(၁)
ငါပြန်ရောက်တော့
မအိပ်ဘဲ ရတဲ့ အိပ်မက်နဲ့
သဘောတူ လရောင် ပါလာတယ်
အသံကုန်အော်တဲ့မြစ်
တံတားပေါ်က ချစ်သူတွေ။
ငါနဲ့အတူ
တစ်သားမွေး တစ်သွေးလှ
နောင်တများစွာ
ဇိအစ်ရက်စွဲများစွာ …။
အို..တသီတသန်းကြီးပါ
ဘယ်သူ့နောက်မှ မလိုက်တဲ့
ကိုယ်ခံပညာ
ရာသီဥတု
ဘဝနဲ့ ဓာတ်ပြုသောက်ရေသန့်။
လည်ချောင်းအတိုင်း
ပေါက်ကွဲပေါ့
“ ကျုပ်ပါ
အနှစ်(နဘူးအိုင်) ဆိုတဲ့ကောင်လေ
လောကဓံတရားထဲက
ပျားရည်စစ်စစ်ကို တူးဖော်ခဲ့ပြီ ”။
(၂)
ခက်နေတာက
ငါ့ မိုးသားတွေ ရင်းနှီးအုံ့ဆိုင်း လေသမျှ
အိမ်ခေါင်မိုးနဲ့ ရေတံလျှောက်တွေက
ပြက်ရယ်ပြု မယုံကြည်ကြဘူး။ ။
အနှစ်(နဘူးအိုင်)
(ဟန်သစ် အမှတ်စဉ် ၇၇၊ ၁၉ ၉ ၇)