Mar 26, 2013

ညက ညကို စောင့်ကြည့်တဲ့ ညမှာ
ညက ညကို လာနွယ်တယ်
ကြည့်စမ်းပါဦး ......
လမင်းကြီး ဝင်းပနေလိုက်တာ
လရောင်တွေ ရွှမ်းစိုနေလိုက်တာ
သွားစမ်းပါ .....
ညဟာ ညအတိုင်း ရှိဖို့ .....
ညက သေချာရဲ့လား .....
... ခုလား ခဏကြာမှ လား....
မဲနယ်အိုးထဲ ကျသွားတဲ့ အဖြူစက် တစ်စက်လို 

အဘယ်ကဲ့သို့သော တရားက အဲ့ဒီရင်ဘက်ထဲ ရောက်နိုင်ဦး မလဲ
ခင်ဗျား အတွက် လွယ်ကူရာလွယ်ကူကြောင်းအတွင်း အဇ္ဇျတ္တ ကိုယ်စီမှာ
စနက်တံ ကိုယ်စီ တပ်ပေးပြီးသား
မတို့မှီကတည်းက လှောင်မြိုက်ပြီးသား
မဖျက်ခင်ကတည်းက ပျက်သုန်း ပြီးသား
ပိုးဖလံ မျိုးမို့ မီးကိုတိုးတာ မဆန်းပေမယ့်
သုဿန် တစ်စပြင်ဖြစ်မှ အရှင်သခင် လုပ်ခွင့်ရမှာ ဆန်းတယ်
ဘယ် စကားလုံး အရိုင်းတွေနဲ့ ပစ်ပေါက်ပြီး
ဘယ်သို့သော တရားတွေနဲ့ မျက်ကွယ်ပြုရမလဲ
ခုတော့
ညက ညကို အထိတ်တလန့် စောင့်ကြည့်လို့
ညက ညအတိုင်း မနေဝံ့ပဲ
လူကို လာနွယ် နေတယ်။

မှူးဆက်ပိုင်

Mar 17, 2013

ပြင်ဦးလွင်အလွမ်း

တောင်တက်လမ်းမြွေလိမ်မြွေကောက်
ချောက်ကမ်းပါးနဲ့မြူခိုးဝေရှုခင်း
ထင်းရူး၊ချယ်ရီ နဲ့ စိမ်ပန်းပြာ
ဆွယ်တာထူထူဝတ်ထားရတဲ့ အအေးဓာတ်
အဲဒါတွေပေါင်းစပ်လိုက်ရင်
မထင်မှတ်ဘဲ ဝိုင်တစ်အိုးဖြစ်သွားတယ်။
တောင်ပေါ်မြို့လေးကိုယ်တိုင်
အဲဒီဝိုင် တမြမြ
ရီဝေေ၀ စကားတဖွဖွနဲ့
ဧည့်စိမ်းကို ပေးသောက်လို့….
နှစ်မြို့ပြီဆိုမှ
နှစ်မချို့တဲ့ အကြောင်းပြချက်နဲ့
ဝိုင်းအိုးကို ဝှက်ထားလိုက်တော့တာ။ ။

 ရိုးကိုလေး

Mar 16, 2013

ခို

တမာတွေဖူးပြီနော်
ညည သီချင်းဆိုညဉ်းတာ အစ်ကိုလားတဲ့။
သူငယ်ချင်တွေက တအားစတယ်
ငွေတောင်နားက ခိုတွေလိုပဲတဲ့
     သိပ်ညဉ်းတာပဲနော့
     စားမေးပွဲနီးမှ စာကူးပြင်(ချင်)။


မင်းစစ်အိမ် 
(ခိုတွေက ညဉ်းတတ်တယ်လို့ ဆိုတာပဲ)

Mar 15, 2013

---------------------------

“အထီးကျန်တာလေးကို ခဏပေါင်ထားပါရစေ
   ကျွန်တော်ချစ်သူလာရွေးမှာပါဗျာ”
      စိတ္တညတွေ ထည်လဲတွဲနေရပေမယ့်……..
      ချစ်သူမနက်ခင်း လက်လေးကနွေးမှာပါ…။
           “ချစ်တယ်”လို့ မပြောခဲ့ပေမယ့်………….
           “စောင့်ပါ”လို့ မပြောခဲ့ပေမယ့်………….
မျှော်လင့်ချက်မဲ့တဲ့ကောင်းကင်ပေါ်က
ကြယ်ကြွေလေးတစ်ဖဲ့ ကျလာရင်ကိုပဲ
အဲဒါ…..........ကျွန်တော်ချစ်သူပေါ့………………။
            ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်ခဲ့တုန်းက…….။
            နီရိုးဘုရင် တယောထိုးမပျက်ခဲ့ဘူးတဲ့။
            ကျွန်တော်ရင်တစ်ခွင်လုံး…..
            မီးဟုန်းဟုန်းတောက်မဆုံးလည်း
           ဂစ်တာတီးတာ…..ကျွန်တော်မပျက်ခဲ့ဘူး။
ချစ်သူလာရင်တော့……
သူကြောင့် ရေးထားတဲ့…
အသည်းကွဲသီချင်းတွေ သက်သေရှိမယ်လေ။
ချစ်သူပြောခဲ့တယ်………….
 “အသည်းကွဲသူများ ပြည့်နှက်နေသော ကမ္ဘာ” တဲ့
 “ဖူးစာဆိုတာ………….. ဦးရာလူ” တဲ့
             ဘာပဲဖြစ်ဖြစ်……
            ပြေးရင်း ၊ လွှားရင်း ပါပဲလေ….
            ပထမ,မရလည်း……
           (ကြိုဆိုမယ့်သူမရှိလည်း)
            ပန်းဝင်ချင်ပါသေးတယ် ချစ်သူရယ်……..။

                                                                             ကျော်ဇောလွင်
 ၁၃-၈-၂၀၀၂
(ကဗျာခေါင်းစဉ်ကို ချစ်သူကပေးပါလိမ့်မယ်…………..)