Apr 23, 2013

အခန်း

တစ်ယောက်တည်း စိတ်ကူးရတာ
အမှောင်ထဲ အောင်းနေတဲ့ ကြွက်လိုပဲ
အလင်းရောင်မြင်ရရင် ကြောက်နေမိတယ်။
လေထဲမှာ ကြိုးတွေရှုပ်နေတဲ့ ပင့်ကူအတိုင်း
နှလုံးသားဟာ အမျှင်တန်းလန်းနဲ့ နောက်ဆံတငင်ငင်
နံရံပေါ်က ဆေးသားစွန်းကွက် အဖေ့ဓာတ်ပုံနဲ့
စာရွက်လွတ်ပေါ်က ကဗျာတစ်ပုဒ်ဟာ
အခန်းထဲ လင်းနေတဲ့ မေတ္တာတရား။
ကြမ်းပြင်ပေါ် ပျံ့နေသော ဖုန်များ
မှိုစော်စွဲနေသော အင်္ကျ ီများ
အသံမြည်နေတဲ့ တံခါးရွက်များ
ထိုအရာများ …….အနုပညာများလို
သေမှ ကမ္ဘာကျော်မှာလား……။
အချစ်ရေ…..
ပြက္ဒဒိန်အသစ်နဲ့ လေဝင်လေထွက်
အသက်ရူကြပ်နေတဲ့ တိုင်ကပ်နာရီ
ပျင်းရိငြီငွေ့မှုဟာ အပေါက်ရှာမတွေ့ဘူးထင်ရဲ့
အခန်းထဲ မီးခိုးလို အူနေတယ်။

နေပန်ဦး
Heart Magazine,ဇွန်လ ၂၀၀၄