Jul 23, 2013

ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီအကျဉ်းစခန်းမှာ
သေဆုံးသွားတဲ့ အန်နီဖရန့် ရဲ့ အမှောင်ထဲက မှတ်တမ်းစာအုပ်နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဘော့စနီးယားပြည်တွင်းစစ်အတွင်း (၁၃) နှစ်သမီးလေး
ဇလာတာဖီလီပိုဗစ် ရေးမှတ်ခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းနဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဘော့စနီးယားပြည်တွင်းစစ်အတွင်းမှာ့အသက်ပေးခဲ့ရတဲ့
ဘာသာမတူတဲ့ ချစ်သူနှစ်ဦး
ဘော့ကို နဲ့ အယ်ဒီမီရာတို့ရဲ့ အလွမ်းပြဇတ်တွေနဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဖခင်ရောင်းစားလို့ (၁၁) နှစ်အရွယ်မှာ
ကိုယ့်ထက် (၂၄) နှစ်ကြီးသူ နဲ့လက်ထပ်ခဲ့ရပြီး
(၁၂) အရွယ်မှာ မီးဖွားရင်း သွေးလွန်သေဆုံးသွားတဲ့
ယီမင်နိုင်ငံသူ ဖာစီယာရဲ့ တစ်ခန်းရပ်ပြဇာတ် နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ
(၁၅) နှစ်အရွယ် ပါကစ ္စတန်ကျောင်းသူလေး မာလာလာ၊
ယူဆွတ်ဖ်ဇိုင် ရဲ့ ဦးခေါင်းထဲ ကျဉ်တစ်တောင့်
လက်ဆောင်ထည့်ပေးတာ ခံလိုက်ရတဲ့ သတင်း နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဘတ်စ်ကားစီးရင်း လူယုတ်မာတစ်စု လက်ချက် နဲ့
ပန်းတစ်ပွင့်လို ရက်ရက်စက်စက် ခြွချနင်းချေခံလိုက်ရတဲ့
(၂၃) နှစ် အရွယ် အိန ္ဒယဆေးကျောင်းသူ သတင်း နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
............................................................
သင့်ကို ထူးချွန်ထင်ရှားပုဂ ္ဂိုလ်များ စာရင်းမှာ နံပါတ်တစ်ပေးတယ်
ဂုဏ်ယူ ဝမ်းမြောက်ပါတော့ ကမ္ဘာကြီး။  ။


ဆေးခါး
11.1.2013
03.05 AM (TDI)

Idea, May 2013

ငါ ... အသံတွေဝင်နေလို့ပါ

တိတ်ဆိတ်မှုဟာ ခွေခေါက်လို့
ပြတင်းနားက နေရောင်ကို ခပ်သောက်လိုက်တယ်
ကမ္ဘာလောကကို ချောင်းကြည့်ဖို့
ဒါမှမဟုတ်
ဘုရားသခင် ၊ ကမ္ဘာလောက
ချစ်ခြင်းမေတ္တာ ၊ သဘာဝပတ်ဝန်းကျင်
လူသားမျိုးတုံးခြင်းပြဿနာများနဲ့
တစ်ခြားအရေးတကြီး စကားလုံးတချို့ကို
ယာယီ အနားပေးထားဖို့
ငါ့ရဲ့အနီးအနား ငါ့ရဲ့အကျို့အကြား
ရာသီကုန် လျော့ဈေးဆိုလားကွာ
အသံဗလံတွေ တိုးဝင်လာပြန်တယ်
ငါကပဲ ဖိတ်ခေါ်ခဲ့တာလား
အလင်းနှစ်တွေကပဲ နောက်ကျခဲ့တာလား
လူသံတွေကလွဲရင် အသံဗလံအားလုံး ...
နေရာတကျ အထားအသိုမှန်မှန် စီစဉ်နေမိ
ခပ်သဲ့သ့ေဲ တာ့ကြားမှာပါ
ရင်ဘတ်ထဲက လာတာမဟုတ်ဘူး
ပါးစပ်ဖျားက
လျှာခင်နားက
တိုးဝှေ့ထွက်လာတ့ ဲ အသံဗလံ ..
ဝူးဝူးဝါးဝါး .. ဒါမှမဟုတ် ဖယ်ထုတ်ခံထားရတဲ့
သန်းခြောက်ဆယ်တန် အသံတုအသံကြောင်
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ယားယံနေတဲ့ လည်ချောင်းတစ်လျှောက်
ငါ့အသံကို ငါမမှတ်မိတော့ဘူး


မင်းစစ်အိမ်

Jul 3, 2013

နပန်းပွဲ

မကြောက်ဘူးကွ
ပါးစပ်ကအော်
သူ့အပေါ် မင်းအောက်
ကြောက်တတ်တယ်ဆိုဆို
နောက်ထပ်ကို မယှဉ်နဲ့ဦး
“ကုန်ဈေးနှုန်း” ဘိုးအေကို
မင်းလိုလူ “လစား” သား
ယှဉ်နိုင်ပါ့မလား။


မောင်နေမင်း(ရွှေတောင်)

ကြာ


ကြာ-----!
ငါဟာ ကြာတစ်ပွင့် ဆိုပေမယ့်
ရေပေါ် စိတ်မြင့်
မာန်မဝင့်ဘူး------။

ငါအမြစ်တွေက
နွံအနစ်မှာ ကျွန်ဖြစ်လို့------။

နန်းသက်ခိုင်(စက်မှု)

နှုတ်ဆက်ည

ခွဲခွာရမယ်မှန်း သိရက်နဲ့
လက်ပြနှုတ်ဆက်ရတာကိုက
ရင်ထဲမချိစရာ
ခဏတာခိုလုံခွင့်ရပေမယ့်
တစ်ဘဝစာ အမှတ်တရတွေ ကြုံရတယ်။
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ
နှုတ်ဆက်လက်တွေ ဝှေ့ယမ်းနေတဲ့
ကျောင်းတော်ကြီးရေ---
သားသစ်တွေနဲ့ နုပျိုပါ
ချိုမြိန်တဲ့ အနမ်းတွေ ပေးပါ
နွေးထွေးတဲ့လက်တွေကမ်းလင့်ပါ
လွမ်းခွင့်တွေ ကိုယ်စီပိုက်လို့
လောကဓံ ဒိုက်ပုံပေါ်မှာ
သားကြီးတွေလျှောက်ကြမယ်။  ။

မင်းသွေးနိုင်

၁၃-၈-၂၀၀၂
(သူငယ်ချင်းတွေရဲ့ စိတ်ကို တူးဖော်ကြည့်လိုက်တဲ့အခါ-------)

ရှင်းလင်းချက်

ရှင်းလင်းချက်


ဒါဟာ
လမင်းသီချင်း
မြစ်ထဲ စီးဝင်းသွားခြင်းပါ။
အလင်းရှာတဲ့ပန်း
နှင်းဒဏ်ပိပြီး နွမ်းနေသလိုပေါ့
စဉ်းစားကြည့်လေ
သက်ပြင်းဆိုတာ ချက်ချင်းချပြလို့မှ မရတာ။ ။



တိမ်မင်းလွင်(မုံရွာ)

Jul 2, 2013

သင်ရိုးမေ့တဲ့သား

ကန္တရအထပ်ထပ်နဲ့

ပြဇာတ်တစ်ပုဒ်လို လွမ်းနေတဲ့ ကမ်းခြေ
သူ့လမ်းတွေ ဒီရေစီးနေသလိုမျိုး
တောင်ပံတွေ အချိုးချပျံသန်း
အလွမ်းမြစ်နဲ့ ပြန်သစ်ထားတဲ့နွေ
ငါ့ရင်ခုန်သံတွေ လမ်းခွဲမှာရပ်ရင်း
အငွေ့ပျံသွားတဲ့ ချစ်သူ့အလင်းနဲ့
သီချင်းဆိုပြနေတဲ့ မေမေရေ
လာလမ်းတွေကို ကျွန်တော် မသိတော့ဘူး။

သဏ်းထွဏ်းဦး
ဇူလိုင် ၂၀၀၆ စရဏမဂ္ဂဇင်း

အလွမ်းရင့်ရင့်

အလွမ်းရင့်ရင့်

နွေဆိုတဲ့ နွေပါပဲ
ရိုးတံပြိုင်းပြိုင်းနဲ့ အလွမ်းရင့်တွေက
အနမ်းမသင့်တဲ့ မျက်ရည်ခြောက်တွေ
အကြိမ်ကြိမ်ခါချ
အထီကျန်ငါ့ဘဝရဲ့
အကျည်းတန်တဲ့ ဈာပနလေ။

ဆည်းဆာအိုကို တပ်မက်
ညဉ့်ငှက်တွေကို ခင်မင်
ကြယ်စင်တွေနဲ့ လမင်းလည်း
ငါ့သီချင်းတွေနဲ့ နားညည်းနေရော့။

အသားတကျပါပဲ
စံပယ်တင်တဲ့ ကျစ်ဆံပြီးလေးရယ်
နံ့သာခိုတဲ့ ပါးပြင်မို့မို့ရယ်
နှင်းဆီပန်တဲ့ နှုတ်ခမ်းနှစ်လွှာရယ်
ကြယ်စင်ခတဲ့ မျက်ရည်တွေပေါ့
(ငါရင်ထဲမှာ)
ရွှင်မြူကခုန်နေလိုက်ကြတာ
နေမင်းကြီးတောင်
အထွက်အမ်းနေသေးတော့။

ဒီလိုနဲ့
ဒီတနွေတခင်းလည်း
ကြွင်းတဲ့အားအင်ကဖြစ်ကညစ်နဲ့
မိန်းကလေးရေ …….
ငါလွမ်းရစ်ရဦးမှာပေါ့ကွယ်။

လွင်

Jul 1, 2013

ရေတမာ

ခက်သစ်. . . ဝေ. . .
အားတွေလောင်း
ရွက်ဟောင်းများ. . .ခြွေနေဆဲ. . .

ခြေသံတွေ. . .
ခပ်ပြင်းပြင်း. . .
ပုံသွင်းမယ့်သူ. . . ရောက်လာတယ်. . . ။ ။


                                               ဒီနေ 
       
                                               “သက်ကယ်ကျူရိုးတို့ရဲ့ လေတိုးသံ” ကဗျာ စာအုပ်မှ

မညီမျှခြင်း(၂)

နန်းထိုက်တော်ဝင်
ပန်းသဇင်လို
နွယ်ရစ်ခွေကျော့
ကောင်းကင်ကို ဦးမော့နေတတ်တဲ့
နင် . . . . .။

လေပြေလာတိုင်း
မြက်ရိုင်းပင်ထဲ
တဖွဲဖွဲ သက်ကြွေကျ
ပန်းခရေဘဝမျိုးနဲ့
ငါ . . . . .။

တို့ရဲ့ ကမ္ဘာ
အရာရာ လွဲချော်ရင်း
သက်ပြင်းသံ တဖွဖွ
မြတ်နိုးနေရုံသာ . . . . .။

နွေကျွန်း 

“သက်ကယ်ကျူရိုးတို့ရဲ့ လေတိုးသံ” ကဗျာ စာအုပ်မှ