မမြင်ဘူးတဲ့မျက်နှာကို စကားလုံးတွေထဲမှာရှာကြည့်တယ်
ဝတ်ကောင်းစားလှဝတ်ထားတဲ့ မနက်ခင်းရယ်
လူမြင်ရင် ပြုံးပြရမယ်ဆိုတဲ့ ဝတ်ကြေးတန်းကြေ နှုတ်ခမ်းရယ်
အက္ခရာအမှန်တရားတွေကို ရွတ်ဆိုတတ်တဲ့ ဦးနှောက်ကြီးရယ်
ဒီအစိမ်းရောင်ကျောင်းမှာ အတူနေချစ်သူတွေ ဖြစ်ကြတယ်။
စကားလုံးတွေက အသံတွေကို ထမ်းပိုးပြီးခိုင်းတော့
ယုံကြည်ခြင်းတွေက စာတိုက်ကတဆင့် ပါဆယ်ရောက်လာတယ်။
ခါးပတ်နက်ဝတ်ထားတဲ့ ကျောင်းဆရာမလေးရယ်
စားနပ်ရိက္ခာတွေ တင်ဆောင်ပြီး
ဒီမြစ်ရိုးကြီးတလျှောက် ရေလွှာလျောစီးတယ်။
မကြာခဏသောက်တတ်စားတတ်တဲ့ ညနေတွေက
သူ့သူငယ်ချင်းတွေနဲ့ အစေးမကပ်ပြန်ဘူး။
အိမ်ပြန်ရောက်တော့ သရက်ပွင့်တွေ တဖွဲဖွဲကြွေလို့
ညတွေက တိတ်ဆိတ်စွာ အိပ်ပျော်ပြီး ဟောက်လို့
သူ့ကိုယ်ပေါ်က coatingသကြားတွေကို
လာလာလျှက်ကြတဲ့ ပိတုန်းမလေးတွေအကြောင်း မပြောဘဲနေလိုက်တယ်။
ငွေစကြေးစပြတ်ပြီး ဘကြိုင်ဘိုင်ကျနေတဲ့
အဝေးပြးမော်တော်ကားက
တခါတခါမြို့ကို မှန်မှန်လွမ်းလေ့ရှိတယ်။
“အမေ့ကို လွမ်းလို့ ပြန်လာတာလား”ဆိုတော့ သူကပြုံးမဲ့မဲ့
လမင်းနဲ့သူဟာ လူတွေပြောပြောနေကြတဲ့
အလင်းနှစ်တွေနဲ့ တိုင်းတာလောက်အောင် မဝေးပြန်ဘူး။
လေလှိုင်းတွေကြည်လင်ရင် ချစ်ခြင်းမေတ္တာကို ကြားရမယ်။
မိုးလေကင်းစင်ရင် ချစ်သူနားရောက်မယ်။
လမင်းက လမင်းမှာချိန်းဆိုတော့
ညနေတွေက ခြေသွက်လက်သွက် အကြော်ဝင်စားတယ်။
ဘာမှမဝယ်ဖြစ်တဲ့ ရှေ့ပင်မောထဲ တဝဲလည်လည်
ညတွေမှာ တာ့တာပြပြီဆို
သီတင်းကျွတ်ပြီကြည့် ထင်မိတယ်။
လွမ်းစရာ ဒဏ္ဍာရီတွေ ထပ်မလာတော့ဘူးလား။
ညအိပ်ယာဝင်ပုံပြင် ဖြစ်ဖြစ်သွားလို့ကို မဝနိုင်သေးဘူး။
မောင်နေပြာ
