Jul 28, 2012

ကဇာတ်တို



အမည်တွေများခဲ့တဲ့ နေရာလေးဆီ
တောင်ပေါ် ဆောင်းအကူး
ငါ နှောင်းတန်ခူးနှင်းကို လက်ပြရင်း
တစ်ခန်းရပ်ဇာတ် ထွက်ခဲ့ရတယ်။

ရွာနိမ့်လေးက ညနေချိုမှာ ကြက်ဆန်ဆန်
နောက်--ဧရာဝတီကို မေးချင်းထပ်
သရေခေတ္တရာ ရာဇဝင်ကို
အပ်ကြောင်းထပ်ခဲ့ရတာလည်း ရှိတယ်။

ဘဝစုတ်ချက်တစ်ချောင်း
ဇေတဝန်သဏ္ဍာန်ကျောင်းနဲ့
ပသာဒအဟောင်းက မမေ့နိုင်စရာ
ခရာတာတာ ရီဝေဝေဆာ။

စာတော့တတ်တယ်
ပညာနည်းနည်းလိုတယ်။

ဖုန်းဆက်လို့ အလွမ်းမပြေဘူးတဲ့။

အားကိုးစရာတွေရော ပိုသတဲ့လား
အို ချယ်ရီရာ။

ချောင်းနံဘေး ရီးလေးခိုကာ
ဟို အရှေ့က သပြေပင်ရွာ
ငါတို့သွားရမည့်လမ်း
ငါတို့လျှောက်ခဲ့ကြရဲ့လား။

အို အမေရယ်
ဟောဒီ ရွှေပန်းတောလေး နှစ်သစ်ကို
နှင်းတွေနဲ့အတူ မြူးရဦးမှာပေါ့။
ဘယ်နှစ်လီများ တူးရဦးမှာလဲ။

တကယ်တော့ အမေရယ်
တစ်တောလုံး နှံ့ခဲ့ပေမယ့်
စန္ဒကူးနှစ်တစ်တိုတောင် မတွေ့ခဲ့ရပါဘူး။     ။


မောင်နေပြာ

ကလောနွေဦး



မြို့အဝင် တောင်တက်လမ်းတွေက
သားခုတ်သမားလက်ထဲက အသားစလို
အလွှာလိုက် အလွှာလိုက်
မြေအခင်းက ပတ္တမြားအဆင်းနဲ့
ရုက္ခမူ အခက်အလက်တွေက
မြစိမ်းတစ်စက် ပတ္တမြားတစ်စက် ကြဲပက်လို့
ပန်းတွေ အရောင်မကျန်အောင်ပွင့်ပစ်လိုက်တဲ့
ထင်းရူးမြို့တော် တစ်ဖြစ်လဲ
လောကကို ပြောင်းပြန်ဖြစ်စေတဲ့ မြို့လေ
ချစ်သူရှိရာ မြို့လေးဆီ ဖြတ်ရာလမ်း
မဟာကဗျာဆရာဆီ ဖြတ်ရာလမ်း
ဟောဟို အရှေ့ကုန်းမြင့်က
ရိုးရိုးယဉ်ယဉ် ဧည့်ကြိုမလေးရယ်
ကြည့်စမ်းကွယ်
ဒီမြို့ရဲ့ နွေဦးအလှ ဆိုတာ
ပန်းချီဆရာ လက်လွန်သွားတဲ့
သဘာဝ ပန်းချီကားတစ်ချပ်လိုပေါ့။   ။

မောင်နေပြာ

Jul 27, 2012

နိစ္စဒူဝတစ်ခုရဲ့ အစ



ဟော…ညို
မောင် မနက်လင်းပြီဆို
မြင်ချင်ပြီပေါ့ ။

မမေ့ဘူး ဒီဆောင်း
၂၀၀၃  ရဲ့ဆောင်းအကြွေ
သိမ်မွေ့တဲ့ မမဆီ
မောင် မထင်မှတ်ဘဲ
တကယ့်ကို မထင်မှတ်ဘဲ
ရောက်ခဲ့ရ။

ဘာလို့များ
ညိုညိုညက်ညက်ကလေး
မမကိုပဲအမြင်ကွက်ခဲ့ပါလိမ့်။
ဈေးသွားတော့ တွေ့ပြန်
ဟိုရှေ့က ထင်ပ
မြင်ရတော့ ချစ်စရာ
နှုတ်ဆက်ပြုံးစ မပြုံးစနဲ့
အို မမေ့ဘူးယုံ
ဟိုနား ဒီနားတွေ့ရ
ခင်ချင်စရာ  ချစ်စရာမမကို
စာကလေးပြလို့ စကားပြောတာ
ရင်ထဲက အမောကလေးတောင်
ဟိုပြေး ဒီပြေး။

မထင်မှတ်တဲ့ နေ့
မမ ရောက်လာ
မရဲတရဲကြည့်လို့ 
ဧည့် ခံခဲ့ရ။

မစကြပါနဲ့ ကွာ
ငါ့ မမ ရှက်နေပါမယ်
မောင်ပဲစမယ်နော်
ကျွန်တော့ကို  ဘယ်လိုခေါ်မတုန်းလို့ 

အဝေးသွားတော့  သတိရတယ်တဲ့
ပိန်သွားတယ်  ဆိုလားပဲ
မောင်ဆိုလေ  မန္တလေးကျုံးနဲ့ 
မြို့ပြကြားမှာ  နေရင်း
မမမျက်နှာလေး  ကျကျလာတယ်။
မတွယ်ဘဲ လွမ်းတယ်ညို
ဘယ်လိုများစကားဆိုရပါ့

နေ့ တဘက်စောင်းတောင်
မောင့်ရင်ထဲက  အလွမ်းမဟောင်းသေးဘဲ
မမဘေး အသာကပ်
မမကို ဘယ်ညာကြည့် 
ရင်တွေခုန်ပါဘိ။

ငွေသော်တာရောင်ခြည်လည်း
ထပ်ခဲ့ပြီပေါ့    
အသစ်စက်စက်ချစ်စကား
ဘယ်သူမှမပြောဖူးသေးဘူးထင်တယ်
ဆရာမကို  ကျွန်တော်ချစ်တယ်။

အဲဒီမှာဆုံးမလား  စမလား
ရင်တထိတ်ထိတ်
မမမျက်နှာ  ခန်မှန်းလို့ မရ
အပြုံးတစ်ပွင့်  အစမှာ
ဟေ့ လောကသားအပေါင်း
ငါမညံဘူးဟေ့
မမငါ့ကိုချစ်တယ်တဲ့။

အာဒမ်လိုဘဲ
ငါအစွမ်းရှိရဲ့
ဘုရားသခင်ကို
ပထမဆုးံအကြိမ် ကျေးဇူးတင်မိ။

မမပြုံးတော့ မောင်ပျော်
မမပျော်တော့ မောင်ပြုံး
မောင်နဲ့မမ
မမနဲ့ မောင်။

ဟိုအရင် တိတ်ဆိတ်ရင်ခုန်သံ
ထာဝရဆူညံခဲ့။
ဟိုအရင် အေးစက်စိတ်နှလုးံ  
ထာဝရ ရွှင်ပြုံးခဲ့။
ဟိုအရင် နွမ်းလျှကိုယ်ကာယ
ထာဝရတက်ကြွခဲ့။
အရုဏ်မှာ အတူတွေ့ 
လန်းဆန်းခဲ့ရ
ညဥ့်ယံမှာ အတူပျော်  
ကြယ်တွေဖော်နဲ့ 
မေ့မရခဲ့။

ဟိုနားဒီနား    
မမတွဲလက်
ဟိုတစ်ယောက် ဒီတစ်ယောက်
ပြုံးစစ နှုတ်ဆက်။

ဒီမြို့ သမိုင်းမှာ
မောင်တို့ ရေးခြစ်ခဲ့ပြီ
အချစ်ရေးဖြင့်
ဖြစ်သမျှအရေး ကျောနင်းဖြတ်အံ့။

ဟော---ညို
မောင် မနက်လင်းပြီဆို
မြင်ချင်ပြီပေါ့။  ။

မောင်နေပြာ

Jul 26, 2012

အရိပ်




လောကဓံတရားမှာ
သံဇဉ်ဘယ်နှစ်သွားပါသလဲ ညို
မေတ္တာကီးနဲ့ ညှိရင်တော့
ညီနိုင်ကောင်းပါရဲ့နော်။

ချယ်ရီမြေ၊ချယ်ရီရိပ်
လှိုင်းအိတွေ တအိအိထပ်ရင်း
မျက်လုံးစိမ်းစိမ်းတွေအောက်
အပျော်တွေ ရောင်စုံစပ်ခဲ့ကြ။


ပွင့်ဖတ်တွေခြွေနင်း
ဝတ်ရည်လေးတွေနဲ့  မူးယစ်
အသစ်အသစ်ဆိုတာလည်း
တောင်ခြေတောအောက်အနှံ့ ရောက်ရဲ့ ။

ဧရာဝတီဘေး အညာတေးညံညံ
ညိုတို့ အိမ်အပြန်
ရင်ခုန်သံမြန်မြန်
မပီမသ စည်းချက်မှန်ခဲ့။

နှလုံးသားချင်းထိစပ်
စိုးထိတ်တိုးတိတ်တဲ့ ညိုလည်း
မောင့်ရင်ခွင်ထဲ အပ်ခဲ့ပေါ့။
တမာရနံ့တွေ
နွေဦးလေရူးနဲအတူ
မိန်းမောခဲ့ရဲ့ မဟုတ်လား ညို။


ပိတောက်တွေ သင်းပေမဲ့
ချယ်ရီလွှာ ပွင့်ဖတ်ကွာ
မြစ်ဧရာတေးက ပြလို့ရွာမှာ
ညိုသောကတွေ လျော့ခဲ့ရမဟုတ်လားကွာ။

မွေးပျံ့ တဲ့ နာရီတွေမှာ
ငြင်းသဲ့သဲ့ ရင်ခုန်
မသင်းပျံ့ တဲ့ အချိန်ဆို
စပယ်တွေ မြစ်ဖြစ်လို့ငို။

ခုတော့- ညို
ဆောင်းတလီ နွေလည်းပီခဲ့
စပယ်တွေ ဖွေးဖွေးမှောက်
ဟောဒီ့ ခရေခြောက်တွေနဲ့ 
စွယ်တော် တဖြစ်လဲတွေ
သမုဒယ ခြေရာကောက်ကြပေါ့။

သံယောဇဉ် ဆိုတာ
ဘ၀ပါပဲတဲ့- ညို။     ။
                     
မောင်နေပြာ