Aug 28, 2012

အမေ

အမေနှင့်ပတ်သက်ပြီး ပထမဆုံးမှတ်မိတာက မနက်စောစောစီးစီး အမေနှင့်အတူလမ်းထလျှောက်တာပဲ။တစ်ခါတစ်ရံ  (၁၁) အမှတ်ရဲစခန်းဘက် ၊ တစ်ခါတစ်ရံရေတွင်းပျက်မှတ်တိုင်ဘက်။အဲဒီတုန်းက ကျွဲဆည်ကန် ကားဝင်းဆိုတာ မရှိသေးပါဘူး။ကျွန်တော်တို့နေတာက(၉၀၁)ရပ်ကွက်ထဲမှာ မိတ္ထီလာပြန်မည့်နေ့ဆိုလည်းဒီလမ်းမကြီးဘက်ထွက်ပြီးကားစောင့်ရသည်။ကားလေးတွေက ဟိုင်းလတ်ကားလေးတွေ။ အခုလို Express တွေ Mini Bus တွေမရှိသေး။ စပယ်ယာတွေကတော့ “မိတ်လာ---မိတ်လာ---မိတ်လာကို” လို့အဆက် မပြတ်အော်ကာလူခေါ်လေ့ရှိသည်။ ကျွန်တော်ကတော့ မိတ္ထီလာလို့ ပီပီသသမထွက်ဘဲ သူတို့အော်တဲ့“မိတ်လာမိတ်လာ” ဆိုတဲ့အသံကိုပဲ သဘောကျနေမိသည်။ကျွန်တော်ကစကားပြောတတ်ခါစ အရွယ်၊ ဒီအသံကြားရင်ပဲ ဆွေမျိုးတွေနဲ့ တွေ့ရတော့မယ်ဆိုတာသိလို့ ပျော်နေမိသည်။

အမေတို့၊ဖေဖေတို့ ဇာတိက မိတ္ထီလာ။ဖေဖေကအစိုးရဝန်ထမ်းမို့မန ္တလေးသို့ပြောင်းရွှေ့ခဲ့ရသည်။အမေကတော့ အိမ်ရှင်သက်သက်မို့ မိတ္ထီလာကိုခဏခဏပြန်သည်။ပြန်တိုင်းသူ့သားကြီးကျွန်တော့်ကို အမြဲခေါ်လေ့ရှိသည်။တစ်ခါတော့ မန္တလေးမှ မိတ္ထီလာသို့ အပြန် ကူမဲရောက်မှ ကားကြုံနဲ့ သတင်းစကားတစ်ခုရောက်လာသည်။မန္တလေးမှာရှိတဲ့ကျွန်တော်တို့အိမ် မီးလောင်လို့တဲ့။စကားပြောတတ်စအရွယ် ကျွန်တော်ကတော့အမေတို့ သောကကို နားမလည်နိုင်ရှာပါ။ကျွန်တော်သုံးနှစ်သားအရွယ်မှာ မမကြီး အိမ်ထောင်ကျသည်။သမီးဦးဖြစ်လို့ဖေဖေတို့၊ အမေတို့ ရင်နင့်အောင်ခံစားရသည်။ ချစ်လို့မဝသေးခင် တပါးသူလက်ထဲထားခဲ့ရတာမို့ မဖြေသိမ့်နိုင်ခဲ့ပါလို့ အမေက နောင်ခါကျမှ ကျွန်တော့်ကိုပြောပြသည်။အမေတို့ နှမြောတသဖြစ်လို့ သောကဖြစ်ဆဲမှာပဲ မိတ္ထီလာသို့ပြန်ပြောင်းရွှေ့ကြတော့သည်။ကျွန်တော်က မမကြီးတို့နဲ့အတူ မန္တလေးမှာခဏတာကျန်ရစ်ခဲ့သည်။

ကျွန်တော်အရွယ်ရောက်လာတော့ ကျွန်တော့်ကိုဘယ်မှာမွေးလဲလို့မေးကြည့်ဖူးသည်။အဲဒီတုန်းကအမေတို့ကမန ္တလေးမှာနေတာ၊သားကြီးကိုမွေးမယ်ဆိုတော့မိတ္ထီလာမှာပဲ ပြန်မွေးတာလို့မေမေကပြောသည်။အဲဒါကြောင့်ကျွန်တော်အသားမဲတာနေမှာပေါ့လို့ပြောတော့ အမေကရယ်သည်။ ကလေးအရွယ်က အမေကျွန်တော့ကိုချစ်တာသတိတရမခံစားရပါ။ကျွန်တော်မမှတ်မိနိုင်တာလည်းဖြစ်နိုင်သည်။ကလေးဘဝတွေကလည်း ဆောင်းနှောင်းရက် ကျန်တွေလိုတဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ကျောင်းထားတဲ့ကိစ္စအရပ်ရပ်ကို ဖေဖေကပဲဒိုင်ခံလုပ်ပေးခဲ့သည်။အမက(၁၆)၊အင်းကုန်းကနေမူလတန်းဆင့်ပြီးဆုံးတော့မိတ္ထီလာအ၊ထ၊က(၄)သို့ ပြောင်းရွှေ့ရသည်။(၆)တန်း ကျောင်းသားဘဝမှာ မှတ်မှတ်ရရ၊အမေက ကျွန်တော်ကို ကျောင်းစိမ်းအင်ကျီအဖြူလေးတစ်ထည် လက်ချုပ်နဲ့ ချုပ်ပေးသည်။ပထမတော့ ဝတ်ရမှာကို ကျွန်တော်ရှက်နေခဲ့သည်။ဆရာမတွေ ကအစ မန္တလေးလေးကလှလိုက်တာလို့ပြောမှ ကျွန်တော်တော်တော်သဘောကျမိသည်။အဲဒီနှစ် မှာပဲ အမေ့ရဲ့ဂရုစိုက်မှုတွေနှင့်အတူကျွန်တော်ဟာ စာတော်တဲ့ကလေးတစ်ယောက် ဖြစ်လာ ခဲ့သည်။အမေကစာကျက်ဖို့ တဖွဖွပြောသည်။ဘာကြောင့်၊ညာကြောင့်လို့တော့ တစ်ခါမှရှင်းမပြခဲ့ဖူးပါဘူး။အမေခိုင်းတာ မလုပ်တဲ့အခါမျိုးဖြစ်ဖြစ်၊ သူစိတ်တိုင်းမကျတဲ့အခါမျိုးဖြစ်ဖြစ် နင်တို့ကိုမွေး ရတာ ငါဗိုက်ကြောပြတ်တယ်လို့ပြောတတ်သည်။

အမေက ဆူဆူပူပူလုပ်တာကလွဲလို့ သားသမီးတွေ ကို ဆဲလား၊ဆိုလား
၊ခေါက်လား၊ထစ်လား မလုပ်ခဲ့ပါဘူး။ကျွန်တော်တို့မုန့်ဖိုးကို ဖေဖေကပဲ
အမြဲပေးသည်။အမေကမုန့်ဖိုးပေးဖို့ အမြဲတွန့်တိုတတ် သူပါ။ဒါပေမဲ့အိမ်မှာတော့ မုန့်တွေအမြဲဝယ်ထားတတ်သည်။နွေနေ့လည်တွေဆို သာကူကျိုနို့ထမင်း၊မုန့်လက်ဆောင်းစတဲ့ အညာမုန့်မျိုးတွေဝယ်ကျွေးလေ့ရှိသည်။ညနေဘက် အဖေအပြင်ကပြန်လာရင် မုန့်လင်မယား ဒါမှမဟုတ်စပျစ်သီးတစ်ခုခုတော့ ဝယ်လာစမြဲပဲ။ယူတ်စွအဆုံး ဘာမှဝယ်မလာရင် တောင် အိမ်မှာအပျင်းပြေစားဖို့ ပဲလှော်၊လ္ဘက်တော့အမြဲရှိသည်။

ဖေဖေအစိုးရဝန်ထမ်းဘဝကထွက်တော့ အလုပ်တွေတစ်ခုပြီးတစ်ခု ပြောင်းလုပ်ခဲ့ရသည်။ပရိဘောဂလုပ်ငန်း၊ထမင်းဆိုင်၊လ္ဘက်ရည်ဆိုင်၊ အထည်ဆိုင်၊ထန်းရည်ဆိုင် စသည်ဖြင့်၊အမေကတော့ ဖေဖေ့လုပ်ငန်းတွေကို ဒူးတူပေါင်ဖက် အမြဲလုပ်ကိုင်ပေးခဲ့သည်။(၈၈)တော်လှန်ရေးဖြစ်တော့ ဖေဖေတို့ထန်းရည်လိုင်စင် နိဌိတံသွားသည်။စိုးရိမ်တတ်တဲ့အမေက ကျွန်တော့ကိုလက်ဆွဲပြီး ဈေးထဲမှာ ဟင်းသီးဟင်းရွက်တောင်ရောင်းခဲ့တာ။အဲဒီကာလတွေမှာ အစားအစာတွေရှားပါးတယ်ထင်ပါရဲ့။ထမင်းကိုပဲစင်းငုံတို့၊ပဲလွန်းတို့၊ပြောင်းဆန်တို့နဲ့ တွဲစားခဲ့ရတာအမှတ်ရနေမိသည်။အမေက သားသမီးတွေ မျက်နှာငယ်မှာကို သိပ်ကြောက်ခဲ့တာ။သူ့အတွက်တော့ဂုဏ်တွေ၊ပကာသနတွေ ဘာမှမထားခဲ့ပါဘူး။အမေဟာ တခြားမိန်းမတွေလို မကြွားဝါတတ်ဘူး။ဂုဏ်တုဂုဏ်ပြိုင် မလုပ်ခဲ့ဘူး။ မာယာ၊သာဌေယျ
တွေကင်းကင်းနဲ့ ဘဝကိုလျှောက်လှမ်းခဲ့သည်။ဝန်ကိုစဉ်းလဲခြင်း ကင်းခဲ့သည်။အမေ့ရဲ့ရှင်းလင်းတဲ့စိတ်ထားကို ကျွန်တော့တို့ အတုယူသင့်သည်။အမေက လူတွေအားလုံးကိုစေတနာအရင်းခံနဲ့ပဲ ကြည့်တတ်တာ။ဝမ်းနည်းစရာကောင်းတာက အမေ့ရဲ့သားသမီးလေးယောက်က ဘယ်သူမှ အမေ့လို မဖြူစင်ခဲ့ပါဘူး။ကျွန်တော်တို့ဝန်မခံချင်ပေမဲ့ဝန်ခံရမှာပါ။

ရပ်ရွာအေးချိန်သာယာစ ဖေဖေက ရန်ကုန်ကို အထည်တွေသွားဝယ်၊ဒီမှာနေ့ပေးစနစ် အကြွေးပြန်ရောင်းရသည်။ကျောင်းစိမ်းဘောင်းဘီအစ အိုခွက်ပန်းကန်ပါမကျန်လူ့အသုံးအဆောင်ပစ္စည်းတွေအပြင် ငွေစကြေးစပါနေ့ပြန်ပေးစနစ်နဲ့ချေးပါသည်။အမေနဲ့ဒီအလုပ်နဲ့အလျှင်းသင့်လှသည်။မနက်ပိုင်း ရောင်းစရာရှိတာတွေရောင်း၊ညနေဆိုအကြွေးလည်းတောင်းလိုက်နဲ့ကျန်မာရေးအတွက်လည်းကောင်း၊စီးပွားရေးလည်းတွက်ချေကိုက်လှသည်။အမေကဘယ်တော့မှ ဈေးဘယ်တော့မှတင်မရောင်းဘူး။ဈေးလိမ်မရောင်းဘူး။ အမေဈေးရောင်းတာ ဈေးရောင်းတာနဲ့မတူဘူး။ဆွေမျိုးသားချင်းတွေထံ တတ်နိုင်သလောက်လေးလာပေးကမ်းတာနဲ့
တူပါသည်။အခြားလူတွေရောင်းရခက်တာမျိုး အမေ့လက်ထဲရောက်ရင်ကုန်တာပါပဲ။တစ်ချိုဆို ဈေးကဝယ်လာပြီး မကြိုက်တဲ့ ဖိနပ်၊ဦးထုပ်၊အထည်ကအစ "ဒေါ်ကြီးရယ်ဒါလေး တွေ ပြန်ရောင်းပေးပါ"ဆိုရင်းပြောရင်းလာပေးတတ်သည်။အမေကဒါမျိုးဆိုအမြတ်မယူဘဲစေတနာသက်သက် ကူညီတတ်သည်။အမေဈေးရောင်းတာနဲ့ပတ်သက်လို့ကျွန်တော်တို့ရပ်ကွက်မှာ ပြောစမှတ်တွင်တာတစ်ခုရှိသည်။“ဘာပဲရောင်းချင်ရောင်းချင်၊ဒေါ်ကြီးဒေါ်ခင်သန်းသာပေးလိုက်၊မကုန်တာမရှိစေရဘူး။”တဲ့။အမေ့ကိုရပ်ကွက်ထဲမှာမသိတဲ့သူမရှိပါဘူး။ကလေးကအစဂေါပကလူကြီး အဆုံးသိကြခင်ကြသည်။ထောင်ထွက်ရာဇဝင်လူဆိုးတွေတောင် အမေ့ကိုစကြနောက်ကြသတဲ့။

အမေဟာဈေးရောင်း၊ဈေးဝယ်တော်သလောက် စာရင်းဇယားလုပ်ဖို့ကျ ပျင်းတတ်သည်။ အမေကလပြည့်နေ့ဖွားလို့များ စိတ်သဘောထား နူးညံ့သိမ်မွေ့တတ်သလိုအနည်းငယ်ပျင်းရိတတ်သလားတွေးမိသည်။အမေကအအိပ်ကိုအစားထက်ခုံမင်သူလည်းဖြစ်သည်။စာရင်းမှတ်လေ့မရှိပေမဲ့ ဖြည်းဖြည်းစဉ်းစားရင်တော့ ပေါ်တတ်တာပဲ။မျက်လုံးလေးမှိတ်ပြီးစဉ်းစားနေတဲ့အမေ့ကိုကျွန်တော်မကြာခဏပြန်မြင်ယောင်မိသည်။ပြန်စဉ်းစားလို့မရရင်တော့“ကိုယ့်အိပ်ထဲရှိတာကိုယ့်ပိုက်ဆံပဲ။ဘာမှအလကားသုံးတာမရှိဘူး။”ဆိုတာအမေ့လက်ကိုင်စကားပါ။အမေ့စာရင်းထဲမှာ သေးပေါက်ဒါမှမဟုတ်အိမ်သာဆိုတာအမြဲပါသည်။အမေကဈေးတစ်ခါသွားရင် ဈေးအိမ်သာကို(၅)ခေါက်လောက် သေးပေါက်သွားသည်။စိတ်ပျက်စရာကောင်းသလိုရီစရာလည်းကောင်းသည်။   အမေနဲ့အတူမိတ္ထီလာဈေးထဲ၊မန္တလေးဈေးချိုထဲ၊တရုတ်တန်းထဲအထည်ဝယ်ဖို့ခဏခဏလိုက်သွားဖူးသည်။အပြင်ထွက်တယ်ဆိုရင်တစ်ယောက်တည်းတစ်ကိုယ် ကောင်းဆန်ဆန်မုန့်တွေဘာတွေဝယ်မစားတတ်ဘူး။မုန့်စားမယ့်အစားမိသားစုအတွက်သာအဆာပြေစားရန်ဟင်းချက်စရာရရန်သာဝယ်လာတတ်သည်။ဈေးချိုထဲသွားရင် တော့အဆင်ပြေသည်။သူတို့ကလ္ဘက်ရည်၊မုန့်နဲ့စားစရာတစ်ခုခုဝယ်ပြီး ဧည့်ခံတတ်သည်။ဈေးချိုနဲ့တရုတ်တန်းကဆိုရင် မိတ္ထီလာကဈေးဝယ်လာတတ်တဲ့ ခပ်၀၀မိန်းမကြီး တစ်ယောက်ကိုသတိတရရှိတတ်သည်။

အမေ့ရဲ့ထူးခြားတဲ့အကျင့်တစ်ခုကသွားရင်းလာရင်းမိတ်ဖွဲ့တတ်ခြင်းပင်။ကားပေါ်မှာမ မန္တလေးမှပြန်ကြွလာတဲ့ ဦးပဇင်းနဲ့ခင်ခဲ့သည်။ ယုတ်စွအဆုံး မိတ္ထီလာဈေးကအပြန် မြင်းလှည်းပေါ်မှာတင် "မလှိုင်"မှ ကျောင်းသူအမေနဲ့ အပေါင်းအသင်းဖြစ်ခဲ့သည်။စစ်ကိုင်းကကလေးအမေမိန်းမငယ် တစ်ယောက်နဲ့ခင်ခဲ့သည်။သူ့သမီးလည်းအမေ့သမီးလတ်လို တက္ကသိုလ်ကျောင်းသူတဲ့။နောက်ကျတော့ အမေခရီးတစ်ခုပြန်လာတိုင်း ဘယ်သူနဲ့မိတ်ဆွေဖွဲ့ခဲ့သလဲလို့ဖေဖေကနောက်တတ်သေးသည်။

လူ့သဘာဝအတိုင်း အမေကချစ်စရာထင်စရာတွေချည်းမဟုတ်ပါ။အမေကရှေး(၇)တန်းအောင်ပေမဲ့ဘယ်စာအုပ်ကိုမှကောက်ကိုင်လေ့မရှိ။ဖတ်ကြည့်လေ့မရှိပါ။အမေစိတ်တိုလာပြီဆိုရင် ဖေ့ဖေ့ကို “နွားကြီး '' လို့အော်တတ်သလို ကျွန်တော်တို့ကို“လုပ်တောက်စားရဲ”လို့မြည်တွန်တောက်တီးတတ်သည်။အမေပြောနေကြစကားပုံလည်းရှိသေးသည်။အဲဒါက“နင်တို့ပြောရတာသဲတဲသေးပေါက် တာမှရှဲရှဲမြည်သေးတယ်” တဲ့ ကျွန်တော်က “အမေရာ၊သဲထဲရေသွန်ပါ” လို့ဆိုရင် အတူတူ ပဲတဲ့။အမေကအဲဒီလိုဈေးရောင်း၊ကျွန်တော်တို့ကအတန်းတွေတစ်တန်းပြီးတစ်တန်းတက်ခဲ့ရသည်။ ကျွန်တော်တို့ဘဝမှာ ဖေဖေကလင်းရင်တိုင်ကြီးဆိုရင် အမေက
အဓိကကျ တဲ့ဒေါက်တိုင် တစ်တိုင်ပါ။အမေ့သားသမီးတွေထဲမှာ ကျွန်တော်က တတိယမြောက်၊သားတွေထဲမှာတော့ သားကြီးပေါ့။အမေ့သမီးတစ်ယောက်ကတက္ကသိုလ်ကဆရာမ၊အမေ့သားကျွန်တော်က အရာထမ်းတစ်ယောက် ဆိုတော့ အမေဂုဏ်ယူလောက်တာပေါ့။

ပြက္ခဒိန်စာရွက်တွေက လေလွင့်ရွက်ဝါတွေလိုတစ်ရွက်ပြီး တစ်ရွက် တဖျပ်ဖျပ် လှန်သွားခဲ့သည်။၁၉၉၆ခုနှစ်မှာကျွန်တော်ကတောင်ကုန်းလေးပေါ်က တက္ကသိုလ်ပရဝဏ်ကိုရောက်ခဲ့သည်။အမေ့ကိုလွမ်းလို့ခဏခဏပြန်လာရင်၊အမေ့မတ္တာအပြင်သံယောစဉ်တစ်ခုကို ကျွန်တော်ကချည်နှောင်ဖို့ကြိုးစားတော့ အမေကငိုယိုလို့။တက္ကသိုလ်ဟာ ကျွန်တော့်အတွက်တော့ အမေ့ရင်ခွင်လိုကျယ်ပြောလှပါတယ်။တက္ကသိုလ်ပထမနှစ်မှာကံကြမ္မာကအမေ့ကို ပထမအကြိမ်သွေးထိုးစမ်းခဲ့သည်။နောက် ဒုတိယအကြိမ်။ နောက်တတိယအကြိမ်မှာ အမောကို အလဲထိုးဖို့ သူ့မှာအားမာန်တွေအပြည့်။အဲဒီတုန်းကကျွန်တော်ကတက္ကသိုလ်ဒုတိယနှစ်။ကျွန်တော်
မကြားရဲတဲ့စကားလုံး။တစ်နေ့တော့ကျွန်တော့ယောက်ဖတစ်ယောက်ကျောင်းကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်။ ဒီနေ့ မင်း ရမည်းသင်း ကိုလိုက်ခဲ့တဲ့။မန္တလေးဆေးရုံကြီး က အမေ့လို Cancer ဝေဒနာသည် ဘယ်နှစ်ယောက်ကိုများဝမ်းနည်းစွာကျောခိုင်းပြီးပြီလဲ။ရမည်းသင်းက တိုင်းရင်းဆေးဆရာကြီးဆီမှာ အမေကမောဟိုက်လို့။သားကြီးကျောင်းစာတွေပျက်နေဦးမယ်တဲ့။သြော်အမေရယ်-------ကျွန်တော်ချစ်တဲ့အမေ။
အဲဒီည ကျွန်တော့်မျက်ရည်တွေ မျက်လုံးအိမ်ထဲက တစ်ဆင့် မျက်နှာတပြင်လုံးရွှဲလို့နစ်လို့။ခွေးတွေကလည်း ကံကြမ္မာကို ကြိုတင်သိထားတဲ့အလား ဆွဲဆွဲငင်ငင်အူလို့။ညဟာ နိုင်လိုမင်းထက်မှောင်လွန်းလှပါသည်။အမေက သူခင်တွယ်လွန်းတဲ့သူ့မိဘများ ခေါင်းချသွားရာ အင်းကုန်းမြေကို မောလျှစွာပြန်ပြီ။ကျွန်တော်လည်းတက္ကသိုလ်ကိုကြေကွဲစွာပြန်ခဲ့သည်။အဲဒီနှစ်စာမေးပွဲဟာ ကျွန်တော့်ဘဝအတွက်အခက်ခဲဆုံးပါပဲ။ နောက်ဆုံး မေးခွန်းလွှာကို ဖြေပြီး တက္ကသိုလ် လမ်းထိပ်ကကားမှတ်တိုင်ကို ကျွန်တော် သုတ်ချေတင်ခဲ့သည်။

၁၉၉၈ရဲ့သြဂုတ်လ(၂၅)ရက်နေ့ပေါ့။အိမ်မှာအမေကကျွန်တော့်ကစောင့်လို့။ဖေဖေကဒီလိုပဲယုံကြည်ထားသည်။ကျွန်တော်ရောက်တော့ည(၁၁) နာရီ။ တစ်ညလုံး၊ တစ်နေ့လုံး၊ တစ်ညလုံး။ နောက်တစ်နေ့လုံး ၊တစ်ညလုံး။နောက်နေ့ မနက်စောစောအမေ့အတွက် ကျွန်တော်မမလေးကို နိုးခဲ့ရ
သည်။ အမေ့သမီး၊  ကျွန်တော့်မမလေးက အမေ့အတွက်  အမေပြုခဲ့တဲ့ ဒါန၊သီလ၊ဘာဝနာတွေ ကိုရေရွတ်လို့။သတိပေးလို့။ ဝါတွင်း၊ဝါပဆွမ်းလောင်းခဲ့တာတွေ၊ဥပုသ်သီတင်းတည်ဆောက်ခဲ့တာတွေ၊အချိန်ကာလကြာမြင့်စွာ မိုးကုတ်ဝိပသနာအလုပ်တွေစိုက်လိုက်မတ်တတ်အားထုတ်ခဲ့တာ တွေပြောလို့မကုန်နိုင်ပါဘူး။မောပန်းနေတဲ့ကျွန်တော်က တစ်ခုခုအဟာရဖြည့်ဖို့မီးဖိုချောင်ဘက်ကိုကူးခဲ့သည်။“အမေအမေ”တဲ့ကျွန်တော့် ညီလေးရဲ့ ဆို့နစ်ကြေကွဲတဲ့ အသံ။ ကျွန်တော့်နားစည်ကို ဗုံးတစ်လုံးလို
ပစ်ခွင်းလိုက်သည်။ကျွန်တော်အပြေးအလွှားအမေ့နားကို။အမေဟာနောက်ဆုံးသူ့ရဲ့ဝင်သက်ကိုရှူသွင်းလိုက်လို့။နောက်အမေက ကျွန်တော်တို့ အားလုံးကို  သံယောစဉ်ဖြတ်လိုက်သည်။ အမေ-------အမေ-----------။ကျွန်တော်အော်ခေါ်ပစ်လိုက်သည်။
အမေ----မကြားနိုင်တော့။တစ်ဘဝတာအတွက် အမေသွားခဲ့ပြီ။သံသရာတစ်ကွေ့ပြန်ဆုံနိုင်ဦးမလား။ကျွန်တော်စောင့်မျှော်ရင်းပေါ့။အဲဒီနေ့က ၁၉၉၈   ရဲ့ သြဂုတ်လ ၂၈ ရက် နေ့ဟာ  ကျွန်တော့်အတွက်တော့အမဲရောင်ရက်စွဲတစ်ခုအဖြစ်   မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါသည်။


မောင်နေပြာ
အမေဒေါ်ခင်သန်းသို့လွမ်းဆွတ်လျှက်---။
၂၈-၈-၂၀၀၈

Aug 21, 2012

ဒါလေးတွေ မှားနေတယ်(၁)

တစ်နေ့က ရန်ကုန် ရောက်တော့ ထိုင်းကပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တယ်။သူငယ်ချင်း က ဒီစာတမ်းလေး ဖတ်သင့်တယ်ဆိုပြီး ရခိုင်တိုင်းရင်းသားအရေးနဲ့ ပက်သက်ပြီး သမိုင်းသုတေသနက ထုတ်ဝေထားတဲ့ သုတေသနစာစောင်တစ်စောင် လက်ဆောင်ပေးတယ်။စာစောင်ကို ဖတ်ကြည့်တော့ ကနေ့ရခိုင်မှာတွေ့ကြုံနေရတဲ့ အခြေအနေတွေကို တစ်နေ့ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးစနစ်တကျရေးသား ပြီး လေ့လာတင်ပြထားတာတွေ့ရတယ်။တော်တော်ကောင်းမွန်ပြည့်စုံတဲ့စာစောင်တစ်ခုပါ။လူတိုင်းဖတ်ကြည့်သင့်ပါတယ် ဖြန့်ဝေသင့်ပါတယ်။လောလောဆယ် ကိုယ့်လက်ထဲမှာလည်း သုံးစရာ ငွေပိုငွေလျှံ မရှိသေးတာနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ပြောပြမိတယ်။ဒါနဲ့ ငွေကြေးပြည့်စုံပြီး နိုင်ငံရေးပါတီနဲ့  နီးစပ်သူ ဦးလေးကြီးတစ်ယောက်ကသူဖြန့်ပေးမယ်ပေါ့။
ကိုယ်သိပ်ဝမ်းသာသွားပြီး သူကို ချက်ချင်းပဲ အိမ်ပြန်ယူပြီး ပေးလိုက်မိတယ်။

၂ရက်လောက် ကြာတော့ မိတ်ဆွေတစ်ယောက်က လာပြောတယ်။ရခိုင်ပြည်အကြောင်းရေးထားတာ  တော်တော်ကောင်းတဲ့စာအုပ်တစ်အုပ်ရထားတယ်။ဖတ်ပြီးပြီလားတဲ့။ဘာစာအုပ်လဲဆိုတော့သူပြလိုက်တာကိုယ့်စာအုပ်ဖြစ်နေတယ်။စာအုပ်မျက်နှာစာမှာရေးထားတဲ့ ကိုယ့်နာမည်ကို ဖျက်ထားတာ တွေ့ရတယ်။ ဒီကလူတွေ ဒီအတိုင်းပဲ စာအုပ်တွေ၊သတင်းအချက်အလက်တွေကို ကိုယ်ကတွေ့ရင်မျှဝေပေးတယ်။သူတို့ကိုသတင်းအချက်အလက်တိကျအောင်ကိုယ်နိုင်သလောက်စုံစမ်းပေးတယ်။အတည်ပြုပေးတယ်။ကြားဖြတ်ရွှေးကောက်ပွဲမတိုင်မှီက ဒေါ်အောင်ဆန်းစုကြည် ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြန့်နေတာတွေ့လို့ ယူဖတ်ကြည့်တော့ တော်တော် စိတ်တိုသွားတယ်။မဟုတ်နိုင်ဘူး၊ဒါ သူ ရေးတာမဖြစ်နိုင်ဘူးဆိုပြီး ဒီလှိုင်းဂျာနယ်ကို ချက်ချင်းဖုန်းဆက်မေးပေးတယ်။ကိုယ်ကဂျာနယ်မှာ  သတင်းတွေရေးနေတာဆိုတော့ရင်းနှီးနေပြီးဂျာနယ်တိုက်က သေချာရှင်းပြတယ်။အမေစုရေးတာမဟုတ်ဘူးတဲ့၊ဆန့်ကျင်ဘက်အဖွဲ့အစည်းကရေးတာ၊မလိုသူတွေရေးတာတဲ့။ပြင်ဦးလွင်မှာကြုံရတဲ့အကြောင်းတွေပါဂဃနဏရှင်းပြလိုက်တယ်။ အဲဒီလို အများအတွက်ဆိုပြီးလုပ်ပေးနေတာ။

ကိုယ်ကိုယ်တိုင်လည်း မစွမ်းဘူး။ကြိုးစားအားထုတ်ထားတဲ့သူလည်းအလေးထားရကောင်းမှန်း မသိဘူးကျေးဇူးတင်ရမှန်း မသိဘူး။ကျေးဇူးမတင်ချင်လည်း အဲဒီအကျိုး မခံစားနဲ့ပေါ့။အချောင်သမားစိတ်တွေ က၀င်နေတယ်။ယဉ်ကျေးမှုလည်း နားမလည်၊လုပ်ထုံးလုပ်နည်းလည်း မသိ။ပြောလိုက်တာတော့ ဒီမိုကရေစီ က ပါးစပ်ထဲက မထွက်ဘူး။ဒီမိုကရေစီ ဆိုတာ လူယဉ်ကျေးတွေအတွက်ပဲ တန်တာ။

ခုတော့ဗျာ-----။မူလကြိုးစား အားထုတ်တဲ့သူကိုမှ အားမနာ၊ဒါလေး ဖော်ပြရတာကို....။onlineမှာတော့ ဒီလိုဖော်ပြတာကို credit ပေးတယ်လို့ ပြောတယ်ထင်တယ်။အရင်ကတော့စာအုပ်တွေမှာရည်ညွှန်းတယ် reference ပေး တယ်လို့ ပြောတယ် ထင်တယ်။မှားရင်ပြင်ကြပါ။The Voice Weekly မှာလည်း တလောက တွေ့လိုက်တယ်။ သူတို့သတင်းတွေ Facebook မှာ တစ်ဆင့်ဖော်ပြချင်ရင် credit ပေးပါလို့ ရေးထားတာ။
ယဉ်ကျေးကြစမ်းပါ။မိတ်ဆွေဆရာကြီးတစ်ယောက်ပြောသလို သူများယိုထားတဲ့ချီးပုံ  ကိုယ့်ချီးပုံမလုပ်ချင်စမ်းပါနဲ့။
        
ဒါလေးတွေ မှားနေတယ်။

မောင်နေပြာ


Aug 18, 2012

ဧကစာရီ


မြစ်ပြင်လှိုင်းတွေပုတ်ခတ်
ငါ့ရင်ရှိုက်ငင်ဖိုလှိုက်
ဆိတ်ငြိမ်တဲ့ည
ဟောဒီမြစ်ကမ်းယံပေါ်
သုတ်ကနဲဆို တံခါးပိတ်
မမြင်ရတဲ့လေ
လှေကိုတင်စီး
လှိုင်းခွက်ကို ပွတ်စား
တလဲ့လဲ့ကြယ်တွေ ရေသောက်ဆင်းတယ်
အရိပ်တွေထဲ
ကျောင်းသင်္ခမ်းအိုဟာ
သစ်ပင်ကမ်းနားနဲ့ဆေးခြယ်
အလဲအလှယ်ကို နံနက်ခင်းနဲ့အစားထိုး
ငါနိုးတဲ့ညတွေ
အလင်းကြိုဖို့တံခါးဖွင့်တယ်။    

မင်းစစ်အိမ်

                         LONESOME


Waves strike on river
My chest bitterly flutter
The dead right
On this river bank
Shut the door rushly
The wind unseen
Carry the boat on
Serub the uneven wave.
Bright and clear stars go down to drink.
Under the shadow
The old monastery is
Painted by trees and bank
Substitute morning for exchange
Nights I wake up
Open the door to welcome dawn.

Transး Maung Nay Pyar

3.3.07

Aug 17, 2012

ပန်းသီးကြွေကိစ္စ


အာရုံတောအုပ်ထဲ စိတ်တွေအဝေးနှင်တယ်
နှိုင်းရခေတ်ထဲ အလှတရားတွေခြေချော်လဲခဲ့
သင်ဟာအမှိုက်တန်ချိန်နှစ်ရာ စွန့်သူဖြစ်တယ်
ညစ်ထပ်ထပ် စိတ်အပိုင်းအစတွေအတွက်
စကြ၀ဠာရဲ့ကိုယ်ထည်ဟာ မကျယ်ပြောခဲ့ဘူး
က္ကိုရိယာပုတ်လေးပါးနဲ့
ပန်းသီးကြွေကျတဲ့ကိစ္စဟာ
သင်တို့ရဲ့အနေကန်(မှန်)တရားပဲဖြစ်တယ်။

မင်းစစ်အိမ်



A Case of Apple Falling

Mind hurries away in the sensory forest
In the relativity age, Beauties slip.
You are the one who discards 200 ton debris.
For the piece of tainted mind,
The body of universe isn’t so wide
With your living postures
The case of apple falling
Is your truth.

                                  Trans:Maung Nay Pyar