Jul 31, 2012

ဖြစ်ရပ်မှန် ဇာတ်ကြောင်း




(၁)
ငါပြန်ရောက်တော့
မအိပ်ဘဲ ရတဲ့ အိပ်မက်နဲ့
သဘောတူ လရောင် ပါလာတယ်
အသံကုန်အော်တဲ့မြစ်
တံတားပေါ်က ချစ်သူတွေ။
ငါနဲ့အတူ
တစ်သားမွေး တစ်သွေးလှ
နောင်တများစွာ
ဇိအစ်ရက်စွဲများစွာ …။
အို..တသီတသန်းကြီးပါ
ဘယ်သူ့နောက်မှ မလိုက်တဲ့
ကိုယ်ခံပညာ
ရာသီဥတု
ဘဝနဲ့ ဓာတ်ပြုသောက်ရေသန့်။
လည်ချောင်းအတိုင်း
ပေါက်ကွဲပေါ့
“ ကျုပ်ပါ
အနှစ်(နဘူးအိုင်) ဆိုတဲ့ကောင်လေ
လောကဓံတရားထဲက
ပျားရည်စစ်စစ်ကို တူးဖော်ခဲ့ပြီ ”။
(၂)
ခက်နေတာက
ငါ့ မိုးသားတွေ ရင်းနှီးအုံ့ဆိုင်း လေသမျှ
အိမ်ခေါင်မိုးနဲ့ ရေတံလျှောက်တွေက
ပြက်ရယ်ပြု မယုံကြည်ကြဘူး။ ။

အနှစ် (နဘူးအိုင်)
(ဟန်သစ် အမှတ်စဉ် ၇၇၊ ၁၉ ၉ ၇)

Jul 30, 2012

“ဌာနေ”



လမ်းများ ဘဝများ
မဖြောင့်တန်းသော မျဉ်းကောက်များအလား
အာလာဒင်ရဲ့ ကရုဏာရိုက်ချက်
မြေမြင်မှာ စိမ်းလို့
ပကာသနအမြင်မှာ ဟိန်းလို့
ရင်ထဲမှာ ယိမ်းလို့ ၊တိမ်းလို့……။
ကမ္ဘာသစ်စည်းချက်
အလင်းရောင်တမ်းတမှုများစွာဖြင့်
လေဝှေ့ခံရွက်နုစိမ်းဖန့်ဖန့်များလို
သွဲ့သွဲ့မှိန်းမှိန်း ငြိမ့်ခဲ့ပြီ။
အဆင်ကွဲ အရောင်မတူ ဘူးကွဲ
ခေါက်လွန့်လူးလား တော်ဝင်အပြေးသမား
မြို့မဈေး ဆိုတဲ့
နားလျှံဂီတသံ
လဟာပြင်ညဈေးမျာ လေညှင်းကလေးကလှသကွဲ့။
သမိုင်းမှားခဲ့ ဘူမိနက်သန်ဟာ
စိမ်းလမ်းတဲ့ လမ်းသစ်ဖြစ်ခဲ့ပြီ။
ငါတို့ရူသွင်းလိုက်တဲ့ ဝင်သက်/ထွက်သက်
မက်တယ်လ်သံအသစ်နဲ့
ဟစ်ဟော့ဂီတလို
လန်းဆန်းနိုင်ပါစေ။

မောင်နေပြာ
၃၊၁၁၊၀၉

အိပ်ယာဝင် ပုံပြင်ဖြစ်သွားတဲ့အကြောင်း


Richsonha
မမြင်ဘူးတဲ့မျက်နှာကို စကားလုံးတွေထဲမှာရှာကြည့်တယ်
ဝတ်ကောင်းစားလှဝတ်ထားတဲ့ မနက်ခင်းရယ်
လူမြင်ရင် ပြုံးပြရမယ်ဆိုတဲ့ ဝတ်ကြေးတန်းကြေ နှုတ်ခမ်းရယ်
အက္ခရာအမှန်တရားတွေကို ရွတ်ဆိုတတ်တဲ့ ဦးနှောက်ကြီးရယ်
ဒီအစိမ်းရောင်ကျောင်းမှာ အတူနေချစ်သူတွေ ဖြစ်ကြတယ်။

စကားလုံးတွေက အသံတွေကို ထမ်းပိုးပြီးခိုင်းတော့
ယုံကြည်ခြင်းတွေက စာတိုက်ကတဆင့် ပါဆယ်ရောက်လာတယ်။

ခါးပတ်နက်ဝတ်ထားတဲ့ ကျောင်းဆရာမလေးရယ်
စားနပ်ရိက္ခာတွေ တင်ဆောင်ပြီး
ဒီမြစ်ရိုးကြီးတလျှောက် ရေလွှာလျောစီးတယ်။
မကြာခဏသောက်တတ်စားတတ်တဲ့ ညနေတွေက
သူ့သူငယ်ချင်းတွေနဲ့ အစေးမကပ်ပြန်ဘူး။

အိမ်ပြန်ရောက်တော့ သရက်ပွင့်တွေ တဖွဲဖွဲကြွေလို့
ညတွေက တိတ်ဆိတ်စွာ အိပ်ပျော်ပြီး ဟောက်လို့
သူ့ကိုယ်ပေါ်က coatingသကြားတွေကို
လာလာလျှက်ကြတဲ့ ပိတုန်းမလေးတွေအကြောင်း မပြောဘဲနေလိုက်တယ်။

ငွေစကြေးစပြတ်ပြီး ဘကြိုင်ဘိုင်ကျနေတဲ့
အဝေးပြးမော်တော်ကားက
တခါတခါမြို့ကို မှန်မှန်လွမ်းလေ့ရှိတယ်။
“အမေ့ကို လွမ်းလို့ ပြန်လာတာလား”ဆိုတော့ သူကပြုံးမဲ့မဲ့
လမင်းနဲ့သူဟာ လူတွေပြောပြောနေကြတဲ့
အလင်းနှစ်တွေနဲ့ တိုင်းတာလောက်အောင် မဝေးပြန်ဘူး။

လေလှိုင်းတွေကြည်လင်ရင် ချစ်ခြင်းမေတ္တာကို ကြားရမယ်။
မိုးလေကင်းစင်ရင် ချစ်သူနားရောက်မယ်။
လမင်းက လမင်းမှာချိန်းဆိုတော့
ညနေတွေက ခြေသွက်လက်သွက် အကြော်ဝင်စားတယ်။
ဘာမှမဝယ်ဖြစ်တဲ့ ရှေ့ပင်မောထဲ တဝဲလည်လည်
ညတွေမှာ တာ့တာပြပြီဆို
သီတင်းကျွတ်ပြီကြည့် ထင်မိတယ်။
လွမ်းစရာ ဒဏ္ဍာရီတွေ ထပ်မလာတော့ဘူးလား။
ညအိပ်ယာဝင်ပုံပြင် ဖြစ်ဖြစ်သွားလို့ကို မဝနိုင်သေးဘူး။

 မောင်နေပြာ

ရွှေနတ်တောင်တိုး




တစ်ပုဒ်ဆိုလည်း ဟုတ်သေးရဲ့
ခုတော့……………………..
ကျေးလက်ကိုကျော်နင်း
ဂရပ်ဖစ်မငြိမ်တဲ့ ချောင်းရိုးလေးဘေးမှာ
ဂန္ဓဝင်တောင်ကုန်းက ခပ်တည်တည်။
မဖြစ်ချေဘူး။
ဟိုအရှေ့က စိမ်းမြတောအုပ်
ဒီဂီတနဲ့ ဖမ်းဆုပ်မယ်။
ငညိုဇာတ်လမ်းနဲ့ ညပွဲဈေးက
မျှော်တွေးဆစရာ………။
မမေ့နိုင်သူတွေက မမေ့ပါဘူး
မျက်ဝန်းတွေကို ဘာသာမပြန်ချင်စမ်းပါနဲ့
မိန်းကလေးရယ်..။
အမှတ်တရဆိုတာ အမှတ်တရပါပဲ။
ပင်ကျရည် မစစ်မှာလည်း မပူရဘူး။
မော်ဖူးခွင့်ရတော့လည်း မထူးပါဘူး။
ဧရာဝတီက သူ့ဖာသာ
ငါတို့မှာသာ ရင်ခုန်လိုက်ရတာ
၁၉ယောက်ရဲ့ အသံဆိုတော့လည်း
နည်းနည်းတော့ မည်မပေါ့………။              

မောင်နေပြာ
ရွှေနတ်တောင်သွား အမှတ်တရ

ရင်အလွှာလိုက် ဆွဲခွာကြည့်ခြင်း


ရင်အလွှာလိုက် ဆွဲခွာကြည့်ခြင်း

ပြုံးစမျက်လုံး နှူတ်ခမ်းလှလှ
ရင်ထဲမောနွမ်း မင်းစကားဆို
သက်သက်ချိုခဲ့။

အို ညီမလေးရယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေ
မမောပန်းနိုင်တဲ့ အတွေးတွေ
မောဟပေါသွမ်း အရူးနှမ်းလို
လရောင်အောက် အလွမ်းကောက်ရ။

ထိုင်ခဲ့နေရာတိုင်း
အစိမ်းရင့်ရင့် တမ်းတဖြစ်ပေါ့
သံယောဇဉ်တံတားအို
နှုတ်မဆက်ဘဲ လဲပြိုလို့
ရင်ထဲလောင်မြိုက်ဆဲ
နွေကန္တာရဝဲ
ရေမပါဘဲ သေရွာရောက်သလိုပ။

မြင်ရုံနဲ့ ဇာတ်လမ်းစခဲ့ပေမဲ့
ဟိုးအတိတ်က ဆယ်နှစ်ဆီ
ဧရာဝတီပင်စည်ဘေးက
ဂျိန်းဖောတို့မြေဟာ
ပန်းစုံအောင်ပျော်တဲ့ အစိမ်းထဲက
တောင်ကုန်းအစိမ်း
ဘာသာရပ်အစိမ်း
နှုတ်ဆက်စကားအစိမ်း
ရင်နင့်အောင်စိမ်း
စိမ်းနိုင်သမျှစိမ်းခဲ့ပေမဲ့
အဲဒီ အစိမ်းမြို့နဲ့
မစိမ်းဘူးကွယ်။

မောင်နေပြာ

ချို




ပန်းကို လိုချင်ရင် အပင်ကို ပျိုးရသတဲ့ ချို     
ဘဝဇာတ်ကွက်တွေကို ကြိုတင်မမြင်ရတော့လည်း
နှင်းဆီကိုလိုလို့ အပင်ချိုးချင်ပေမဲ့   
ဆူးကိုမကြောက်လည်း 
ဝန်းကျင်စကားထောက်မှာ စိုးရိမ်မိတယ်ချိုရယ်။

မင်းဝေးမှ နှင်းဆီကို လိုတာမဟုတ်
ဗုန်းကနဲ အချစ်က
သဘာဝဆန်သလိုဆို
အို ချိုရယ်!
ရင်မှာ မျိုသိပ်ထားရတယ်။

အရောင်တွေမက်၊ရနံ့တွေ စွဲကပ်တယ် ချို
သတ္တုသံတွေဝေး၊ မြို့ပြတေးတွေ မှေးနဲ့
ဟောဒီ တောတောင်တွေကြားက
မင်းဟာ ကိုယ့်အတွက် ဝေဠုဝန်မင်းသမီး တစ်ပါးပါ။

မေတ္တာမိုးပြင်း မရွာသွန်းချင်ရင်လည်း
သံယောဇဉ် မိုးနံလေးတော့ ပေးပါ ချို။

ဒီတော့
ပန်းလိုလို့ အပင်ချိုးခွင့် မရပေမဲ့
ရနံ့အမြိုက်တော့ ရူရှိုက်ခွင့်ပေးပါကွယ်။


မောင်နေပြာ

ချယ်ရီမွန်

ချယ်ရီမွန် 


အညာမြေဝါတောတစ်နေရာမှာ
အနောက်ကနေဝန်းနီတာတာ
မီးခိုးဖုန်မှုန့်တွေ ရူရှိုက်မိရာ
မင်းမျက်ဝန်း မျက်ရည်လဲ့တယ်
မင်းအသားအရေ ညိုပြာညက်တယ် 
ငါ့ရဲ့ အမြတ်နိုးဆုံး စာအုပ်တွေထဲက
ချယ်ရီပန်း ခြောက်ခြောက်   
အချိန် လင့်နေပေမဲ့ 
သူရဲ့ရနံ့ကို မစွန့် 
သူရဲ့အရောင် မလွင့် 
စိတ်ဝင်စားတာ အဆန်းမဟုတ်လိုလို
မြသလွန်ရှိရာ ဖန်းခါးမြေကိုများ 
မင်းတမ်းတနေသလား
ဆန္ဒတွေသုံးလွန်းတင်နေတဲ့
ညီမလေးရေ  !  
တစ်တောလုံးခွေခဲ့တဲ့တောမှာ
မင်းဟာ သစ်မင်းတစ်ချောင်းဖြစ်ရဲ့။  


မောင်နေပြာ

ချစ်သူကျင်းတဲ့ ညနေခင်း



Pamela Anderson


ဟဲလို
    မောင်ရှိရဲ့လား
    ကလေးတွေရဲ့ ဂီတသံလား
    ဧရာဝတီဘေးမှာ ရင်ခုန်ရင်း
    မောင်စောင့်နေရဲ့။
                        
                         မောင်နေပြာ
ချစ်သူအတွက်
ဘာအရောင်နဲ့ ပန်းပွင့်ရမလဲ
စဉ်းစားရင်း
တိမ်တွေနဲ့ နီးခဲ့တဲ့
သစ်ပင်ပါ။
                         
                        မောင်ကြည်သွင်
ချစ်သူ(နတ်တို့ ဝှက်ထားတဲ့ အိပ်မက်
              ငါ့ရင်ဘတ်နဲ့ ဖြည့်ရတယ်။)
ခင်းကျင်း(ရွရွလေး ချထားခဲ့တဲ့ ဝါကျကို
            ငါ့တမ်တိုက်ကို အပြာရောင်နဲ့
                               ကြိုးညှိမယ်)
ညနေခင်း(နှစ်ဦးပိုင် ဆန္ဒတွေကို
             တစ်ဦးပိုင် ရင်ခုန်နှုန်းတွေနဲ့ တိမ်တောက်မယ်။)
                           
                          ကိုဖုန်း
သံယောဇဉ်ဆိုတာ
ဘဝပါပဲ……….။
                            
                         လိုင်ကုနန္န

                      (အောင်လံမြို့၊နိုင်စတားစားသောက်ဆိုင်)