Nov 21, 2012

မာန

အတ္တတွေကင်း မာနရှင်းတဲ့
ပန်းလေးတစ်ပွင့် ဖြစ်ချင်တယ်
ကာလဒေသ ပယောဂကြောင့်
ဖူးပွင့်ဝေသီ မာန်ထည်ထည်နှင့်
ဆူးပတ်လည်ဆီ ရဲရဲနီတဲ့
နှင်းဆီနီထွေး ဖြစ်ခဲ့တယ်။

နှင်းဆီဖြစ်ပြန် နှင်းဆီမာန်ကြောင့်
ဧည့်ခံစားပွဲ ပွဲလည်ထဲမှာ
ဂုဏ်မာန်ကဲ့သို့ ၀င့်ထည်ထည်
တောက်ပရောင်သွေး သူ့ဂုဏ်ရေးကြောင့်
လူတို့တန်ဖိုးထားကြတယ်။

သို့ပေမဲ့လေ
ထိုနှင်းဆီလေး ပန်းနီသွေးကို
မေတ္တာလက်ဆောင် ချစ်သူပေးလို့
ကွေးကွင်းမှာ တို့ကြောက်တယ်။

                                 လွင်မာ

Oct 23, 2012

လျှော့

လျှော့
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးတွေကို
လျှော့
သွေးဆိုးသွေးညစ်တွေကို
လျှော့
ပန်းပုထုသလို မလိုအပ်တဲ့အရာတွေကို
လျှော့
ဘေးထွက်ဆိုးကျိုးများမယ့်အရာတွေကို

လျှော့
မလျှော့ရင် ရှော့(ခ်)ရှိတဲ့အရာတွေကို
လျှော့
ပိုကောင်းတဲ့မနက်ဖြန်အတွက်
လျှော့သင့်တဲ့အရာတွေကို
(နှလုံးကြီးကြီးနဲ.)
လျှော့
လျှော့
လျှော့။ ။

ဆေးခါး
14.4.2012

Oct 19, 2012

နောက်ထပ် ဘာပြကွက်လာမလဲ?

ကမ္ဘာကြီး မောင်ပစ္စက ဖြစ်သွားပြီ
No boy no joy တဲ့
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူးတဲ့
Arab Spring တဲ့A
အလင်းအလျှင်လည်း ပထမနေရာက
ဖယ်ပေးလိုက်ရပြီတဲ့
All Inclusive တဲ့
ထာဝရ အကျိုးစီးပွားတဲ့
Post Poetry တဲ့
တစ်ခါသုံး လူ့အဖွဲ့အစည်းတဲ့
...............................
သဘောင်္ပျက် ပျဉ်ချပ်ပေါ်က
ကြက်တူရွှေးလို
မျက်လှည့်ဆရာရဲ့ နောက်ထပ်ပြကွက်ကို
စိတ်ဝင်တစား စောင့်စားနေမိတယ်။ ။





ဆေးခါး



8.3.2012

Oct 10, 2012

ကနေ့ မနက်ဖြန်


မနက်လင်းကတည်းက ပြင်ရတယ်
ဘယ်သွားမယ်၊ဘာလုပ်မယ်ပေါ့
ဘာစားမယ်၊ဘာမေးမယ်ပေါ့
ရောက်ပြီ၊ အချိန်
စားနေကြ ထမင်းကြော် အမြန်သွတ်
အစာမချက်နိုင်ခင် အလုပ်ခွင်ဝင်ပြီး
စိတ်ထဲထင်ရာ သတင်းတွေကြည့်
စာတွေရေး၊စာတွေပြန်
တွေးထားတာတွေ မဟုတ်ပြန်တော့ ခဏရပ်
တရစပ် ဦးနှောက်ကို အလုပ်ပေး
ဟိုလူကို တွေ့ကာ ဟိုစကားပြောရဦးမယ်
သူ့ကို ဖုန်းဆက်ကာ မေးရဦးမယ်။
လှေဆိပ်မှာ စောင့်ရင်း
အရူးမဆိုတဲ့ သီချင်း ငါ နားမလည်
ကြောက်စရာရှိရင် ၊ငါ အကြောက်ဆုံးက
အသိညဏ် မရှိတဲ့သူ
ကိုယ်ကျင့်တရား မရှိတဲ့သူ
ဒါတွေ စဉ်းစားနေလို့လည်း မရ
ပြေးပြေးလွှားလွှား သွားစရာတွေက များ
ထမင်းတစ်နပ်တောင် ပြီးကပစ် စားခဲ့ရသေး
ကနေ့ဖို့ ငါလုပ်ရမည့် အလုပ်
သေချာသိမ်းထုတ် လုပ်နိုင်ခဲ့ပြီးပေါ့
အလုပ်တွေ လက်စသတ်တော့ ခန္ဓာကိုယ်အနားပေး
စိတ်ကို မောင်းနှင်ရင်း နှလုံးသားတံခါးကို ဖွင့်လိုက်မယ်ပေါ့
နိစ္စဓူဝ မေတ္တာစကား နားခါးတတ်လှပေါ့
ငယ်ငယ်က ဖတ်ဖူးတဲ့ ၀တ္ထု
စိတ်ထဲမှာ မြင်ယောင်သား
ရေးသူ ထီလာဝင်းယုမာ ထင်ရဲ့
“မိဝိုင်း ဘယ်သို့ ၀င်ရပါ့”
အနေကန်အမှန်တရား ဆိုလား
သူငယ်ချင်း ကဗျာဆရာတွေ ခဏခဏ ရွတ်ကြတာ
ဘာပဲဖြစ်ဖြစ် ခင်ဗျားဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်
မနက်ဖြန်တွေမှာ လုပ်စရာ ရှိနေခဲ့ကြပါတယ်
ကနေ့ အလုပ်ဆိုတာလည်း
မနေ့က ရဲ့ မနက်ဖြန် အတွေးတွေပဲ မဟုတ်လား
တူသလိုလို နဲ့ မတူဘူးဆိုတာ
ကြုံကြုံနေရတော့
ကျွန်တော် ထင်တယ်
ကနေ့ မနက်ဖြန် ဆိုတာ
ဘယ်ကွေ့ ဘယ်တက်နဲ့လှော်
ညာကွေ့ ညာတက်နဲ့လှော်တာ
အကောင်းဆုံးပါပဲ။ ကနေ့ မနက်ဖြန်။ 

မောင်နေပြာ
ဘိုကလေး။၈-၁၀-၁၂