May 30, 2014

ရ င် ခ တ် အ လွ မ်း

အထာမနပ် လို့
အဝါကဒ်ထိခဲ့သူပါ....မကဗျာ
တစ်ခါသတ်တိုင်း
အခါခါသေစေတော့ရယ် လို့
ဆုတောင်းခဲ့တာ..
တစ်သက်မှာ တစ်ခါချစ်ပေမယ့်
တစ်ခက်မှာ တစ်ညှာပွင့်သော်လည်း
တစ်ဘဝစာ ဒီမှာထားခဲ့မလား
ကျောခိုင်းသွားပါ။
ချောင်းရိုးမှာ ဗေဒါမျောသလိုပေါ့
နှောင်းမိုးတွေ ဘယ်လောက်ကြမ်းကြမ်း
ဒီခရီးလမ်း မင်းမပါပဲထွက်တော့မယ်
(မကဗျာ ရေ)
ရင် ခတ် အ လွ မ်း ။ ။

( ၉၅ လောက်တုန်းက သူငယ်ချင်း
တစ်ယောက်အတွက်ရေးပေးခဲ့တဲ့
ကဗျာလေးပါ။
အဲဒီ့သူငယ်ချင်းအကြောင်းဝတ္ထုရေး
ထားတဲ့အထဲမှာ ဒီကဗျာလေးတွေ့
တာနဲ့. .....)

ဒီ နေ
၁၉၉၅.....
2-5-2014

May 19, 2014

မမှီလိုက်တဲ့ ရထား

ထွက်ခွာသွားပြီ ဆိုမှ...
လက်ပြရုံသက်သက်ပဲ ရှိတော့တာပါ
ခြောက်ပစ်မကင်းတာချင်းအတူတူ
ဒီကမ်းခြေကို...
ဘယ်လှိုင်း မှ လာမပုတ်ခဲ့ဘူး။

အလွမ်းဇာတ်ဆို ငို မယ်
အသောဇာတ်ဆို ရယ် မယ်
ဒါပဲ
ဒီလောက်ဆိုရင်ပဲ
ဒီဇာတ်စင်ပေါ်တက်လို့ရပြီ ။

ကိုယ့် ထိုင်ခုံ ကိုယ်ထိုင်
ကိုယ့် ရဟတ် ကိုယ်လှည့်
ကိုယ့် ဖဲ ကိုယ်ချိုး
ကိုယ့် မိုး ကို ကိုယ်တိုင်ရွာပစ်ခဲ့
ဘယ်သူမှ
ဇာတ်ညွှန်းကိုကြိုဖတ်ခွင့်မရကြရှာ။

ကောင်မလေး....ရေ
ကမ္ဘာကြီးလည်နေသရွေ့
ရပ်,နေတယ်လို့ မပြောလိုက်ပါနဲ့ ။

ရထား ထွက်သွားပြီးတဲ့....နောက်
အဲ့ဒီ့ နေ့ကလေ
အဲ့ဒီ့ မိုးတွေ
သည်းသည်းထန်ထန်ရွာခဲ့တယ်....
မဟုတ်လား ။ ။

ဒီ နေ
13-5-2014