မင်း မန္တလေးကအစုန်
ဒီက ဇာတိအညာမြို့လေးကိုကြုံလို့
ဝင်ရုံပဲလား ညီလေးရာ။
ဖေဖေ ရှိရာ
မိုးထိမကျည်ပင်အောက်က အိမ်ရှည်လေးကို
ဒီနှစ် သင်္ကြန်နောက်
ကိုယ်မရောက်ဖြစ်သေးဘူး။
သားသမီးငါးယောက်ကို
ဘ၀ထဲပစ်ပေါက်ပြီး
လောကလှိုင်တံပိုးကို
ကန်ရိုးကထိုင်ကြည့်နေတဲ့
တို့မမကြီးကော
မြို့အနောက်က တို့ရွာလေးဆီ
ပြန်ရောက်သေးသတဲ့လား။
ကြယ်တွေလင်းလက်တိုင်း
လိုချင်ရှာတဲ့
မမလေးရေ
ပညာလမ်းအတက်တွေ ချောပါစ
ဘ၀အမောတွေ အတောရပ်ပါစ
မိတ္ထီလာကန်တော်အောက်က ဖားကောက်ပါစ။
ရင်ခွင်ကျယ်နဲ့ပွေ့ဖက်
သားသမီးတွေ အခက်အလက်နဲ့
တွေးယှက်လိုတဲ့ ဖေဖေ
အဆွေအမျိုးမက်တဲ့ ဖေဖေ
မိသားစုလက်စုံစားချင်ရှာတဲ့
ဖေဖေရော။
သားခွဲခံရတဲ့
မိခင်အိုလို
အထီးကျန်နေရော့သလား။
ရွာနိမ့်ထဲက အမေ့အိမ်
ဘယ်သူများ ခြေချနေပါလိမ့်
နို့ဆီခွက်နဲ့
ရေခပ်မည့်အတွေး
ခုတော့ အမေရယ်
အမေဆိုသလို အိမ်အပြန်ကားတွေက
တယ်မလွယ်လှဘူး အမေရယ်။
ရိုးရိုးပွင့်ပွင့်နဲ့ အမေ
သားသမီးတွေ ထူထောင်စေချင်တဲ့ အမေ
တို့ တွေနဲ့ ကံကုန်သွားပေမဲ့
ဘယ်မှာများ ဆန်ဆုံစားနေပါလိမ့်။
လာမည့်သြဂုတ်၂၈ဆို
အမေထားရစ်ခဲ့တာ
၈နှစ်ဖြစ်ပြီလေ။
မြို့ဟောင်းအနီးက
မမကြီးရေ
ဌာနီရပ်ကြွေးက မမလေးရေ
မြို့တော်အဝေးက
ညီလေးရေ
အမေခေါင်းချရာ၊အမေလဲလျောင်းရာ
အဲဒီ့ အဲဒီ့ တို့ ဇာတိမြေဟာ
အိမ်အပြန်ဝေးပေမဲ့
အဝေးပြန်အိမ်တော့ မဟုတ်ပေဘူး။
မောင်နေပြာ