Jan 29, 2015

ကြည်နူးမြစ်

လှမ်းခဲ့ပါ ပြည်အနှံ့က
မယ့်ရင်သွေးတွေ
ကောင်းကောင်းဆိုးဆိုး တည့်မတ်ပြုပြင်
နွေးထွေးကြင်နာ လက်အစုံနဲ့
လမ်းအဖြောင့်ကို သွားစေလို။
လမ်းမှားလိုက်မိ သားသမီးတွေ
ရင်ကွဲမတတ် ခံစားရပေါ့
မျက်ရည်တွေ စီးလို့မကုန်။
အမေ့ရင်ကို ခြေစုံကန်
အတောင်အလက်စုံတဲ့ အခါ
လွမ်းရတယ် ကလေးတွေရယ်
အမေ့အသက် အရွယ်ထောက်လာပေမဲ့
သားသမီးတွေနဲ့ အပြိုင် နုပျိုဆဲပါဘဲ။
သွားတဲ့ခရီး
ခလုတ်မထိ ဆူးမငြိစေဘို့
ဆုတောင်းမိ
ကြည်နူးမြစ်တစင်းရဲ့ ဆန္ဒ။

ကျော်စွာ(ကျခတ်မြေ)

နုပျိုမှု၏မာယာ

သက္ကရာဇ်အလိုက် ဝင်လာပြီး
ရင်ကိုခြေစုံကန်ထွက်သွားကြလေရဲ့
same batch တွေအလိုက်
အေးချမ်းတဲ့ အမိရင်ခွင်ဆိုပြီး
အသိပညာ ရင်ဝယ်ပိုက်ပြီး
ဘဝပင်လယ်ထဲ ရဲရဲကြီး ကူးခတ်ကြလေရဲ့။
အဆင်ပြေကြမလား
စိတ်တွေ မောလျပူပန်ပေမဲ့
အာရုံဦး ရင်ခွင်လို့ မှတ်ယူပြီး
လှမ်းလာမဲ့ ပန်းကလေးတွေ
လန်းဖြာဖို့ရေး လက်ကမ်းကြိုရမှာ။
ဒီလိုနဲ့ ကိုးနဲ့သုညစုံတဲ့နှစ်မဟာ
အမှတ်တရ မင်္ဂလာပွဲတဲ့။
ကြည့်ပါအုံး အိုပြီးလားလို့
အို နူပျိုဆဲ
ငါ့ရဲ့အလှ မျောလွင့်တိမ်ပန်းချီနဲ့
ရှမ်းရိုးမအလှ ရေစင်အိုနဲ့
စိမ်းလွလွဆည်ရေဆင်း
Theratre စာသင်ဆောင်နဲ့
ဘွဲ့နှင်းသဘင် အလှချင်းပြိုင်
နုပျိုမှုများစွာနဲ့
အနာဂါတ်ဖန်တီးလက်အစုံများ
ထွေးပွေ့ကြိုရမှာ
ငါ နုပျိုဆဲပါ... ။

👦ကျော်စွာ(ကျခတ်မြေ)

May 30, 2014

ရ င် ခ တ် အ လွ မ်း

အထာမနပ် လို့
အဝါကဒ်ထိခဲ့သူပါ....မကဗျာ
တစ်ခါသတ်တိုင်း
အခါခါသေစေတော့ရယ် လို့
ဆုတောင်းခဲ့တာ..
တစ်သက်မှာ တစ်ခါချစ်ပေမယ့်
တစ်ခက်မှာ တစ်ညှာပွင့်သော်လည်း
တစ်ဘဝစာ ဒီမှာထားခဲ့မလား
ကျောခိုင်းသွားပါ။
ချောင်းရိုးမှာ ဗေဒါမျောသလိုပေါ့
နှောင်းမိုးတွေ ဘယ်လောက်ကြမ်းကြမ်း
ဒီခရီးလမ်း မင်းမပါပဲထွက်တော့မယ်
(မကဗျာ ရေ)
ရင် ခတ် အ လွ မ်း ။ ။

( ၉၅ လောက်တုန်းက သူငယ်ချင်း
တစ်ယောက်အတွက်ရေးပေးခဲ့တဲ့
ကဗျာလေးပါ။
အဲဒီ့သူငယ်ချင်းအကြောင်းဝတ္ထုရေး
ထားတဲ့အထဲမှာ ဒီကဗျာလေးတွေ့
တာနဲ့. .....)

ဒီ နေ
၁၉၉၅.....
2-5-2014

May 19, 2014

မမှီလိုက်တဲ့ ရထား

ထွက်ခွာသွားပြီ ဆိုမှ...
လက်ပြရုံသက်သက်ပဲ ရှိတော့တာပါ
ခြောက်ပစ်မကင်းတာချင်းအတူတူ
ဒီကမ်းခြေကို...
ဘယ်လှိုင်း မှ လာမပုတ်ခဲ့ဘူး။

အလွမ်းဇာတ်ဆို ငို မယ်
အသောဇာတ်ဆို ရယ် မယ်
ဒါပဲ
ဒီလောက်ဆိုရင်ပဲ
ဒီဇာတ်စင်ပေါ်တက်လို့ရပြီ ။

ကိုယ့် ထိုင်ခုံ ကိုယ်ထိုင်
ကိုယ့် ရဟတ် ကိုယ်လှည့်
ကိုယ့် ဖဲ ကိုယ်ချိုး
ကိုယ့် မိုး ကို ကိုယ်တိုင်ရွာပစ်ခဲ့
ဘယ်သူမှ
ဇာတ်ညွှန်းကိုကြိုဖတ်ခွင့်မရကြရှာ။

ကောင်မလေး....ရေ
ကမ္ဘာကြီးလည်နေသရွေ့
ရပ်,နေတယ်လို့ မပြောလိုက်ပါနဲ့ ။

ရထား ထွက်သွားပြီးတဲ့....နောက်
အဲ့ဒီ့ နေ့ကလေ
အဲ့ဒီ့ မိုးတွေ
သည်းသည်းထန်ထန်ရွာခဲ့တယ်....
မဟုတ်လား ။ ။

ဒီ နေ
13-5-2014