Jul 30, 2012

ချစ်သူကျင်းတဲ့ ညနေခင်း



Pamela Anderson


ဟဲလို
    မောင်ရှိရဲ့လား
    ကလေးတွေရဲ့ ဂီတသံလား
    ဧရာဝတီဘေးမှာ ရင်ခုန်ရင်း
    မောင်စောင့်နေရဲ့။
                        
                         မောင်နေပြာ
ချစ်သူအတွက်
ဘာအရောင်နဲ့ ပန်းပွင့်ရမလဲ
စဉ်းစားရင်း
တိမ်တွေနဲ့ နီးခဲ့တဲ့
သစ်ပင်ပါ။
                         
                        မောင်ကြည်သွင်
ချစ်သူ(နတ်တို့ ဝှက်ထားတဲ့ အိပ်မက်
              ငါ့ရင်ဘတ်နဲ့ ဖြည့်ရတယ်။)
ခင်းကျင်း(ရွရွလေး ချထားခဲ့တဲ့ ဝါကျကို
            ငါ့တမ်တိုက်ကို အပြာရောင်နဲ့
                               ကြိုးညှိမယ်)
ညနေခင်း(နှစ်ဦးပိုင် ဆန္ဒတွေကို
             တစ်ဦးပိုင် ရင်ခုန်နှုန်းတွေနဲ့ တိမ်တောက်မယ်။)
                           
                          ကိုဖုန်း
သံယောဇဉ်ဆိုတာ
ဘဝပါပဲ……….။
                            
                         လိုင်ကုနန္န

                      (အောင်လံမြို့၊နိုင်စတားစားသောက်ဆိုင်)

Jul 29, 2012

လှည့်ပြန်ခဲ့တယ်


လှည့်ပြန်ခဲ့တယ်

ရက်စက်သော မျက်ဝန်းတစ်စုံဆိုတာ
အပြုံးတွေ ထမ်းတင်ထားတာပါ။

မိုးရာသီဆိုလည်း မိုးရာသီအလျှောက်
ကဗျာဆရာလည်း ကဗျာဆရာအလျှောက်
သူ့အရောင်နဲ့ အဆင်းနဲ့။

တစ်ယောက်က တစ်ယောက်ကို ချစ်တယ်
တစ်ယောက်ကို တစ်ယောက်က ချစ်တယ်
ပြောကြ၊နားထောင်ကြ၊ကြားရတယ်
ရေတွက်လို့ရတဲ့ စက္ကန့်တိုင်းမှာ။

အရောင်တွေ ဒစ်စကိုအလား
ရနံ့တွေ ပျိုးပျက်လွန်းတယ်။

လှည့်ပြန်ခဲ့တယ်
ဂန္ဓဝင်တောင်ကုန်းအကွေ့မှာ
ပန်းတွေ ကြွေကျတုန်း။

အမုန်းစစ်စစ် ဆိုရင်တောင်
အချစ်စစ်စစ် ဆိုရင်တောင်
အထီးကျန်အက်ကွဲသံ။     ။

မောင်နေပြာ

ချစ်သူအလွမ်းဖွဲ့ရိုးရိုးကဗျာတစ်ပုဒ်

Rebecca Win


ညနေတွေဆို လွမ်းတယ်ဆိုပဲ
ချစ်သူ နှစ်ဦးထိုင်ခဲ့တဲ့
ခုံတန်းရှည်လေးကတော့
အဖော်မဲ့ ကျောဆန့်နေမယ်။

မပြေချောတဲ့ လမ်းတွေဘေး
ရစ်ခွေငေးမှိုင်နေလို့
အဲဒီမြို့လေးရဲ့ သေးငယ်တဲ့ ညနေတွေမှာ
ချစ်သူ အလှက တစ်မျိုး  
ညနေ အလှက တစ်မျိုး   ။

ပို့တဲ့ အလွမ်းစာတွေက
        နှလုံးသားလောက် မမြန်။

ချစ်သူ့မြို့လေးမှာ
ပန်းခြံတွေလည်း မရှိ
ရုပ်ရှင်ရုံတွေလည်း မရှိ
ဖန်စီရှော့တွေလည်း မရှိ
ချစ်သူများနေ့လည်း မရှိ ။

အလွတ်ရနေတဲ့
“တစ်ယောက်တည်းလား”ဆိုတဲ့ အမေးကို
အပြုံးနဲ့သာ ဖြေရမှာပေါ့။
အလွမ်းနဲ့တင်
ချစ်သူမြို့လေးက
နေပျော်စရာ ကောင်းသွားမယ်။     ။

မောင်နေပြာ
၂၅၊၁၁၊၀၅   National Day

အိမ်ပြန်အဝေး




မင်း မန္တလေးကအစုန်
ဒီက ဇာတိအညာမြို့လေးကိုကြုံလို့
ဝင်ရုံပဲလား  ညီလေးရာ။

ဖေဖေ ရှိရာ
မိုးထိမကျည်ပင်အောက်က အိမ်ရှည်လေးကို
ဒီနှစ် သင်္ကြန်နောက်
ကိုယ်မရောက်ဖြစ်သေးဘူး။

သားသမီးငါးယောက်ကို  ဘ၀ထဲပစ်ပေါက်ပြီး
လောကလှိုင်တံပိုးကို  ကန်ရိုးကထိုင်ကြည့်နေတဲ့
တို့မမကြီးကော
မြို့အနောက်က တို့ရွာလေးဆီ
ပြန်ရောက်သေးသတဲ့လား။

ကြယ်တွေလင်းလက်တိုင်း  လိုချင်ရှာတဲ့
မမလေးရေ    
ပညာလမ်းအတက်တွေ ချောပါစ
ဘ၀အမောတွေ အတောရပ်ပါစ
မိတ္ထီလာကန်တော်အောက်က ဖားကောက်ပါစ။

ရင်ခွင်ကျယ်နဲ့ပွေ့ဖက်
သားသမီးတွေ  အခက်အလက်နဲ့
တွေးယှက်လိုတဲ့ ဖေဖေ
အဆွေအမျိုးမက်တဲ့ ဖေဖေ
မိသားစုလက်စုံစားချင်ရှာတဲ့  ဖေဖေရော။
သားခွဲခံရတဲ့  မိခင်အိုလို
အထီးကျန်နေရော့သလား။

ရွာနိမ့်ထဲက အမေ့အိမ်
ဘယ်သူများ  ခြေချနေပါလိမ့်
နို့ဆီခွက်နဲ့  ရေခပ်မည့်အတွေး
ခုတော့  အမေရယ်
အမေဆိုသလို  အိမ်အပြန်ကားတွေက
တယ်မလွယ်လှဘူး  အမေရယ်။

ရိုးရိုးပွင့်ပွင့်နဲ့ အမေ
သားသမီးတွေ ထူထောင်စေချင်တဲ့ အမေ
တို့ တွေနဲ့ ကံကုန်သွားပေမဲ့
ဘယ်မှာများ ဆန်ဆုံစားနေပါလိမ့်။
လာမည့်သြဂုတ်၂၈ဆို
အမေထားရစ်ခဲ့တာ  ၈နှစ်ဖြစ်ပြီလေ။

မြို့ဟောင်းအနီးက  မမကြီးရေ
ဌာနီရပ်ကြွေးက  မမလေးရေ
မြို့တော်အဝေးက  ညီလေးရေ
အမေခေါင်းချရာ၊အမေလဲလျောင်းရာ
အဲဒီ့ အဲဒီ့  တို့ ဇာတိမြေဟာ
အိမ်အပြန်ဝေးပေမဲ့
အဝေးပြန်အိမ်တော့  မဟုတ်ပေဘူး။
                                           မောင်နေပြာ