Sep 19, 2013

ရိုးမကို ဖြတ်ကျော်ခြင်း

T.E ကားအိုကြီးကို
အသက် ၅၈ နှစ်အရွယ် ကားဆရာကမောင်းလို့
မကွေး-ကျောက်ဖြူ ခရီးကို အမ်း တောင်ကြားလမ်းကနေ
မိုးထဲရေထဲ သွားခဲ့ပြန်ခဲ့တာ အသည်းယားစရာ
သေခြင်းတရားဆိုတာ ကားဆရာသတိတစ်ချက်မှားရင်
ချက်ချင်းလက်ငင်းကြုံတွေ့နိုင်တဲ့အရာ
မိုင် ၂၀၀ လောက်သာရှိတဲ့ခရီးဟာ
တစ်ညအိပ် နှစ်ရက်ခရီး
T.E ကားအိုကြီးဟာ ရှိသမျှအားအင်တွေကို အစွမ်းကုန်ညှစ်ထုတ်
ကားဆရာက ပညာကုန်ထုတ်ပြီး
မြွေလိမ်မြွေကောက် တောင်တတ်တောင်ဆင်းလမ်းတွေကို
တစ်လက်မချင်း သိမ်းပိုက်အနိုင်ယူခဲ့တယ်
အလှတရားနဲ့ သေခြင်းတရားဟာ ခေါင်းနဲ့ ပန်းပဲ
ရိုးမတောင်တန်းဟာ လှသွေးကြွယ်နေတဲ့ မိန်းမပျို
တိမ်တွေက သရဖူဆောင်းပေးကြသလို
တောအုပ်တွေက သစ္စာရှိရှိ ဝန်းရံလို့ ပေးထားကြတယ်
သေခြင်းတရားကို ကားတစ်ဘီးစာအကွာမှာ တွေ့ခဲ့ရတယ်
ချောက်ထဲက ဆွဲတင်ထားတဲ့ ကားနှစ်စင်း စင်းစင်းသေနေတာမြင်ရတယ်
ကွန်ပြူတာနဲ့ အင်တာနက် မရှိမဖြစ်ခေတ်မှာ
ကမ္ဘာဦးလူသားဆန်ဆန် ဘဝတွေကို ရိုးမက ဖွင့်ပြတယ်
နေရာတိုင်းမှာ ငွေဟာ လူကြိုက်အများဆုံးဖက်ရှင်ဖြစ်ကြောင်း
လွှစက်သံတွေက ပြတယ်
အနိစ္စတရားကို ခုတ်လှဲခံထားရတဲ့
သစ်ပင်တွေကပြတယ်
လူ့အတ္တကို တောင်ကြားလမ်းက ပြတယ်
................................................
အသက်ကို လောင်းကြေးထပ်ပြီး
မိုးထဲရေထဲမှာ ရိုးမကို ဖြတ်ကျော်ခဲ့တယ်
တိမ်တွေအပေါ်ခဏတာရောက်ခဲ့တယ်
ကဗျာတစ်ပုဒ် အမြတ်ထွက်လိုက်တယ်။ ။

ဆေးခါး 18.9.2013 5:45
5:45PM (TDI)
18-9-2013

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး......တဲ့
အဲဒီ့ ပန်း တွေ
ကမ္ဘာပေါ်...မပွင့်တာ
ဘယ်လောက်ကြာပြီလဲ။

လူ က. လူကို မုန်းတဲ့ ဇာတ်
လူ က. လူကို အမြစ်ဖြတ်
အချစ် ငတ်တဲ့......ကဗျာ
လူတကာ ရေးလို့
မနွေးထွေးကြတဲ့......ရင်ခွင်
အားလုံးဟာ သူစိမ်းပြင်ပြင်....
ဖြစ်နေကြတုန်းပဲ။

ဧည့်သည်လို လာ
ဧည့်သည်လို သွားပေမယ့်
အမှား....တစ်ရာ
ပြဿနာ....တစ်ထောင်
အမှောင်.....တစ်သောင်း
ထောင်းထောင်းကြေမွ
ကျွန်တော့်ရဲ့......ည တွေ
ခင်ဗျား တို့ရဲ့.......ည တွေ။

 နွေလောက်နဲ့ တော်ပြီ
ထပ်မပူ ကြနဲ့တော့
မိုးလောက်နဲ့. ဖြစ်ပြီ
ထပ် မသည်း ကြနဲ့တော့
ဆောင်း လောက်နဲ့. ရ ပြီ
ထပ်မချမ်းကြနဲ့ တော့။

ကျည်ကတ် တွေ ထဲ
ပန်းပွင့် တွေပဲထည့်လို့ ရရင်
ကောင်းမယ်....။ ။ (ဒီနေ)

Sep 4, 2013

ဘဝတွေက မှောင်လွန်းတယ်

*နောက်ကျောဖုံးမပါတဲ့ ဗလာစာအုပ်လို
 နှစ်မျက်နှာစာ ကျိုးသွားတဲ့ ငါ့စိတ်အသံမှာ
 ငါဟာ ဆေးပတ်တီး တစ်လိပ်ဖြစ်ချင်ဖြစ်မယ်
 မသတီစရာ အသားစ တစ်ခု ဖြစ်ချင်ဖြစ်မယ်
 ဒါမှမဟုတ်
 အတ္တတွေနဲ့ ဖူးယောင်နေတဲ့ ဧည့်ခန်းတစ်ခု ဖြစ်ချင်ဖြစ် ပေမပေါ့
 အိမ်ပြန်ချင်တယ် ကမ္ဘာကြီးရယ်
 ဒီလိုပဲ
 ငါ စိုက်ထူခဲ့တဲ့ အုတ်မြစ်လည်း အခုတော့ ဆွေးပြီ
 ငါ ကိုးကွယ်ရာ ကမ်းခြေမှာ 
 ခရုခွံတွေ အသက်မဲ့ကြ
 သူတို့ရဲ့ နာမ်ဓါတ်ဟာ ပြန်မလာတော့ဘူးလား
 ဘဝတွေက မှောင်လွန်းတယ်
 တွေးမကြည့်ရဲအောင် ကြောက်ခဲ့တယ်
 ကြောက်ခဲ့သမျှ ငါ့ခေါင်မိုးပေါ်ရွာချတယ်
 ဝမ်းနည်းဖွယ်ရာမီးပဲ ငါ့ရင်ဘတ်ကို စွဲလောင်ခဲ့ပေါ့
 သစ်ခြောက်ပင်ရဲ့ ထိပ်ဖျားမှာ နားနေတာ
 ငှက်တစ်ကောင် မဟုတ်ပဲ ခရုတစ်ကောင်ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ့
 တကယ်တော့ 
 ကမ္ဘာကြီး ဆိုတာလည်း ကန်ရေပြင်ထဲ ပစ်ပေါက်လိုက်တဲ့ ကျောက်ခဲလေးတစ်လုံးလိုပါပဲ
 ဘဝတွေ က မှောင်လွန်းတယ်
 အစအဆုံး ကုန်ဆုံးသွားအောင်
 ငါတို့ ဖြုန်းလိုက်ကြစိုရဲ့
 တစ်ဘဝစာ ဘောင်ခတ်ထားတဲ့ အခန်းကို
 ငါတို့ အောင့် အီး လက်လျှော့ခဲ့ကြတယ်
 ငါတို့ နောက်ပြန်မဆုတ်ပဲ တစ်ရွက်ဆွဲဖြုတ်ခံလိုက်ရပေါ့
 ငါတို့ နောက်ထပ် နေ့သစ်တစ်ရက်ကို ထွေးထုတ်လိုက်ကြရအောင်ပါ
 တကယ်က 
 အရာရာဟာ လွင့်စင်လာတဲ့ အပဲ့အစ တချို့ပဲ မဟုတ်လား
 ဘဝကျောင်းခေါ်ချိန်မှာ 
 “ရှိပါတယ်ခင်ဗျာ့” ဆိုယုံ နဲ့ 
 ငါတို့ စိတ်အေးခဲ့ရလို့လား
 ဘဝတွေက မှောင်လွန်းတယ်
 ပျာပျာသလဲ
 လောက အခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့ အခါ
 အရင်ဆုံးရောက်နှင့် နေတာက
 ကြက်ခိုးစွဲနေတဲ့ နေကြာပွင့်တွေ လေ.....
ငါတို့ အသာ ခေါင်းလျှို နေခဲ့ ရကြောင်း ပြောပြချင်တယ်...ကမ္ဘာကြီး....။                 ။ 


                                                                                             မင်းထက်ညိမ်း