မို့  ရွာနားမှာ မြေယာအနည်းနည်းဝယ်ပြီး တောင်သူပဲလုပ်ရတော့သည်။
ဒါပေမဲ့ နိုင်ငံရဲ့စီးပွားရေးအကျပ်အတည်းနဲ့ ပူပြင်းဆိုးဝါးတဲ့ရာသီဥတုကြောင့်
အဖေဟာဘယ်တုန်းကမှ အဆင်ပြေပြေမရှိခဲ့ပါဘူး။
အမေ့လစာကလည်းမိသားစုကိုထောက်ပံ့ဖို့ 
မလုံလောက်တော့ ဒီလိုပဲအတော်ကြိုးစားရုန်းကန်ရခဲ့ပါသည်။

နေပူပူထဲမှာအဖေဟာ တစ်နေ့လုံးအလုပ်တွေလုပ်ခဲ့ရသည်။
အလုပ်သမားစရိတ်တွေ သက်သာအောင်အမေလည်း
စနေ၊တနင်္ဂနွေနေ့တွေမှာ တောလုပ်တောကိုင် လုပ်ခဲ့ရသည်။
သီးနှံပေါ်တော့လည်း အကြွေးဆပ်ရတာနဲ့ကုန်တော့တာပဲ။

အဖေတို့၊အမေတို့ ဘယ်လောက်ပဲခက်ခဲခက်ခဲ ငြီးတွားသံတစ်ချက်လေးတောင်
မကြားခဲ့ရဘူး။သူတို့သားတွေတစ်နေ့
လူတစ်လုံး သူတစ်လုံးဖြစ်ရမယ်လို့ယုံကြည်ခဲ့သည်။

ကိုကျော်ဇင်(၉)နှစ်ကျွန်တော်(၈)နှစ်သားအရွယ်
နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာမြင်းခြံကိုအဘိုးအဘွားတွေနှင့်
သွားနေခဲ့သည်။“ကြောင်နှစ်ကောင်”ဆိုတဲ့စတိုးဆိုင်လေးတစ်ခု
အရောက်မှာ အနီရောင်ဘတ္ထရီကားလေးတစ်စင်းကို
ဖြတ်ခနဲမြင်လိုက်ရသည်။ရှေ့မီးနောက်မီးအစုံအလင်းနဲ့။
နောက်မီးကလေးမှိတ်တုတ်မှိတ်တုတ်ဖြစ်လို့ပေါ့။
အရုပ်စင်ထဲမှာတော့ ဒီကားလေးဟာထင်ထင်ရှားရှားပါပဲ ။

ထုံးစံအတိုင်းဈေးနှုန်းတွေဘာတွေမသိပါဘူး။ဈေးတော်တော်ကြီးတာ
ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။
ဒီလိုကားရုပ်မျိုး မရခဲ့ဖူးပါဘူး။ကျွန်တော်တို့ကစားစရာတွေက
စက္ကူပုံးတွေ၊ အိမ်ဆောက်ပစ္စည်းအပိုင်းအစတွေနဲ့ လုပ်ထားတာပါ။

အခုထိ ကျွန်တော်တို့ညီအစ်ကို ဒီကားရုပ်လှလှလေးအကြောင်း
စိတ်ဝင်တစားပြောဆိုတုန်းပါပ။ဲနောက်တော့အဖေကကျွန်တော်တို့ကို
 မြင်းခြံကို လာခေါ်သည်။
အဖေက ဒီအကြောင်းသိရတော့ ဒီလောက်တောင် သဘောကျနေရင်
သူပိုက်ဆံရှိတဲ့အခါဝယ်ပေးမယ်လို့ပြောခဲ့သည်။
ကျွန်တော်တို့ ၀မ်းသာလိုက်တာ မပြောနဲ့တော့။ အဲဒီနေ့ကစပြီး
ဒီကားရုပ်ဝယ်မည့် စီမံကိန်းအကြောင်းပဲ အမြဲပြောနေမိသည်။
ဒီကားလေးကို သိမ်းဖို့သော့တွေဘာတွေနဲ့
ဝါးသေတ္တာလေးတစ်လုံးပါ လုပ်ထားခဲ့သည်။

နွေရာသီကုန်လုပါပြီ။ကျွန်တော်တို့တောင် မကြာခင်ရွာပြန် ရတော့မည်။
နောက်ပြီး
ကျွန်တော်တို့မျှော်လင့်တောင့်တနေတဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့ပါပြီ။
အဖေကကျွန်တော်တို့ကို ကားဝယ် ပေးမယ်လို့ပြောပါသည်။
ကြောင်နှစ်ကောင်စတိုးကိုလမ်းလျှောက်ရတဲ့ဆယ်မိနစ်လောက်အတွင်းမှာ
အဖေ့ဘေးနားလိုက်ပါလာရင်း မျှော်လင့်ချက်တွေနဲ့ ရယ်မော
ပျော်ရွှင်နေခဲ့ပါသည်။ဆိုင်ရောက်ရောက်ချင်း ရှိုးကေ့စ်ရှိရာကိုတမ်းသွားပြီး
ထူးခြားတဲ့ဒီကားရုပ်လေးကို လှမ်းပြလိုက်ကြသည်။

အရောင်းစာရေးက ကျွန်တော်တို့ကိုငေးကြည့်ပြီး အဲဒီကားရုပ်လေးကို
တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ထုတ်ယူလိုက်ပါသည်။သူကတော့ နွမ်းလျှညှိုးငယ်ပုံ
ပေါ်နေတဲ့ကျွန်တော်တို့သားအဖတွေဟာ စိတ်ပျက်စရာ
 ကောင်းတဲ့ဆိုင်ငေးသူတွေလို့ပဲ တစ်ထစ်ချယုံကြည်ထားပါသည်။

“ဒါ၃၇၀(ကျပ်)” လို့သံပြတ်နဲ့ပြောသည်။
အခုဆို၅၇ဒေါ်လာ လောက်တော့ရှိမှာပေါ့။

ကျွန်တော်အဲဒီနားမှာပဲ ရပ်နေမိသည်။ ကားလေးကိုကိုင်ရင်း၊
အဖေငွေချေတာကိုစောင့်ရင်းပေါ့။
“သားရေ၊ အခုအဖေပါလာတဲ့ ပိုက်ဆံက နည်းနည်းလေး
လိုနေတယ်။နောက်ကြမှပြန်လာကြတာပေါ့ သားရယ်”
လို့ လေအေးအေးနဲ့ပြုံးပြီးပြောရှာသည်။

အားလုံးငြိမ်သက်လို့။ကျွန်တော်တို့အရွယ်ငယ်သေးပါသေးသည်။
ဒါပေမဲ့ နားလည်နိုင်ပါသည်။အဖေက နောက်ထပ်အရုပ်တစ်ခုကိုပြပြီး
“ဒါဘယ်လောက်လဲ” လို့မေးလိုက်သည်။
“ဒါပိုဈေးကြီးတယ်”လို့ကျွန်တော်တို့ကိုတောင်
လှည့်မကြည့်ဘဲ စာရေးမကပြောသည်။

အဖေကအမြဲသတ္တိရှိတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ကျွန်တော်တို့
လက်ကိုဆွဲပြီး စတိုးဆိုင်ထဲကနေ
ပြန်လည်ထွက်ခွာလာတဲ့အချိန်
ကျွန်တော်တို့မျက်နှာကို ရင်ဆိုင်ဖို့ သတ္တိဘယ်လောက်များ
လိုသလဲလို့ တအံ့တသြစဉ်းစားမိသည်။

အဘိုး၊အဘွားအိမ်အပြန်လမ်းမှာ ကျွန်တော်တို့တိတ်ဆိတ်လို့။
“ဒီပိုက်ဆံ(၃၇၀)နဲ့ဆိုမင်းတို့အမေ ကျောင်းဝတ်စုံတစ်စုံဝယ်လို့ ရတယ်”
လို့ သူ့ကိုယ်သူပြောတဲ့အလား ရေရွတ်နေသည်။
အမေ့မှာ ကျောင်းဝတ်စုံတစ်စုံထဲရှိတာကျွန်တော်တို့သိတာပေါ့။
အဲဒီတစ်စုံကိုပဲ ကျောင်းဆင်းရင်လျှော်ဖွတ်ပြီး
နောက်နေ့အမေပြန်ဝတ်နေကျပဲ။
ကိုကျော်ဇင် နှင့် ကျွန်တော် အဲဒီဘတ္ထရီကားအကြောင်း 
ဘယ်တော့မှမပြောဖြစ်တော့ပါဘူး။

နှစ်တွေကြာလာတော့ ရွာမှာကျွန်တော်တို့အတွက်
တိုးတက်လမ်းတွေမရှိတော့ဘူးလို့
ဆုံးဖြတ်ခဲ့ကြသည်။မြင်းခြံကိုပြောင်းရွှေ့ပြီး အဖေက ဆယ်တန်းကျုရှင်ပြသည်။
အလားအလာကောင်းတဲ့အလုပ်တစ်ခုဖြစ်လာခဲ့သည်။
ကျွန်တော်တို့ အရင်ကလောက် မကျပ်တည်း မရုန်းကန်ရတော့ဘူး။

အခုတော့ကျွန်တော်ရော အစ်ကိုပါ မန္တလေးဆေးတက္ကသိုလ်တက် ရောက်ခဲ့ရသည်။
ကျောင်းပိတ်ရက်တွေမှာပဲ မိဘတွေကို သွားတွေ့နိုင် တော့သည်။
ကျွန်တော်အိမ်ပြန်ရောက်တဲ့တစ်နေ့ညနေပိုင်း ကျုရှင်ချိန်တွေအပြီး
အဖေကပိုက်ဆံတွေရေတွက်လို့။
“ဒီငွေတွေအားလုံးကို ငါဘာလုပ်မယ်မင်းထင်သလဲ”
လို့ ပိုက်ဆံတွေအထပ်လိုက်ကိုကိုင်ရင်း အမေ့ကိုမေးလိုက်သည်။
“ကျွန်မမသိဘူး”လို့အမေကပြန်ပြောသည်။
“ကြောင်နှစ်ကောင်စတိုးက ဟိုကားရုပ်လေးငါဝယ်ချင်လို့”
တဲ့အမေက ဖွဖွလေးပြုံးလိုက်သည်။

ပထမတော့ အခုလိုဆယ်စုနှစ်တစ်စုလောက် ကြာပြီးတာတောင်
ဒီလိုသေးသေးဖွဲဖွဲကိစ္စလေးကို အဖေအမှတ်ရနေတာ ကျွန်တော်အံ့သြမိသည်။
နောက်မှဒီလိုထင်မိတာ ကျွန်တော်ဘယ်လောက်
မိုက်မဲတယ်ဆိုတာ သဘောပေါက်မိသည်။

ဒါဟာ ကျွန်တော်တို့ဘ၀အတွက်သေးသေးဖွဲဖွဲ ကိစ္စတစ်ခုမဟုတ်ပါဘူး။
သူတို့ဘာပြောနေတယ်ဆိုတာ မသိချင်ယောင်ဆောင်နေလိုက်သည်။
သူတို့သားငယ်ကလေး သူအလွန်ကြိုက်တဲ့ ကားရုပ်လေး မရလိုက်တာကို
မမေ့နိုင်ဘူးဆိုတာ သူတို့ကို ဘာလို့များအသိပေးနေတော့မှာလဲ။

အောင်ခိုင်
My Story by Aung Khine,Reader Digest
ဘာသာပြန် မောင်နေပြာ

ကျွန်တော့်ဇာတ်လမ်းလေးဟာ နေ့စဉ်ဘ၀ရဲ့စိန်ခေါ်မှုတွေထက်
လှုပ်ရှား၊စိန်ခေါ်နေတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘ၀အတွေ့အကြုံတွေထဲက
သာမှန်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

ပုသျှကင်ရဲ့ဆောင်းလမ်းပေါ်

အမုန်းတရားတွေ
အာဃာတ တရားတွေ
လူမျိုးရေးခွဲခြားမှုတွေ
ဘာသာရေးအစွန်းရောက်မှုတွေ
အမြင်ကျဉ်းမြောင်းမှုတွေ
အတ္တကြီးမားမှုတွေ……
စတာတွေနဲ့ ရက်ဖောက်ပြီး
စစ်ပွဲတစ်ပွဲကို ခပ်လွယ်လွယ်
ခပ်လွဲလွဲ ပြုလုပ်ကျုးလွန်လိုက်တဲ့အခါ
အိုမင်းမစွမ်း အဘိုးအဘွားတွေ
အရူးမိးဝိုင်းဖြစ်နေတဲ့ သားပျောက်မိခင်တွေ
သောကပင်လယ်ဝေနေတဲ့ မုဆိုးမတွေ
ဘ၀ပျက်သွားတဲ့ မိန်းမပျိုလေးတွေ
ခြေပြတ်လက်ပြတ် မျှော်လင့်ချက်ပါ ပြတ်နေတဲ့ လူနာတွေ
ခြေမပြတ် လက်မပြတ်ပေမဲ့
အနာဂတ်ပြတ်သွားတဲ့ မိဘမဲ့ကလေးတွေ
ပုသျှကင်ရဲ့ဆောင်းလမ်းပေါ်
အုံနဲ့ ကျင်းနဲ့………………..။

ဆေးခါး
Idea  မဂ္ဂဇင်း  ၈/၂၀၁၂

ဗိုလ်ချုပ်သို့

မြန်မာသမိုင်းစာမျက်နှာမှာ
ဘယ်တော့မှ ဖျောက်ဖျက်မရတဲ့
ကမ္မည်းကျောက်စာ မဟာကဗျာ…..
ကိုယ့်မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်အတွက်
ကျောင်းထုတ်ခံရတဲ့အထိ တာဝန်ယူရဲတဲ့ စံပြအယ်ဒီတာ
မြန်မာပြည်မှာ
(နာမည်မပါရင်)
တစ်ယောက်ပဲရှိတယ်ဆိုတဲ့ ဗိုလ်ချုပ်……
“ကြည်
ပဲပြတ်နဲ့ နံပြားရရင် စားချင်တယ်”
ဝါကျတစ်ကြောင်းနဲ့တင် စာရေးဆရာဖြစ်ထိုက်သူ…..
နှစ်ယောက်မရှိ
တစ်ယောက်တည်းသာရှိတဲ့ လူထုခေါင်းဆောင်….
အတူမရှိ
အတုမရှိတဲ့ လွတ်လပ်ရေးဗိသုကာ….
အနုပညာဆန်တဲ့
နိုင်ငံရေးသုခမိန်….
တပ်မတော်ရဲ့ဖခင်….
တိုင်းပြည်ရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး…
လူငယ်တွေအတွက်
အမှန်တရားနဲ့ရဲရင့်မှုအတွက် စံထားရာ….
မြန်မာလူ့အဖွဲ့အစည်းရဲ့ မျိုးဆက်တိုင်း
အစဉ်ဦးညွှတ်နေရမယ့် သူရဲကောင်း…
ဘယ်တော့မှ မကြွေသောကြယ်
ဘယ်တော့မှ မ၀င်သောနေ…..
……………………………………..။

ဆေးခါး
ပြုံးစရာ မဂ္ဂဇင်း  ၁/၂၀၁၂

Aug 29, 2012

ဒရမ်တီးသူကဗျာဆရာ

စိတ်မရှည်စရာတွေ များလွန်းလို့
ဆံပင်အရှည်ကြီးထားရတယ်ဆိုတဲ့ ကဗျာဆရာ
 လူလိုမနေရတာကြာတော့
  လူစိတ်လည်း ပျောက်လုလုဆိုတဲ့ ကဗျာဆရာ
   အဆင်မပြေမှုတွေနဲ့
တရားသဖြင့် နေထိုင်ရတယ်ဆိုတဲ့ ကဗျာဆရာ
…………………………………………………………..
နောက်ဆုံးထွက်သက်ထိ
ရင်ထဲက အမှန်တရားအတွက်
(လက်နက်မချဘဲ)
ကဗျာတိုက်ပွဲဝင်သွားတယ်။
ဒီပရင်္ဂကို
မွေးရပ်မြေအတွက် အမွေပေးသွားတယ်
အမိမြန်မာပြည်အတွက်တော့
မာယာကော့စကီးလို ဒရမ်တီးခတ်သူ
ကဗျာဆရာတစ်ယောက်အဖြစ်
တိကျသေချာစွာ ကမ္မည်းရေးထိုးသွားခဲ့တယ်။

(ကွယ်လွန်သူ ကဗျာဆရာ(ကို)လှသန်းသို့အမှတ်တရ)

ဆေးခါး
ပြုံးစရာ မဂ္ဂဇင်း  ၈/၂၀၁၂