Jul 25, 2012

ဆယ့်ခြောက်နှစ် နှစ်ကြော့ပြန်အချစ်


 

ရင်ထဲရောက်သောပန်းတိုင်း 
မပွင့်နိုင်တာသိတော့သိသားပဲ
လူထဲသူထဲတိုးရှဲပြီး
လူဝေး သူဝေးရာ အရှေ့နား
လမ်းပြေချောလေးအတက်မှာ
မီးရောင်လေးက မမှိတ်မတုတ်ရယ်
ရသတွေကို အသပြာနဲ့လဲလှယ်ပြီးနောက်
ရှေ့ နည်းနည်းတိုးတယ်
နောက်နည်းနည်းတိုးတယ်
ညီမလေးကသဘောကောင်းပါတယ်ကွယ်။

ခပ်အုပ်အုပ်အသံလေးကို မဝေးနိုင်တာနဲ့ 
ရောက်ဖြစ်တာက အခွင့်အသာသင့်ခိုက်
အားလုံးကို မေ့မေ့သွားတယ်
လူတိုင်းမသိသေးတဲ့ ချစ်သူပါတယ်
တစ်နေ့ ၄၀၀နှုန်းရှိတဲ့စားဝတ်နေရေးပါတယ်
ဈေးသိပ်မကြီးတဲ့ဂုဏ်သိက္ခာတွေပါတယ်။

ညီမလေးမိနွယ်ရေ
မင်းလည်းကြယ်တစ်စင်းပဲကွယ်
လင်းလက်လိုက်စမ်းပါ
လမင်းကြီးကို မလိုချင်လို့ 
ကြယ်တာရာလေးတွေကို
တမ်းတနေတဲ့သူတွေရှိတယ်ကွဲ့။

ထပ်ထပ်ပြီးပို့တဲ့ သံယောဇဉ်တွေ
မင်းဆီမရောက်ဖူးတဲ့လား
ချစ်သူဘယ်ဘက်ပါးက အမှတ်ကလေးရယ်
အဆောင်လက်ဖွဲ့ချည်ကြိုးလေးရယ်
မောင်းကွင်းလက်စွပ်လေးရယ်
အားလုံးဟာတပ်မက်စရာတွေပါပဲ။

ညတွေဟာအမြည်းမပါဘဲ
မသောက်ဖြစ်တော့ပါဘူး။
နှုတ်ဖျားကလွတ်လွတ်ကျတယ်
“မိနွယ်”မင်းနာမည်။

နာမည်တုနဲ့ ကောင်မလေးဆို
အဝေးရောက်တော့လည်း
အရိုးစုဘ၀အကြိမ်ကြိမ် ရောက်ရတဲ့မြိုလေးက
(ကဗျာဆရာတွေတင်စားတတ်တာပါ)
ချစ်စရာဧည့်ပန်းရိုင်းမလေးကိုပဲ
သတိရခြင်းကြေးနန်းတွေရိုက်မိရဲ့။  

မင်းကအကြင်နာတွေရှက်ရွံလို့                    
ကိုယ့်အကြည့်တွေကိုရှက်ရွံလို့ 
ညီမလေးက လရောင်ကိုနားစွင့်
ညတွေမှပွင့်တတ်တဲ့ ပန်းခ၀ဲတွေလို   
ကိုယ်က  အချစ်နဲ့မကင်းတဲ့
ပန်းမျိုးမှ ပွင့်စေချင်သူလေ
ဒီလိုဆို
တွေ့ရတာလည်း မမြိန့်တမြိန်။

ပန်းတိုင်ချင်း မတူပေမဲ့
ဆုံတွေ့တတ်တဲ့ ရထားတွေလို
ဥသြသံပေးရင်း ထွက်ခွာသွားရမှာပဲ မဟုတ်လား
လက်ပြကျန်ခဲ့သူမရှိလောက်ပါဘူး။
ရှားတော့ရှားတယ်ရှိတယ်
ရှိတော့ရှိတယ်ရှားတယ်
ဆယ့်ခြောက်နှစ်နှစ်ကြော့ပြန်အချစ်
အချစ်ဆယ့်ခြောက်နှစ်နှစ်ကြော့ပြန်
နှစ်ကြော့ပြန်အချစ်ဆယ့်ခြောက်နှစ်။ ။

မောင်နေပြာ